ဇူလိုင် ၂၉၊ ၂၀၂၆။မေရီ၊ဇော်ရမ်း/People’s Spring
မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။
ဒီကနေ့ ဇူလိုင် ၂၉ ရက်၊ မြန်မာစံတော်ချိန် ည ၈ နာရီ ၃၃ မိနစ်ခန့်က ပုသိမ်ကြီးမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၆ အဆင့်နဲ့ အင်အားအတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တာဖြစ်ကြောင်း အထက်ပါဌာနက အသိပေးပါတယ်။
အဆိုပါ ငလျင်ကို မန္တလေး၊ အမရပူရ၊ စစ်ကိုင်းနဲ့ တံတားဦးမြို့နယ်တွေမှာ သိသိသာသာ လှုပ်ခတ်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement
“အထက်အောက်ကြီး လှုပ်သွားတာ။ အချိန်နည်းနည်းသာကြာသွားရင် အရင်လိုပြန်ဖြစ်ပြီတောင်ထင်တာ”လို့ မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ဒလှိမ့်ခေါက်ကွေးပြုတ်ကျတော့မတတ် လှုပ်တာ။ကြမ်းလွန်းတယ်”လို့ မန္တလေးမြို့ခံတဦးကပြောပါတယ်။
ငလျင်ဟာ ပြင်ဦးလွင်မြို့မှာလည်း သိသာစွာခံစားလိုက်ရတယ်လို့ မြို့ခံအချို့က ပြောပါတယ်။
အဆိုပါငလျင်ကို စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းက မြို့တွေအထိ ခံစားလိုက်ရတယ်လို့ သိရပါတယ်။
ငလျင်ဟာ သိသိသာသာလှုပ်ခတ်သွားခဲ့တာကြောင့် ပျက်စီးထိခိုက်မှုရှိ၊မရှိ စုံစမ်းနေကြောင်း မန္တလေးမြို့က လူမှုကူညီရေးအသင်းတချို့က အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လ၁၇ရက်မနက်ကလည်း မန္တလေးတိုင်း၊ ရွှေဘိုမြို့မှာလှုပ်သွားတဲ့ ရစ်ခ်တာစကေး ၅ဒဿမ၂အဆင့်ငလျင်ကြောင့် စစ်ကိုင်းတိုင်းအပြင်မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အထိ သိသာတဲ့ ငလျင်လှုပ်ရှားခဲ့ပါတယ်။
















































