အောက်တိုဘာ-၂၄၊ ၂၀၂၆။ ကတ်သရင်း/People’s Spring
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မလယ်တိုက်နယ်က ထန်းတောကျေးရွာနဲ့ ချောင်းသာရွာတို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၅ဦး သေဆုံးပြီး ၄ဦး အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၂၃ ရက် မနေ့က ညနေ ၆နာရီခွဲမှာ မိတ္ထီလာရှမ်းတဲလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဗုံးကြဲခံရမှုမှာ ထန်းတောရွာက အသက် ၄၆နှစ်အရွယ် ဒေါ်ပြား၊ အသက် ၄၀ အရွယ် ကိုကျော်ဝင်းအောင်နဲ့ ဇနီးဖြစ်သူ အသက် ၃၂နှစ်အရွယ် မသူဇာဝင်း၊ အသက် ၃၀အရွယ် ကိုထက်လင်းအောင်နဲ့ အသက်၂၆နှစ်အရွယ် ကိုစည်တို့ ပွဲချင်းပြီး သေဆုံးခဲ့တာလို့ သိရပါတယ်။

Public Service Announcement
ကိုစည်က ဒေါ်ပြားရဲ သားဖြစ်ပြီး သားအမိနှစ်ယောက် သေဆုံးခဲ့ကာ ကိုထက်လင်းအောင်နဲ့ မသူဇာဝင်းတို့ကလည်း မောင်နှမ တော်စပ်တယ်လို့ သိရပါတယ်။
“တောတိုက်(နေအိမ်) ပေါ်တည့်တည့် ကျသွားတာပါ ၊ဘာတိုက်ပွဲမှာမရှိဘူး ၊သေဆုံးသူတွေက မိသားစုတွေ၊ အမေကြီးကအသက် ၄၀ ကျော်၊ ကျန်တဲ့သူတွေက ၂၀ ကျော်လေးတွေလည်းပါတယ်” လို့ ဒေသခံ တစ်ဦးကပြောပါတယ်။
နောက်ထပ်အမျိုးသမီး ၄ ဦးလည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒီနေရာက တိုက်ပွဲနဲ့လည်း မနီးစပ်ပါဘူး။ စစ်ရေးလှုပ်ရှားတာမျိုးလည်း မရှိဘဲ စစ်တပ်က လေကြောင်းတိုက်သွားတာပါ။ ထန်းတောကိုကျ ဒီကောင်တွေက အငြှိုးတကြီးလုပ်တယ်ဗျ။ လေကြောင်းလည်းကြဲတယ်။ ရွာလည်း မကြာဏ ဝင်စီးတယ်။ ဘာစစ်ရေးလှုပ်ရှားမှုမှမရှိထားဘူး”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
အဲဒီနောက် စစ်တပ်ဟာ ချောင်းသာရွာကို မကွေးလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နွားနှစ်ကောင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်က ပြည်သူတွေကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး စက်တင်ဘာ ၂၈ ရက်ကလည်း ကန့်ဘလူမြို့နယ် အင်းလယ်ကြီးရွာ လေကြောင်းတိုက်ခံရကာ ကလေးငယ်တွေအပါအဝင် စုစုပေါင်းပြည်သူ ၄ဦး သေဆုံးခဲ့ပါတယ်။

















































