ဇူလိုင်-၃၁၊၂၀၂၆။နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ်က အာရှလမ်းပိုင်းတိုက်ပွဲနဲ့ ကော့ကရိတ်မြို့တိုက်ပွဲတွေမှာ ဦးဆောင်ကွပ်ကဲခဲ့ပြီး တောင်ပိုင်းတိုင်းအမှတ်(၃၁)ဗျူဟာမှူးအဖြစ် တာဝန်ယူခဲ့သူ ဗိုလ်မှူးချုပ် စောကျော်သက်ဟာ အင်အား ၃၅၀ခန့်နဲ့အတူ စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)နဲ့ ပြန်ပူးပေါင်းသွားပါတယ်။
DKBA အဖွဲ့ရဲ့ ယခင် ကလို့ထူးဝါး စစ်ကွပ်ကဲရေးမှာ စစ်ကွပ်ကဲရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးချုပ်စောသက်အပါအဝင် တပ်ဖွဲ့ဝင် အင်အား ၃၅၀ ခန့်ဟာ အဖွဲ့အစည်းနဲ့ ပြန်လည်ပေါင်းစည်းတာကို အသိအမှတ်ပြုပြီး ၎င်းကို အမှတ်(၃) စစ်ကွပ်ကဲရေးရဲ့ ကွပ်ကဲရေးမှူး တာဝန်ပေးအပ်လိုက်ကြောင်း DKBA က ဒီကနေ့ ထုတ်ပြန်ပါတယ်။
DKBA က စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ကိုတိုက်ခိုက်တာမရှိပဲ နေပြည်တော်မှာစစ်အုပ်စုနဲ့ မကြာခဏဆွေးနွေးတဲ့ အဖွဲ့ဖြစ်သလို မြန်မာ-ထိုင်းနယ်စပ်ကျားဖြန့်လုပ်ငန်းတွေနဲ့ဆက်စပ်ပတ်သတ်မှုကြောင့် အမေရီကန် ၊ဥရောပသမဂ္ဂတို့က အဖွဲ့ကိုရောခေါင်းဆောင်တွေကိုပါ ပိတ်ဆို့အရေးယူဒဏ်ခတ်ထားတဲ့အဖွဲ့ဖြစ်ပါတယ်။

Public Service Announcement
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်က ကော့ကရိတ်ဒေသတိုက်ပွဲတွေအတွင်း ဦးစီးကွပ်ကဲဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)/MOD နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)တို့က ဗိုလ်မှူးချုပ် စောကျော်သက်ကိုတောင်ပိုင်းတိုင်းအမှတ်(၃၁)ဗျူဟာမှူး အဖြစ် တာဝန်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
(၃၁)ဗျူဟာအောက်မှာ ကျားဖြူစစ်ကြောင်းအပါအဝင် တော်လှန်ရေးတပ်အချို့ ရှိပါတယ်။ ၂၀၂၄၊ ၂၀၂၅ ခုနှစ်အတွင်းမှာ ကော့ကရိတ်မြို့သိမ်းတိုက်ပွဲတွေနဲ့ အာရှလမ်းပိုင်းက စစ်တပ်ရဲ့ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်ရာမှာ ဗိုလ်မှူးချုပ်စောသက်လည်း ပါဝင်ခဲ့ပါတယ်။
စောကျော်သက်ဟာ ၂၀၂၅ က ဖြစ်ပွားခဲ့တဲ့ ကော့ကရိတ်မြောက်ပိုင်း တိုက်ပွဲကာလမှာ DKBA ဗဟိုဌာနချုပ်ရဲ့ အမိန့်ကို မနာခံတာကြောင့် စောကျော်သက်၊ စောဆန်းအောင်၊ ဗိုလ်ဘိတို့ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေဟာ ဗိုလ်ချုပ်စောလားပွယ်ဦးဆောင်တဲ့ DKBA တပ်ဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။
