အောက်တိုဘာ-၁၁၊၂၀၂၆။People’s Spring
အာဏာသိမ်းမြန်မာစစ်ဗိုလ်ချုပ်တွေကို ဆွေးနွေးပွဲ စားပွဲဝိုင်းဆီ ခေါ်လာဖို့ အားထုတ်မှုမှာ တိုးတက်မှုတချို့ ရရှိခဲ့တယ်လို့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားသူ ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာကပြောကြားခဲ့ပါတယ်။
စစ်အာဏာသိမ်းမှုအပြီး ၆ နှစ်နီးပါးကြာမြင့်လာတဲ့မြန်မာ့နိုင်ငံရေးအကျပ်အတည်းတွေကိုအာဆီယံကကူညီဖြေရှင်းပေးနိုင်စွမ်းကင်းမဲ့နေတဲ့အပေါ် ဝေဖန်မှုတွေ မြင့်တက်နေချိန်မှာ မားကို့စ်ကအခုလိုမှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။
အောက်တိုဘာ ၈ ရက်နေ့တုန်းက Straits Times သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ ဖိလစ်ပိုင်ဟာ မြန်မာနဲ့ ပတ်သက်လို့ အာဆီယံရဲ့ ချဉ်းကပ်ပုံ နည်းလမ်းတွေကို ပြန်လည် ပြင်ဆင်သုံးသပ်ဖို့ ကြိုးစားခဲ့တယ်လို့လည်း ပြောကြားသွားပါတယ်။

Public Service Announcement
တစ်ဖက်မှာတော့ မြန်မာ့အရေး ကူညီဖြေရှင်းဖို့ ရည်ရွယ်ပြီး အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေကြားမှာ ညှိနှိုင်းလက်ခံထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကတော့ တိုးတက်မှုတွေ ဘာမှဖြစ်ပေါ်မလာလို့ အတော်လေး ဝေဖန်ခံနေရပါတယ်။ အဲဒီ သဘောတူညီချက်တွေထဲမှာတော့ မြန်မာနိုင်ငံမှာ ရန်လို တိုက်ခိုက်မှုတွေ ရပ်တန့်ရေး၊ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ လူသားချင်းစာနာမှု အကူအညီတွေ ထိထိရောက်ရောက် ပေးပို့နိုင်ရေး ဆိုတာတွေ ပါဝင်ပါတယ်။အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က သူပထမဆုံးတက်ခွင့်ရတဲ့ အာဆီယံထပ်သီးအစည်းအဝေးမှာ ဘုံသဘောတူညီချက် ၅ ရပ်ကို သဘောတူခဲ့ပေမယ့် အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တာပါ။
မားကို့စ်ကဘုံသဘောတူညီမှု၅ချက်ဟာ လုံးဝဥဿုံ မှန်ကန်ပေမယ့် အလုပ်တော့ မဖြစ်ခဲ့ဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဒါကြောင့်လည်း မေလတုန်းက ဆီဘူမြို့မှာ ပြုလုပ်ခဲ့တဲ့ အာဆီယံ ထိပ်သီး ညီလာခံမှာ သူက မြန်မာနဲ့ ပတ်သက်ပြီး ချဉ်းကပ်မှု အသစ်တစ်ခု ဖော်ဆောင်ဖို့ အကြံပြုခဲ့တာ ဖြစ်တယ်လို့ မားကို့စ်က ဆိုပါတယ်။
ဘာမှ ထူးထူးခြားခြားဖြစ်မလာတဲ့အခါ အာဆီယံ အနေနဲ့ တစ်ခုခု လုပ်ဖို့ လိုကြောင်း၊ နောက်ပြီး မလေးရှားနဲ့ ကမ္ဘောဒီးယားတို့ဆီ အာဏာသိမ်း မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သွားရောက်လည်ပတ်တဲ့ သတင်းတွေကိုမြင်ရကြားရတဲ့အခါကျေနပ်မိကြောင်း၊ဒါဟာအရင်ကလုံးဝမဖြစ်ခဲ့ဖူးတာတွေရဲ့ အစပျိုးမှု တစ်ခုလို့ ဆိုနိုင်ကြောင်း သူက ဆိုပါတယ်။
အာဆီယံရဲ့အဖွဲ့ဝင် နိုင်ငံတွေကြား ပြည်တွင်းရေး ဝင်မစွက်ရမူကြောင့် မြန်မာ့အရေး ကူညီဖြေရှင်းရာမှာ အကန့်အသတ်တွေ အများကြီး ကြုံခဲ့ရတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုတော့ မားကို့စ်က ငြင်းဆိုသွားပါတယ်။
အာဆီယံ နိုင်ငံတွေနဲ့ မြန်မာကြားက ဆက်ဆံရေးမှာ အပြောင်းအလဲတွေ ရှိလာတာနဲ့ ပတ်သက်လို့တော့ မားကို့စ်က ကိစ္စတိုင်းဟာ အကြောင်းအရာ ခပ်သေးသေးနဲ့ အစပြုလေ့ရှိပြီး ကျယ်ပြန့်ကြီးထွားလာ၊ ပိုမို အရေးပါလာကြတာဖြစ်ကြောင်း၊ အဲဒီလို အခြေအနေမျိုးတွေ မြင်လာရဖို့ မျှော်လင့်ကြောင်း ဖိလစ်ပိုင် သမ္မတက ပြောကြားသွားပါတယ်။
ကိုးကား-Straits Times



















































