Connect with us

Hi, what are you looking for?

သတင်း

ဖလူးဒေသတိုက်ပွဲ စစ်တပ်အရာရှိတွေအပါအဝင် သေဆုံးမှုများ၊ လက်နက်ခဲယမ်းတွေ ဆက်တိုက်ရဟု KNLA တပ်မှူးပြော

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

(စစ်တပ် ဗုံးကြဲလို့ ပျက်စီးသွားတဲ့ ရပ်တော်မူဘုရားကျောင်းဝင်း။ ဓာတ်ပုံ - CJ)

◾️ဖလူးဒေသတိုက်ပွဲ လုံးဝမပါဝင်ကြဖို့ DKBA ကြေညာချက်ထုတ်

◾️စစ်တပ် ဗုံးကြဲလို့ ရပ်တော်မူဘုရားဘုန်းကြီးကျောင်းထိုင်ဆရာတော် ဒဏ်ရာရ

ဇူလိုင် ၂၉၊ ၂၀၂၆။ထားမြတ်၊နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခု ဇူလိုင်အတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ ဖလူးဒေသ စစ်ရေး အခြေအနေမေးမြန်းမှုအပေါ် တပ်ရင်းမှူး စောမူးဂေက ဒေသတွင်း စစ်ရေး အခြေအနေတစွန်းတစကို အခုလိုပြောတာပါ။

ဇူလိုင် ၁၆ရက်နဲ့ဇူလိုင် ၂၃ရက် တိုက်ပွဲတွေမှာ စစ်တပ်က ဒုတပ်ရင်းမှူးအဆင့် အပါအဝင် အရာရှိ စစ်သည်တွေကျဆုံးထိခိုက်များခဲ့တယ်လို့ ပြောပါတယ်။

“၁၆ရက်နေ့ကျတော့ သူတို့က တော်တော်အထိနာတယ်။အဲဒီမှာကျတော့ သူတို့က တူးအိုင်စီတစ်ယောက်ကျသွားတယ်။ ထိခိုက်ဒဏ်ရာရ သေတာ အယောက် ၃၀ကျော်ရှိတယ်။ ၂၃ရက်နေ့လည်း အဲဒီမှာ တူးအိုင်စီ တစ်ယောက်ကျသွားတယ်။ သေနတ် ၂လက်ရတဲ့နေ့လေ။ အဲဒီနေ့လည်း သူတို့တော်တော်အထိနာတယ်။ အခု သူတို့ တက်လာတာနဲ့ ကျနော်တို့ ဒီဘက်ကြောမှာဆွဲရာတာ သူတို့လည်း တော်တော်လေးတော့ ထိခိုက်ဒဏ်ရာလည်းရှိတယ် ပြီးတော့လည်း သူတို့က သေတာလည်းရှိတယ် သေတာလည်း တော်တော်များတယ်” လို့ ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

လတ်တလောမှာ စစ်တပ်က အထိနာတာအပြင် ရိက္ခာအခက်အခဲကြောင့် တပ်တွင်းစစ်မတိုက်လိုဘဲ စိတ်ဓာတ်ပျက်ပြာမှုတွေ ကြုံနေရတယ်လို့သိရကြောင်း ရှင်းပြပါတယ်။

“ဘာကြောင့်လဲဆိုတော့ အချို့တွေက သုံးလေးရက် ထမင်းမစားရတဲ့သူတွေရှိတယ်လေ။ အခု ကျတော့ သူတို့က စားနပ်ရိက္ခာ သယ်ယူပို့ဆောင်ရေး နည်းနည်းခက်ခဲတာရှိတယ်။ တောထဲတောင်ထဲမှာဆိုတော့။ရှေ့ဆက်တိုးဖို့လည်း တချို့ရဲဘော်တွေ တချို့အရာရှိတွေ အဆင်မပြေဘူး။ထွက်ပြေးချင်တဲ့သူတွေများတာပေါ့။” လို့ ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဖလူးဒေသ အပါအဝင်ဒေသတွင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ တပ်မ(၂၂)၊ စကခ(၁၃) တပ်မတွေနဲ့ အင်အားအလုံးအရင်းထိုးစစ်ဆင်လာသလို လေကြောင်း၊ဒရုန်းတိုက်ခိုက်မှုတွေလည်း အပြင်းအထန်ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီတပ် ရည်မှန်းချက် ရောက်ဖို့ လွယ်မှာ မဟုတ်ဟု KNLA တပ်မှူးက ပြောပါတယ်။

“သူတို့လည်းမီးကုန်ယမ်းကုန်ချတာ။ ဒါပေမဲ့ ကျနော်တို့လည်း မီးကုန်ယမ်းကုန်ပြန်ချမှာပါ။စစ်ဆင်ရေးလုပ်နေတဲ့အချိန် ကျနော်တို့ညံ့ရင်တော့ ကျနော်တို့ခံရမှာပေါ့နော်။ ရန်သူက မီးကုန်ရန်းကုန်သုံးတာက နေ့ရော ညရော အပေါ်ရော အောက်ရော လေယာဉ်ရော သူတို့ ဒရုန်းရော အကုန်လုံးစုံစုံလင်လင် သူတို့လာချနေတာပဲ” လို့ ဒုဗိုလ်မှူးကြီးစောမူးဂေကပြောကြားပြီး KNLA ပူးပေါင်းတပ်ဘက်ကလည်း အကောင်းဆုံးခုခံနိုင်ကြောင်း အသိပေးပါတယ်။

