Connect with us

Hi, what are you looking for?

သတင်း

ဥ​ရောပသမဂ္ဂက DKBA နဲ့​အဖွဲ့​ခေါင်း​ဆောင်ငါးဦးကို ကျားဖြန့်ဆက်စပ်လုပ်ငန်း​တွေ​ကြောင့် အ​ရေးယူဒဏ်ခတ်

ဥရောပ သမဂ္ဂ (EU)က ဒီမိုကရေစီအကျိုးပြုကရင်တပ်မ​တော်(DKBA) နဲ့ ​ခေါင်း​ဆောင်ငါးဦး အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းက အဖွဲ့အစည်း ၃ ခုနဲ့ လူပုဂ္ဂိုလ် ၇ ဦးတို့ကို အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ ဆက်စပ်တဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်ပိတ်ဆို့အရေးယူလိုက်ပါတယ်။

(DKBA အဖွဲ့​ခေါင်း​ဆောင်အချို့ )

ဇူလိုင်-၃၁၊၂၀၂၆။People’s Spring

ဥရောပ သမဂ္ဂ (EU)က ဒီမိုကရေစီအကျိုးပြုကရင်တပ်မ​တော်(DKBA) နဲ့ ​ခေါင်း​ဆောင်ငါးဦး အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းက အဖွဲ့အစည်း ၃ ခုနဲ့ လူပုဂ္ဂိုလ် ၇ ဦးတို့ကို အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ ဆက်စပ်တဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်ပိတ်ဆို့အရေးယူလိုက်ပါတယ်။

ကျားဖြန့်လုပ်ငန်းတွေနဲ့ဆက်စပ်တဲ့လူမှောင်ခိုမှု၊ ပြန်ပေးဆွဲမှု၊ နှိပ်စက်မှုနဲ့ တခြား ရက်စက်ကြမ်းကြုတ်မှုတွေ၊လူမဆန်တဲ့ဆက်ဆံမှုတွေ အားလုံးအတွက် အခု ပိတ်ဆို့ အရေးယူမှုကို သတ်မှတ် ကြေညာခဲ့တာလို့ EUက ဇူလိုင် ၃၀ မှာ ထုတ်ပြန်ခဲ့ပါတယ်။

EUက ရည်ညွှန်းတဲ့ လိမ်လည်မှု စင်တာတွေ၊ တစ်နည်းအားဖြင့် ကျားဖြန့် လုပ်ငန်းတွေဟာ ခရစ္စတိုဒစ်ဂျစ်တယ်ငွေကြေး ရင်းနှီးမြှုပ်နှံမှုနဲ့ တခြားငွေကြေးကိစ္စတွေကို ပစ်မှတ်ထားပြီး ရာဇဝတ်မှုကျူးလွန်နေတာဖြစ်တယ်လို့လည်း ပါရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကျားဖြန့်လုပ်ငန်းတွေဟာနိုင်ငံအများအပြားကသားကောင်တွေကိုနည်းလမ်းမျိုးစုံနဲ့ အယုံသွင်းပြီးကောင်းမွန်တဲ့အလုပ်အကိုင်တွေနဲ့ မက်လုံးပေးစည်းရုံးသိမ်းသွင်းတာ၊အဲဒီနောက်မှာတော့ ငွေလိမ်တဲ့ လုပ်ငန်းတွေမှာ အဓမ္မ ဖိအားပေးခိုင်းစေတာတွေလည်း ကျူးလွန်နေတယ်လို့ EUရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

EUရဲ့ ပိတ်ဆို့ အရေးယူမှုထဲမှာတော့ ထိုင်းနဲ့ နယ်စပ်နား၊အထူးသဖြင့် မြဝတီမြို့နယ်တဝိုက်မှာ အဓိက အခြေစိုက် လှုပ်ရှားတဲ့ ကရင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်တဲ့DKBAလည်းပါဝင်လာပါတယ်။ DKBA

ဟာ ကျားဖြန့် လုပ်ငန်းတွေ လည်ပတ်နိုင်အောင် အကာအကွယ် ပေးခဲ့သလို ထိန်းချုပ်နယ်မြေတွေထဲမှာ အဲဒီ ဒုစရိုက် လုပ်ငန်းတွေ အခြေချနိုင်အောင် ပံ့ပိုးပေးခဲ့ကြောင်း EUရဲ့ ဥပဒေပြု အစုအဖွဲ့ဖြစ်တဲ့ ဥရောပ ကော်မရှင်က ပြောပါတယ်။

ဒါ့အပြင် DKBA တပ်ဖွဲ့ဝင်တွေ ကိုယ်တိုင်ကလည်းလူမှောင်ခိုမှုသားကောင်တွေကိုကျားဖြန့်ဝင်းတွေထဲမှာကိုယ်ထိလက်ရောက် နှိပ်စက်မှုတွေ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲ ခံခဲ့ရပါတယ်။