ထုတ်ပယ်ခံရတဲ့ စောကျော်သက်၊ စောဆန်းအောင်၊ ဗိုလ်ဘိတို့အဖွဲ့ဟာ နောက်ပိုင်းမှာတော့ ခွဲထွက် DKBA အဖွဲ့အဖြစ်ခံယူခဲ့ကြပါတယ် ။နောက်ပိုင်းမှာ စောဆန်းအောင်က နောက်ပိုင်းမှာDKBA ဗဟိုကို ပြန်ဝင်ရောက်ပြီး လက်ရှိမှာစစ်ဦးစီးအရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။
ဗိုလ်ဘိကတော့ ကြာအင်းပေါ်တော်မူအခြေစိုက် တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (DKBA) အမည်ခံပြီး စစ်တပ်နဲ့ ပူးပေါင်းကာ လက်ရှိမှာဖလူးဒေသ တိုက်ပွဲတွေမှာ စစ်တပ်ကို ကူပြီး တော်လှန်ရေးတပ်တွေကိုတိုက်နေပါတယ်။
ဖလူးဒေသ တိုက်ပွဲတွေ တစ်လနီးပါးပြင်းပြင်းထန်ထန်ဖြစ်ပြီးမှ DKBAက ဒေသတွင်း စစ်ရေးပဋိပက္ခတွေမှာ DKBA တပ်ဖွဲ့ဝင်မည်သူ တစ်ဦးတစ်ယောက်မှ ပါဝင်ပတ်သက်မှု မရှိဖို့ ဆိုပြီး ဇူလိုင် ၂၉ရက်မှာ ထုတ်ပြန်ပါတယ်။ ပါဝင်ပတ်သက်ရင်ပြင်းထန်စွာ အရေးယူမယ်လို့လည်းDKBAကဆိုပါတယ်။
အဲဒီထုတ်ပြန်ချက်ဟာ ဖလူးလေးအနီးမှာရှိတဲ့ DKBA စစ်ဦးစီးအရာရှိချုပ် စောဆန်းအောင်ရဲ့ ကျားဖြန့်လုပ်တဲ့အဆောက်အအုံကို စစ်တပ်က ဝင်ရောက်စီးနင်းမှုအပြီး ရက်ပိုင်းအတွင်းမှာပဲ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းစစ်အုပ်စုကဇူလိုင်၂၅ ရက်မှာကျောက်ခက်ဒေသရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကွက်တစ်ခုကို နှိမ်နင်းရှင်းလင်းလိုက်ကြောင်းထုတ်ပြန်ရာမှာ KNLA နဲ့ PDFတို့ကို ငွေလိမ် လုပ်ငန်းတွေကို ငွေကြေးရယူကာ အကာအကွယ်ပေးထားတယ်လို့ အခြေအမြစ်မရှိ စွပ်စွဲထားတဲ့ အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း KNUက ဇူလိုင် ၃၁ ရက်မှာထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်အုပ်စု စစ်ကြောင်းတွေက ကျောက်ခက်ဒေသရှိ အွန်လိုင်းငွေလိမ်လောင်းကစားလုပ်ငန်းများကို ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် အမှန်စင်စစ်က အဲဒီနေရာဟာ ကျောက်ခက်နဲ့ မဆက်စပ်ဘဲ ကျောက်ခက်မှ ၃၆ မိုင်ခန့်ကွာဝေးတဲ့ ဖလူးလေးတောင်ကြောရဲ့ အနောက်ဖက်ခြမ်းရှိ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA စစ်ဦးစီးအရာရှိချုပ်က ကြီးကြပ်တဲ့နေရာရှိ ကျားဖြန့်ဝင်းသာ ဖြစ်ကြောင်း KNUကရှင်းလင်းပါတယ်။
အဲဒီနေရာဟာ KK Park နဲ့ ရွှေကုက္ကိုဒေသရှိ ကျားဖြန့်လုပ်ငန်းတွေကနေ ရွှေပြောင်းလာကြတဲ့ ငွေလိမ်လုပ်သားတွေက ခြံဝန်းငယ်များအသွင် ပြောင်းရွှေ့အခြေချ လုပ်ကိုင်နေတာလို့ ဖော်ပြထားပါတယ်။ KK Park နဲ့ ရွှေကုက္ကိုဒေသရှိ ကျားဖြန့်လုပ်ငန်းအဆောက်အအုံတွေကို အာဏာသိမ်းစစ်တပ်က ၂၀၂၅ နှောင်းပိုင်းမှာဟန်ပြ ရှင်းလင်းခဲ့ပြီးတော့ ကျားဖြန့်လုပ်ငန်းတွေက DKBA စစ်ဦးစီးအရာရှိချုပ်က ကြီးကြပ်တဲ့ဖလူးလေးတောင်ကြောဘက်ကို ရွှေ့ပြောင်းလာကြတာလို့ သိရပါတယ်။
