Connect with us

Hi, what are you looking for?

ဆောင်းပါး

ရုရှား၏ ယူကရိန်းစစ်မြေပြင်မှ တရုတ် သင်ယူနေသော သင်ခန်းစာများ

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

ဥဂ္ဂါ ရေးသားသည်။

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

၁၉၇၉ ခုနှစ်ဗီယက်နမ်နဲ့ နယ်စပ်စစ်ပွဲနောက်ပိုင်း အကြီးစားစစ်ပွဲအတွေ့အကြုံ မရှိတော့တဲ့တရုတ်ဟာအနောက်နိုင်ငံတွေရဲ့ပိတ်ဆို့အရေးယူမှု တွေကြောင့် အကျပ်ရိုက်နေတဲ့ ကရင်မလင် (Kremlin) ဆီကနေ အနာဂတ် ထိုင်ဝမ် (Taiwan) အရေးမှာ အသုံးချနိုင်မယ့် စစ်မြေပြင် အတွေ့အကြုံများနှင့် အဆင့်မြင့် စစ်ရေးနည်းပညာများကို ရယူလေ့လာ နေပါတယ်။ စစ်မတိုက်ဘဲ အနာဂတ်စစ်ပွဲအတွက် ပြင်ဆင်နေတဲ့ ပေကျင်း (Beijing) ရဲ့ ဒီနည်းဗျူဟာက ဘာတွေလဲဆိုတာ လေ့လာကြည့်ကြရအောင်။

ယူကရိန်းစစ်ပွဲအတွင်း တရုတ်ရဲ့အခန်းကဏ္ဍကို ပြောကြတဲ့အခါ အများစုက ရုရှားကို စစ်ဘက်မှာ အသုံးပြုနိုင်တဲ့ အီလက်ထရွန်နစ်ပစ္စည်းတွေ၊ အင်ဂျင်တွေလို ပစ္စည်းတွေ တင်ပို့ပေးနေတဲ့ကိစ္စကိုပဲ အာရုံစိုက်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့် အခုချိန်မှာ ပိုပြီးစိုးရိမ်စရာကောင်းလာတာက အဲဒီကုန်သွယ်မှုရဲ့နောက်ကွယ်မှာ ဖြစ်နေတဲ့ အခြားတစ်ဖက်ပါ။ပေကျင်းက ရုရှားဆီက စစ်ရေးနည်းပညာတွေ၊ စစ်ရေးဆုံးဖြတ်ချက်ချရာမှာ အသုံးဝင်မယ့် အချက်အလက်တွေ (Intelligence) နဲ့ ယူကရိန်းစစ်မြေပြင်က ရရှိတဲ့ လက်တွေ့အတွေ့အကြုံတွေကို တဖြည်းဖြည်း ရယူလေ့လာနေတယ် ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

တရုတ်အနေနဲ့ ဒီရုရှားရဲ့ ယူကရိန်းစစ်မြေပြင် သင်ခန်းစာတွေက အနာဂတ်မှာ ထိုင်ဝမ်နဲ့ ပတ်သက်တဲ့ စစ်ရေးပဋိပက္ခ ဖြစ်ပွားလာခဲ့ရင်သူတို့ရဲ့စစ်ရေးစွမ်းရည်ကိုအားကောင်းစေနိုင်မယ့်အဖိုးတန်အတွေ့အကြုံတွေလို့ ရှုမြင်နေကြောင်းစစ်ရေးလေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

အမေရိကန်နဲ့ ဥရောပ လုံခြုံရေးဆိုင်ရာ အချက်အလက်တွေကို စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့အစည်းတွေရဲ့ ဖော်ထုတ်ချက်တွေအရ တရုတ်စစ်သည်တွေဟာ ရုရှားတောင်ပိုင်း ဗိုဂိုဂရက် (Volgograd) မြို့အနီးက စစ်ရေးစခန်းတွေမှာဒရုန်းစစ်ဆင်ရေး၊မြို့​ပြတိုက်ပွဲ (urban warfare)၊ မိုင်းကွင်းဆိုင်ရာ စစ်ဆင်ရေးတွေနဲ့ စစ်မြေပြင် ဆေးကုသမှု (battlefield medicine) စတဲ့ သင်တန်းတွေကို တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီလိုလေ့ကျင့်မှုတွေက ယူကရိန်းစစ်ပွဲအတွင်း ရုရှားတပ်ဖွဲ့တွေ ရရှိခဲ့တဲ့ လက်တွေ့အတွေ့အကြုံတွေကိုတရုတ်ကလေ့လာရယူဖို့ ကြိုးစားနေတဲ့ အချက်ကို ပြသနေပါတယ်။

ဒါ့အပြင်တရုတ်နဲ့ ရုရှားတို့ရဲ့ ပူးတွဲရေတပ်လေ့ကျင့်မှုတွေမှာလည်း ရုရှားရဲ့ အသံထွက်နည်းပြီး ရန်သူရဲ့ ရှာဖွေရေးစနစ်တွေကနေ ခြေရာခံရခက်တဲ့တဲ့ ဒီဇယ်-လျှပ်စစ် ရေငုပ်သင်္ဘောတွေကို အသုံးပြုပြီး ရေငုပ်သင်္ဘော ရှာဖွေတိုက်ခိုက်ရေး(anti-submarine warfare) လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲတရုတ်ဟာထိုင်ဝမ်အရေး ဖြစ်လာခဲ့ရင် ရင်ဆိုင်ရနိုင်တဲ့ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ လက်နက်စနစ်တွေ၊ အထူးသဖြင့် ရွေ့လျားနိုင်စွမ်းမြင့် အမြောက်ဒုံးကျည် ပစ်လွှတ်ရေးစနစ် (High Mobility Artillery Rocket System HIMARS) လို ရော့ကက်လွှတ်တင်ရေး စနစ်တွေကို ရုရှားက ယူကရိန်းစစ်မြေပြင်မှာ ရင်ဆိုင်ခဲ့တဲ့ အတွေ့အကြုံနဲ့ ဒေတာတွေကို အထူးစိတ်ဝင်စားနေပါတယ်။