EUရဲ့ပစ်မှတ်ထားပိတ်ဆို့မှုတွေမှာအဓိက ပစ်မှတ်ထားခြင်းခံရတာကတော့ကျားဖြန့် လုပ်ငန်းတွေနဲ့ ပတ်သက်ရင် နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ ကမ္ဘောဒီးယား အခြေစိုက် Prince Group စီးပွားရေး လုပ်ငန်းစုဖြစ်ပါတယ်။ Prince Groupရဲ့ လက်ဝေခံ လုပ်ငန်းတွေဟာ ကမ္ဘာဒီးယားမှာသာမကဘဲမြန်မာပိုင်နက်ထဲမှာပါ အခြေချ လည်ပတ်နေတယ်လို့ ဆိုပါတယ်။ အလားတူ ကမ္ဘောဒီးယား အခြေစိုက် Jin Bei Groupလည်းပဲ EUရဲ့ ပိတ်ဆို့အရေးယူမှု ခံရတဲ့ အစုအဖွဲ့ ၃ ခု စာရင်းထဲ ပါဝင်လာပါတယ်။

အရေးယူ ပိတ်ဆို့ခံရသူ ၇ ဦး စာရင်းမှာတော့ DKBA ထိပ်ပိုင်း အရာရှိ ၅ ယောက်ဖြစ်တဲ့ စောဆန်းအောင်၊ စောစိုင်းကျော်လှ၊ စောစတီး၊စောစိန်ဝင်း၊စောအဲ့လယ်ထူးတို့ရဲ့ နာမည်တွေ ပါဝင်လာပါတယ်။

EUရဲ့ ပိတ်ဆို့ အရေးယူမှု ခံရတဲ့ သူတွေနဲ့ အစုအဖွဲ့တွေဟာ EU ဩဇာသက်ရောက်တဲ့ နေရာတွေမှာရှိနေတဲ့ပိုင်ဆိုင်မှုတွေ တားဆီး ထိန်းချုပ်တာ ခံရမှာ ဖြစ်ပြီး EU နိုင်ငံတွေရဲ့ ကုမ္ပဏီတွေ၊ နိုင်ငံသားတွေကလည်းအဲဒီစာရင်းထဲ ပါဝင်သူတွေနဲ့ အလုပ်တွဲလုပ်ခွင့် မရှိပါဘူး။ဒါ့အပြင်EUနိုင်ငံတွေဆီခရီးသွားလာခွင့်တွေလည်းပိတ်ပင်ခံရမှာဖြစ်ပါတယ်။

EUဟာ မြန်မာနိုင်ငံနဲ့ ဒေသတွင်းက တည်ငြိမ်ရေး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေးတွေကို ထိပါးနှောင့်ယှက်တဲ့ ကျားဖြန့် လုပ်ငန်းတွေကို ပစ်မှတ်ထားတဲ့ ကန့်သတ် ပိတ်ဆို့မှု အစီအမံတွေကိုလည်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ဖူးပါတယ်။

အမေရိကန်အစိုးရကလည်းDKBA နဲ့ DKBA ကအဖွဲ့ ခေါင်းဆောင်လေးဦးတို့ကို ကျားဖြန့် (ခေါ်) အွန်လိုင်းငွေလိမ်လုပ်ငန်း​တွေမှာ ပါဝင်ပတ်သက်မှုနဲ့ ၂၀၂၅ နိုဝင်ဘာလမှာအရေးယူဒဏ်ခတ်ခဲ့ပါတယ် ။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) က နိုဝင်ဘာ ၁၂ ရက်နေ့ရက်စွဲနဲ့ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှုလုပ်ငန်း​တွေနဲ့ အမေရိကန်နိုင်ငံသား​တွေထံက​နေဒေါ်လာဘီလီယံနဲ့ချီပြီး ခိုးယူအမြတ်ထုတ်နေတာကြောင့် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီး နဲ့ ဗိုလ်ချုပ်စောဆန်းအောင်၊ ဗိုလ်မှူးချုပ် စိုင်းကျော်လှ၊ ဗိုလ်မှူးကြီးစောစိန်ဝင်းတို့ကို ပိတ်ဆို့အရေးယူ ဒဏ်ခတ်ကြောင်း ​ကြေညာခဲ့တာပါ။ဒါ​ကြောင့် အထက်ပါ​လေးဦးဟာ အ​မေရီကန်​ရော ၊ဥ​ရောပသမဂ္ဂကပါအ​ရေးယူ ဒဏ်ခတ်ခံထားရတာဖြစ်ပါတယ်။

ကိုးကား-EU

ဆက်စပ်သတင်းများ

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အွန်လိုင်းငွေကြေးလိိမ်လည်မှု (ကျားဖြန့်)တွေမှာဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ပါဝင်ပတ်သက်မှုမရှိစေချင်ဘူးလို့ အာဏာ သိမ်းစစ်တပ်ကသတိပေးပြောဆိုခဲ့ပြီးနှစ်ပတ်အကြာမှာပဲ DKBA က မြ၀တီမြို့တောင်ဘက်၊ထိုင်း-မြန်မာနယ်စပ်၊ ကျောက်ခက်ရွာမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကို နေရာရွှေ့ပြောင်းလိုက်တယ်လို့ DKBA ထိပ်ပိုင်းတာဝန်ရှိသူတစ်ဦးနဲ့ ကရင်သတင်းရင်းမြစ်က အတည်ပြုပါတယ်။