ဇူလိုင်-၃၀၊၂၀၂၆။People’s Spring
အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှု မစ်ရှင်တစ်ခု သွားရောက်မယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။
ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်တဲ့ အထူးကိုယ်စားလှယ် ထရေဆာ လာဇာရိုက အာဆီယံရဲ့ ဒဿမ အကြိမ်မြောက် မီဒီယာဖိုရမ် အပြီးမှာ အခုလို ကြေညာခဲ့တာ ဖြစ်ပါတယ်။အဲဒီဖိုရမ်မှာတော့အာဆီယံအဖွဲ့ဝင် နိုင်ငံတွေရဲ့ သတင်းထောက်တွေဟာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ အာဆီယံက စေလွှတ်တဲ့ ကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့ပါတယ်။
ဖိလစ်ပိုင်ကအာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူနေတဲ့လက်ရှိကာလဟာ ကိုင်တွယ်ရခက်တဲ့အရေးကိစ္စတွေအများဆုံး ကြုံရတဲ့ နှစ်တစ်နှစ်လည်း ဖြစ်တယ်လို့ လာဇာရိုက ဆိုပါတယ်။

Public Service Announcement
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ပဋိပက္ခ၊ အရှေ့အလယ်ပိုင်း စစ်ရေး ပဋိပက္ခ၊ တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှု ပြဿနာ၊ မြန်မာ့ ပြည်တွင်းရေး အကျပ်အတည်း အားလုံးဟာ အာဆီယံ ဒေသအပေါ် ရိုက်ခတ်မှုရှိပြီး အချိန်နဲ့အမျှ မြန်မြန်ဆန်ဆန် ပြောင်းလဲနေတဲ့ ကိစ္စတွေ ဖြစ်ကြောင်း သူက ပြောပါတယ်။
ဇူလိုင် ၁၂ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ အာဏာသိမ်းစစ်တပ် ခန့်အပ်တဲ့ နိုင်ငံခြားရေးဝန်ကြီးတင်မောင်ဆွေနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အလွတ်သဘော ဆွေးနွေးပြီး သူကိုယ်တိုင် တက်ရောက်ခဲ့တဲ့ အစည်းအဝေးအကြောင်း စကားဆက်စပ်ရင်း လာဇာရိုကအခုနှစ်ရဲ့နောက်ဆုံးသုံးလအတွင်း မြန်မာနိုင်ငံကို သွားရောက်မယ်လို့ အတည်ပြုခဲ့တာပါ။
မြန်မာနိုင်ငံ ခရီးစဉ်မှာ ဘယ်သူတွေနဲ့ တွေ့ဆုံဖို့ မျှော်လင့်သလဲ ဆိုတာမျိုးကိုတော့ လာဇာရိုကထုတ်မပြောခဲ့ပါဘူး။လောလောဆယ် လိုအပ်တဲ့အသေးစိတ်အစီအစဉ်တွေကို ရန်ကုန်မှာရှိတဲ့ ဖိလစ်ပိုင်သံရုံးကညှိနှိုင်း ရေးဆွဲနေဆဲလို့သူကမှတ်ချက်ပေးခဲ့ပါတယ်။
အာဆီယံအထူးကိုယ်စားလှယ်ဆိုတဲ့ ရာထူးနဲ့ လုပ်ပိုင်ခွင့်မှာ သူ့အနေနဲ့ မြန်မာအပေါ်ကို တောင်းဆိုတာတွေကနေရှောင်ရှားဖို့၊ သတိထား အလုပ်လုပ်ဖို့ လိုတယ်လို့လည်း လာဇာရိုက ပြောပါတယ်။ ဒါပေမဲ့ စစ်တပ်က ဖမ်းဆီး ထိန်းသိမ်းထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့သာသူ့အနေနဲ့တွေ့ခွင့်ရမယ်ဆိုရင်အာဆီယံအတွက်ကြီးမားတဲ့ တိုးတက်ပြောင်းလဲမှု တစ်ခုလို့ ယူဆနိုင်လိမ့်မယ်လို့ လာဇာရိုက သုံးသပ်သွားခဲ့ပါတယ်။
ကိုးကား-Bangkok Post


















