ဇူလိုင် ၂၈ရက်က မြဝတီမြို့နယ်တောင်ဘက် မြဝတီ-ဝေါလေလမ်းပိုင်းရှိ သုံးထပ်ကွေ့နားက ရပ်တော်မူဘုရား ဘုန်းကြီးကျောင်းမှာ ဝါဆိုသင်္ကန်း ကပ်လှူနေစဉ် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းထိုင်ဆရာတော်အပါအဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်တပ်က ဇူလိုင် ၂၈ ရက် နံနက် ၁၀ နာရီမှာ သုံးထပ်ကွေ့ဒေသကို ပေါင် ၅၀၀ ဗုံးတွေ ကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဇူလိုင် ၂၄ရက်က လေးကေ့ကော်မြို့သစ်အနောက်ဘက်နားက ရဲကုန်းနေရာမှာလည်း တိုက်ပွဲပြင်းထန်ခဲ့ပြီး အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၃) လက်အောက်ခံ ခမရ(၅၈၅)

တပ်ရင်းက စစ်ကြောင်းမှူး ဗိုလ်မှူး အပါအဝင် သေဆုံးမှု များခဲ့တယ်လို့စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။ဒါအပြင် အဲဒီစစ်​ကြောင်းက စစ်သား၆ဦးဟာ တော်လှန်ရေးတပ်ဖွဲ့တွေထံ ထွက်ပြေး အညံ့ခံခဲ့ပါတယ်။

ဖလူးဒေသ တိုက်ပွဲပြင်းထန်နေချိန် ဒေသတွင်း ကရင်လက်နက်ကိုင်တပ်ဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)ကလည်းကြေညာချက်တရပ် ဒီကနေ့ ဇူလိုင် ၂၉ရက်မှာ ထုတ်ပြန်ခဲ့ရာ ဒေသတွင်း စစ်ရေးပဋိပက္ခတွေမှာ DKBA တပ်ဖွဲ့ဝင်မည်သူ တစ်ဦးတစ်ယောက်မှ ပါဝင်ပတ်သက်မှု မရှိဖို့ဖော်ပြထားပါတယ်။ ပါဝင်ပတ်သက်ရင် ပြင်းထန်စွာ အရေးယူမယ်လို့လည်း DKBAက ကြေညာထားပါတယ်။

ဒီထုတ်ပြန်ချက်ဟာ ဖလူးလေးအနီးမှာရှိတဲ့ DKBA စစ်ဦးစီးအရာရှိချုပ် စောဆန်းအောင်ရဲ့ ကျားဖြန့်ဆိုက်ကို စစ်တပ်က ဝင်ရောက်စီးနင်းမှုအပြီး ရက်ပိုင်းအတွင်းမှာပဲ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

“ ဖလူးတိုက်ပွဲမှာသူတို့ ဝင်မပါပါဘူး။သူတို့ဘာသာသူတို့နေတာ”လို့ ဒုဗိုလ်မှူးကြီးစောမူးဂေက DKBAရဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး ပြောပါတယ်။

ကရင်ပြည်နယ်၊မြ၀တီမြို့တောင်ဘက် ဖလူးတောင်ခြေကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းမှာ စစ်တပ် လက်အောက်ခံ BGF တပ်နယ်(၄)ဗိုလ်မှုးကြီးစောမုတ်သုန်ရဲ့အဖွဲ့ ၊ ခွဲထွက်DKBA ဗိုလ်ဘိအဖွဲ့၊ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်( DKBA)တပ်ဖွဲ့ဝင်ဟောင်း ဗိုလ်သခွားသီးတို့က လမ်းပြပို့ဆောင်ကူညီပေးခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောထားပါတယ်။

မြဝတီမြို့တောင်ဘက်ခြမ်းတိုက်ပွဲတွေမှာ စစ်တပ်ကို စစ်ကူတိုက်ပေးနေတဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)က ဗိုလ်မုတ်သုန်ကိုလည်း ထိုင်းနိုင်ငံ လူကုန်ကူးမှုနဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်ထားတယ်။

စစ်တပ်နဲ့ DKBA ၊BGF ပူးပေါင်းအဖွဲ့ဟာ ဖလူးနဲ့ မင်းလက်ပံဒေသကို ဇူလိုင် ၁၀ရက်နေ့ အပြီးသိမ်းပိုက်ဖို့ ညွှန်ကြားချက်နဲ့ ထိုးစစ်ဆင်လာတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ရက် ၂၀ ကြာတဲ့အထိရှေ့မတိုးနိုင်သေးဘဲ အထိနာနေတာ ဖြစ်ပါတယ်။

စစ်တပ်က မြဝတီမြို့တောင်ဘက်ခြမ်းမှာရှိတဲ့ မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး ကျေးရွာတွေကို ပြန်ထိန်းချုပ်နိူင်ဖို့ ၂၀၂၅ အောက်တိုဘာကတည်းက စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်ပေမယ့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦး​ဆောင်တဲ့ တော်လှန်ရေးပူး​ပေါင်းတပ်​တွေ ဖြတ်​တောက်တိုက်ခိုက်မှု​ကြောင့် ​ရှေ့မတိုးနိုင်ပဲဖြစ်​နေတာပါ။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က နေ့ညမပြတ် လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်တာအပါအဝင် ပုံစံမျိုးစုံနဲ့ စစ်ရေးအရ ဖိအားပေးလာနိုင်လို့ ဒေသခံ ပြည်သူတွေ လေကြောင်းရန် အထူးသတိထားဖို့ လိုအပ်ကြောင်း ရှမ်းမြောက်ဒေသစစ်ရေးလေ့လာသူ တဦးက တိုက်တွန်းပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့ပေါ်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိပြီး ဒီနေ့ မွန်းလွဲပိုင်းအထိ တိုက်လေယာဉ်တွေ ပျံသန်းနေဆဲလို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်အဘိုးအိုအပါအဝင် ပြည်သူ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရပြီး နေအိမ် အလုံး ၂၀ ခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။