■တောင်ကြီးမှာ စစ်ရှောင်ပြည်သူတွေနဲ့ တွေ့ဆုံပြီး ကြံ့ကြံ့ခံရပ်တည်မှုကိုအသိအမှတ်ပြုကြောင်းပြော
■ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့အာဆီယံအထူးကိုယ်စားလှယ်တွေ့ခွင့်မပေး
အောက်တိုဘာ-၂၉၊၂၀၂၆။People’s Spring
အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ သုံးရက်တာမြန်မာနိုင်ငံခရီးစဥ်မှာ စစ်ရှောင် မိသားစု ၁၁၀၀၀ ဝန်းကျင်အတွက် လူသားချင်း စာနာမှု အကူအညီတွေ ဖြန့်ဝေမှု အစီအစဉ်ကို အစပြုပေးခဲ့ပါတယ်။

Public Service Announcement
ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်တဲ့ ထရီဆာ လာဇာရိုဟာ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်းမှာရှိတဲ့ စစ်ရှောင်ပြည်သူတွေကို လာမယ့် တစ်လတာအတွင်း ထောက်ပံ့ရေး ပစ္စည်းတွေ ဝေငှသွားမယ့်အစီအစဉ်အတွက်မြန်မာနိုင်ငံကို အောက်တိုဘာ ၂၈ ရက်နေ့မှာ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
အရင်က အာဆီယံ အနေနဲ့ လူသားချင်း စာနာမှု အကူအညီတွေ ပေးပို့နိုင်ခြင်းမရှိခဲ့တဲ့ ဒေသတွေဆီ အထောက်အပံ့တွေ ပို့ဆောင်ရေးကို ဦးစားပေး လုပ်ဆောင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ဆိုပါတယ်။
လာဇာရိုရဲ့ လူသားချင်း စာနာမှု အကူအညီပေးရေး ခရီးစဉ်အတွက် အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေနဲ့ ဂျပန်ရဲ့ သံတမန်ရေး အရာရှိတွေလည်း အတူလိုက်ပါလာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာပြည်တွင်းပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့စစ်ရှောင်မိသားစု ၁၁,၀၀၀ ဝန်းကျင်အတွက် ဆန်အိတ်တွေ၊ အိမ်သုံးပစ္စည်းတွေ၊ တစ်ကိုယ်ရေ သန့်ရှင်းရေး ပစ္စည်းတွေကို အဲဒီ ကိုယ်စားလှယ် အဖွဲ့က ဖြန့်ဝေပေးခဲ့ပါတယ်။ ပြီးတော့ စစ်ရှောင်တွေရဲ့ လူနေမှု အခြေအနေတွေကိုလည်း သွားရောက် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
အခုခရီးစဉ်ကနေပြီး နောက်ထပ်လည်း လူအများအပြားဆီကို အကူအညီတွေ ပိုမိုရောက်ရှိနိုင်အောင် အရှိန်မြှင့် ဆောင်ရွက်သွားနိုင်ဖို့ မျှော်လင့်ကြောင်း လာဇာရိုက ဆိုပါတယ်။
စစ်ဘေးရှောင်တွေနဲ့ တွေ့ဖို့ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ကိုရောက်ရှိလာတဲ့လာဇာရိုက ရှမ်းပြည်နယ်တောင်ပိုင်းကစစ်ရှောင်ပြည်သူတွေနဲ့တွေ့ဆုံစဥ် ကြံ့ကြံ့ခံ ရပ်တည်မှုကို အသိအမှတ်ပြုကြောင်း၊ ပြည်သူလူထုနဲ့အတူ ရပ်တည်သွားမယ်ဆိုတဲ့ အာဆီယံရဲ့ ကတိကဝတ်ကို ထပ်လောင်း အတည်ပြုလိုကြောင်း၊ မြန်မာ့ နိုင်ငံရေးအကျပ်အတည်းကို ကူညီ ဖြေရှင်းပေးဖို့ အာဆီယံနဲ့ မိတ်ဖက် နိုင်ငံတွေက ဆက်လက် အားထုတ်နေမှာဖြစ်ကြောင်း ဆိုပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေနဲ့ တွေ့ဆုံဖို့ဆိုပြီး တိုက်ပွဲမဖြစ်တဲ့ တောင်ကြီးမြို့ကိုလာပြီး စစ်ဘေးရှောင်ပြည်သူတွေနဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့အပေါ် မြန်မာပြည်သူတွေကတော့ မေးခွန်းထုတ်ကြပါတယ် ။ လတ်တလော စစ်ဘေးရှောင်ပြည်သူတွေဟာတိုက်ပွဲတွေပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း ၊ရခိုင်ပြည်နယ်၊ကရင်နီပြည် ၊မကွေးတိုင်း ၊ကရင်ပြည် ၊ကချင်ပြည်နယ် ၊ချင်းပြည်နယ် စတဲ့ဒေသတွေမှာ အများဆုံးရှိနေတာဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို မြန်မာကပဲ ဦးဆောင်တဲ့ ဖြေရှင်းမှုမျိုး ရှာတွေ့ဖို့ အာဆီယံက လိုလားကြောင်း၊ အကူအညီတွေ ပေးပို့မှုကလည်း ဒေသအသီးသီးက လူမှုအသိုက်အဝန်းတွေ အားလုံး ကျန်မနေတာ သေချာစေဖို့ ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း လာဇာရိုက ပြောကြားသွားပါတယ်။
ဒါအပြင် နေပြည်တော်မှာ အရေးကြီးတဲ့ပုဂ္ဂိုလ်တွေနဲ့တွေ့ဆုံဖို့ စစ်ကောင်စီကခွင့်ပြုဖို့မျှော်လင့်ကြောင်း သူမက ဖမ်းဆီးခံနေရတဲ့လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့မျှော်လင့်ကြောင်းကို ဖီလစ်ပိုင်သတင်းဌာန Bilyonaryo News Channelကိုပြောခဲ့ပါတယ် ။ အောက်တိုဘာ ၂၉ ရက်မှာ အာဆီယံအထူးကိုယ်စားလှယ်ဟာနေပြည်တော်ကိုသွားခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ရဘူးလို့ သတင်းရရှိပါတယ် ။ သူမရဲ့ ခရီးစဥ်ဟာ အောက်တိုဘာ ၃၀ မှာပြီးဆုံးမှာဖြစ်ပါတယ်။
ကိုးကား: Bilyonaryo News Channel





















































