ဩဂုတ် ၁၄၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ် အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ PDF ဇိုလဲန်း တပ်ဖွဲ့ဝင်တွေ စစ်တပ်ထံ အလင်းဝင်ရောက်မှုမရှိဘူးလို့ PDF ဇိုလဲန်း စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။
စစ်တပ် ဝါဒဖြန့် ချန်နယ်တွေမှာ PDF ဇိုလဲန်း တပ်ဖွဲ့ဝင် ၇ဦး လက်နက်တွေနဲ့အတူ စစ်တပ်ထံ အလင်းဝင်လာတယ်လို့ ရေးသားဖော်ပြကြတဲ့အပေါ် ကိုဂိဒွန်က အခုလို ပြောပြတာပါ။
အခုလို အလင်းဝင်တယ်ဆိုတာ စစ်တပ်ရဲ့ ဝါဒဖြန့်မှု သပ်သပ်သာဖြစ်တယ်လို့လည်း ကိုဂိဒွန်က ပြောပါတယ်။

Public Service Announcement
PDF ဇိုလဲန်းဟာ ချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့တစ်ခုဖြစ်ပြီး စစ်ဦးစီးချုပ် ကိုဂိဒွန်ဟာ လည်း လက်ရှိမှာ ချင်းညီနောင်ရဲ့ စစ်ရေးကော်မတီဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူထားသူဖြစ်ပါတယ်။
PDF ဇိုလဲန်းဟာ ၂၀၂၅ နှစ်ကုန်ပိုင်းက ချင်းမြောက်ပိုင်းထိုးစစ်ဆင်လာတဲ့ စစ်တပ်တွေ အထိနာအောင် ခုခံတိုက်ခိုက်နိုင်ခဲ့တဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၁ရက်ကလည်း တီးတိန်မြို့နဲ့ ကနေဒီတောင်ကြား ချီတက်လာတဲ့ စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
အဲဒီ တိုက်ခိုက်မှုမှာ စစ်တပ်ဘက်က သေဆုံးသူ ၆ဦးရှိခဲ့ပြီး ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ PDF ဇိုလဲန်းက အသိပေးပါတယ်။ သေဆုံးသူတွေထဲမှာ စစ်တပ် လက်အောက်ခံ ဇိုမီးတပ်ဖွဲ့ ZRA အဖွဲ့ကဝင် ၃ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ဇိုမီးတပ် ZRA ဟာ စစ်တပ်နဲ့ ပူးပေါင်းပြီး ချင်းမြောက်ပိုင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင် နေတဲ့အဖွဲ့ ဖြစ်ပါတယ်။


















