ခေတ်သစ်စစ်ပွဲတွေမှာ ပိုမိုအရေးပါလာတဲ့ ဒရုန်းစစ်ဆင်ရေးပိုင်းမှာလည်း တရုတ်ဟာ သူ့ရဲ့ အားသာချက်ကို အသုံးချပြီး နည်းပညာတွေကို အရှိန်မြှင့်တင်နေပါတယ်။ တရုတ်ဟာ ကမ္ဘာ့အကြီးဆုံး အရပ်ဘက်သုံး ဒရုန်းထုတ်လုပ်သူနိုင်ငံဖြစ်တာကြောင့် စစ်ဘက်သုံးဒရုန်းနည်းပညာတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အခြေခံစွမ်းရည်ကောင်းကောင်း ရှိထားပြီးသား ဖြစ်ပါတယ်။

ယူကရိန်းစစ်မြေပြင်မှာ အရေးပါလာခဲ့တဲ့ FPV (First-Person-View)ဒရုန်းတွေ၊ ဒရုန်းဆက်သွယ်ရေးကို နှောင့်ယှက်မှု (jamming) ကနေကာကွယ်နိုင်တဲ့ ဖိုက်ဘာအော်ပတစ်ကြိုးတပ်(fiber-optic tethered)ဒရုန်းတွေ၊AI ထိန်းချုပ်စနစ်သုံး ဒရုန်းနည်းပညာတွေကိုလည်း တရုတ်က အနီးကပ် လေ့လာနေပါတယ်။

ဒါ့အပြင်တရုတ်စစ်တပ် (PLA)ဟာဒရုန်းစစ်ဆင်ရေးတွေကို ဗဟိုကနေ စီမံကွပ်ကဲတဲ့ ရုရှားရဲ့ ရူးဘီကွန် (Rubicon)စင်တာရဲ့နည်းဗျူဟာတွေကို အထူးစိတ်ဝင်စားနေပါတယ်။ တစ်ဖက်မှာလည်း အမေရိကန်နဲ့ ထိုင်ဝမ်တို့ကတရုတ်ရဲ့ကျူးကျော်မှုကိုတားဆီးဖို့ စဉ်းစားနေတဲ့ “ဟဲလ်စကေးပ်” (Hellscape) ဆိုတဲ့ ဒရုန်းအခြေပြု ဟန့်တားရေးနည်းဗျူဟာတွေကိုတုံ့ပြန်နိုင်ဖို့တရုတ်ကပြင်ဆင်နေပါတယ်။

ရေငုပ်သင်္ဘောနဲ့ လေကြောင်းကာကွယ်ရေး နယ်ပယ်တွေမှာလည်း တရုတ်နဲ့ ရုရှားတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ပိုမိုနီးကပ်လာနေပါတယ်။ အရင်က ရုရှားက တရုတ်ကို မျှဝေဖို့ တွန့်ဆုတ်ခဲ့တဲ့ အဆင့်မြင့် စစ်ရေးနည်းပညာတချို့ကို လက်ရှိအချိန်မှာ တရုတ်က ရရှိနိုင်တဲ့ အနေအထား ဖြစ်လာနေပါတယ်။

အထူးသဖြင့်ရုရှားရဲ့အာကူလာ(Akula) အုပ်စုဝင် ရေငုပ်သင်္ဘောတွေမှာ အသုံးပြုတဲ့ အသံတိတ်နည်းပညာ(noise-quieting technology)တွေကို တရုတ်က ပိုမိုရရှိလာခဲ့မယ်ဆိုရင် ပစိဖိတ်သမုဒ္ဒရာအတွင်း အမေရိကန်ရေတပ်အတွက် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။

ဒါ့အပြင်နျူကလီးယားစောစီးသတိပေးစနစ် (nuclear early-warning system)လို မဟာဗျူဟာမြောက် နည်းပညာနယ်ပယ်တွေမှာလည်း ရုရှားက တရုတ်ကို ကူညီပေးနေပါတယ်။ ဒီနည်းပညာဟာ အရင်က အမေရိကန်နဲ့ ရုရှားလို နျူကလီးယားအင်အားကြီးနိုင်ငံတွေမှာသာ အဓိကရှိခဲ့တဲ့ စွမ်းရည်တစ်ခု ဖြစ်ပါတယ်။

အနှစ်ချုပ်ရရင်ယူကရိန်းစစ်ပွဲကြောင့် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကြားမှာ ရုရှားဟာ တရုတ်ရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးအထောက်အပံ့ကို ပိုမိုလိုအပ်လာပါတယ်။ တရုတ်ကလည်း ဒီအခြေအနေကို အသုံးချပြီး ရုရှားထံက စစ်ရေးနည်းပညာ၊ တိုက်ပွဲအတွေ့အကြုံနဲ့ မဟာဗျူဟာမြောက် သင်ခန်းစာတွေကို ရယူနေပါတယ်။ ဒီအခြေ

အနေဟာ အနာဂတ် အာရှ-ပစိဖိတ်ဒေသရဲ့ စစ်ရေးအင်အားချိန်ခွင်လျှာကို ပြောင်းလဲသွားစေနိုင်တဲ့ အချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။

ကိုးကား – The Economist

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။