KK Park လို ကြီးမားတဲ့ ကျားဖြန့်အဆောက်အအုံတွေကို ဖြိုချပြီးနောက် တရုတ်လူမျိုးအများစုဖြစ်တဲ့ ဒေသခံမဟုတ်တဲ့ ကျားဖြန့်လုပ်သူ နိုင်ငံခြားသားအများအပြားဟာ ထိုင်းနယ်စပ်နဲ့ဝေးတဲ့ အတွင်းပိုင်းနေရာတွေကို အစုလိုက်အပြုံလိုက် ဝင်ရောက်လာခဲ့တာမှာ DKBA နဲ့ BGF ရဲ့ ကာကွယ်ထောက်ပံ့မှုတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့်စစ်အုပ်စုစီးနင်းခဲ့တယ်လို့ ထုတ်ပြန်ထားတဲ့ ကျားဖြန့်နေရာဟာ ရွှေ့ပြောင်းငွေလိမ်လုပ်ငန်း ကွက်သစ်များစွာထဲက တစ်ခုမျှသာ ဖြစ်ပြီး ကျောက်ခက်ဟာ မြဝတီတောင်ဘက် မိုင်(၃၀) ခန့်အကွာ ထိုင်းနိုင်ငံနယ်စပ်နဲ့ ကပ်လျက် ရှိကြောင်း ရှင်းပြပါတယ်။ အဲဒီ ကျောက်ခက်ဟာ DKBAရဲ့ ထိပ်တန်းအရာရှိတစ်ဦးလည်းဖြစ်တဲ့ စီးပွားရေးတာဝန်ခံလည်းဖြစ်တဲ့ ဗိုလ်ချုပ်စိုင်းကျော်လှရဲ့ တိုက်ရိုက် ကြီးကြပ်မှု အောက်မှာရှိနေတာလို့ KNUကအသိပေးပါတယ်။
အဲဒီ ကျောက်ခက်ဒေသဟာ “Tai Chang”အွန်လိုင်းငွေလိမ်ခြံဝင်ကြီးလို့ ဒေသခံပြည်သူအများကြားမှာသာမက နိုင်ငံတကာမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။
KNUအုပ်ချုပ်နယ်မြေမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ အခြားဆက်စပ်တဲ့ ရာဇဝတ်မှုလုပ်ငန်းများကို လုံးဝသည်းခံမှာ မဟုတ်ဘဲ KNU ရဲ့ ရာဇဝတ်ဥပဒေအရ ပြင်းထန်စွာအရေး ယူသွားမယ်လို့ အသိပေးပါတယ်။
ပြည်သူတွေအနေနဲ့လည်း အတင်းအဓမ္မမြေဝယ်ယူမှုများကို သတိထားကြဖို့ သတိပေးထားပြီး လိုအပ်ရင် KNU အုပ်ချုပ်ရေးအာဏာပိုင်များဆီကို အသိပေးတိုင်ကြားဖို့ KNUက သတိပေးထားပါတယ်။
အိမ်နီးချင်းနိုင်ငံတွေ နဲ့ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့လည်း အာဏာသိမ်းရွေးတုစစ်အုပ်စုရဲ့ ဟန်ပြ နှိမ်နှင်းလုပ်ဆောင်ပြသနေမှုများအပေါ် သေချာစီစစ်ကာ ကမ္ဘာလုံးဆိုင်ရာစိုးရိမ်ပူပန်နေကြရတဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုနဲ့ ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းများ အမြစ်ပြတ်ချေမှုန်းတဲ့ လုပ်ငန်းကို အမှန်တကယ် တိုက်ဖျက်နေကြတဲ့ မြေပြင်အဖွဲ့များအားလုံးနဲ့ လက်တွဲကာ ပူးပေါင်းဆောင်ရွက်ဖို့ အလေးအနက် တောင်းဆိုကြောင်း KNU ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

















































