Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကင်မ်ဂျုံအွန်းနဲ့ အဆက်အသွယ်ရှိကြောင်း ထရမ့်ပြော

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ အဆက်အသွယ်တွေ ရှိနေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ အဆက်အသွယ်တွေ ရှိနေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

မဟာမိတ် တောင်ကိုရီးယား နိုင်ငံက အီရန် စစ်ပွဲမှာ ပါဝင်ကူညီပေးဖို့ ငြင်းဆိုခဲ့တယ်လို့ စွပ်စွဲပြီး အမေရိကန်-တောင်ကိုရီးယား နှစ်ပတ်လည် ပူးပေါင်း စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွေကို လျှော့ချစေခဲ့ပြီး နောက်တစ်နေ့ဖြစ်တဲ့ ဩဂုတ် ၁၇ ရက်နေ့မှာ ထရမ့်က အခုလို မှတ်ချက်ပေးခဲ့တာပါ။

သူက မဟာမိတ် တောင်ကိုရီးယားအပေါ် အတော်လေး ပြင်းထန်တဲ့ သဘောထားမျိုးတွေနဲ့ ဝေဖန်ခဲ့ပြီး မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ ပုဂ္ဂိုလ်ရေး ခင်မင်မှု အကြောင်းကိုတော့ ချီးကျူးပြောဆိုသွားပါတယ်။

ထရမ့်ဟာ သူ့ရဲ့ ပထမအကြိမ် သမ္မတသက်တမ်းတုန်းက ကင်မ်နဲ့ သုံးကြိမ် လူချင်းတွေ့ခဲ့ဖူးပါတယ်။ သူ့ရဲ့ ဒုတိယအကြိမ် သမ္မတ သက်တမ်းမှာလည်း ထရမ့်က ကင်မ်နဲ့ တွေ့ဆုံဖို့ အတိအလင်း ကမ်းလှမ်းထားပေမယ့် အချင်းချင်း မတွေ့ဖြစ်ကြသေးပါဘူး။

Public Service Announcement

Public Service Announcement

ဩဂုတ် ၁၇ ရက်နေ့မှာ သတင်းထောက်တွေက ထရမ့် ဒုတိယအကြိမ် အိမ်ဖြူတော်ဆီ ပြန်ရောက်လာပြီးတဲ့နောက် လူချင်းတွေ့ကြဖို့ ကမ်းလှမ်းခဲ့တာကို ကင်မ်က ဘာကြောင့် အကြောင်းမပြန်သလဲလို့ မေးခဲ့တဲ့အခါ ထရမ့်က ‘သူအကြောင်းမပြန်ဘူးလို့ ခင်ဗျားတို့က ဘယ်လိုသိသလဲ’လို့ တုံ့ပြန် မေးခွန်းထုတ်ခဲ့ပါတယ်။

သတင်းထောက်တွေက ဒါဆိုရင် ကင့်မ်ဖက်က တုံ့ပြန်ခဲ့သလားလို့ ထပ်မေးတော့ ထရမ့်က တုံ့ပြန်မှု ရှိခဲ့တယ်လို့ ဖြေပါတယ်။ နှစ်ဖက်ကြား ဆွေးနွေးမှုတွေဟာ အရမ်း အပေါင်းလက္ခဏာ ဆန်တယ်လို့ ထရမ့်က ဆက်ပြောပေမယ့် အသေးစိတ်ကိုတော့ မှတ်ချက်မပေးခဲ့ပါဘူး။

သူက ကင်မ်နဲ့ ပုဂ္ဂိုလ်ရေး သိကျွမ်းခင်မင်မှုကြောင့်လည်း အမေရိကန်ဟာ မြောက်ကိုရီးယားဆီက ခြိမ်းခြောက်မှုကို လျှော့ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အခုဆိုရင် သူဟာ မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ အများကြီး ပိုပြီး လုံခြုံဘေးကင်းအောင် ဆောင်ရွက်ပြနိုင်ခဲ့ကြောင်း၊ ကင်မ်ဟာ သူ့အပေါ် အမြဲတမ်း တလေးတစား ဆက်ဆံခဲ့ကြောင်း ထရမ့်က ပြောပါတယ်။

အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့ မတွေ့ခင် ညကတော့ ထရမ့်ဟာ လူမှုကွန်ရက်ပေါ်ကနေ မဟာမိတ် တောင်ကိုရီးယားကို ပုတ်ခတ် ဝေဖန်ခဲ့သလို သိပ်ပြီး မသင့်တော်တဲ့၊ ရန်လိုတဲ့ အဓိပ္ပါယ် ဖြစ်နေတဲ့ တောင်ကိုရီးယားနဲ့ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေကို ပမာဏ လျှော့ချဖို့ အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်ဆီ သူက အမိန့်ပေးခဲ့ကြောင်း ရေးသားထားပါတယ်။ အဲဒီဆုံးဖြတ်ချက်ဟာ အီရန်စစ်ပွဲမှာ တောင်ကိုရီးယားက ဝင်ကူဖို့ ငြင်းဆန်တာနဲ့ တိုက်ရိုက် ဆက်နွှယ်တယ်လို့လည်း ထရမ့်က ဆိုပါတယ်။

တောင်ကိုရီးယားမှာ အမေရိကန် တပ်အင်အား ၃၉၀၀၀ လောက် ဖြန့်ကျက်ထားပြီး ကပ်လျက် အိမ်နီးချင်း နိုင်ငံမှာရှိတဲ့ ကင်မ်ဂျုံအွန်းရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးနေကြောင်း၊ ဒါပေမဲ့ တောင်ကိုရီးယားကတော့ အင်မတန် လွယ်ကူတဲ့ အီရန်စစ်ဆင်ရေးတွေမှာ အမေရိကန်ကို ဝင်မကူခဲ့ကြောင်း၊ ဒီအခြေအနေကြီးက ထူးဆန်းကြောင်း ထရမ့်က အိမ်ဖြူတော်မှာ ထပ်ပြောခဲ့ပြန်ပါတယ်။

သူက အမေရိကန် ဆင်နွှဲခဲ့တဲ့ အီရန်စစ်ပွဲပါ ကူညီပံ့ပိုးဖို့ ပျက်ကွက်ခဲ့တဲ့ တောင်ကိုရီးယားနဲ့ NATO မဟာမိတ် နိုင်ငံတွေရဲ့ ဆုံးဖြတ်ချက်ကိုလည်း နောက်ထပ် မေးခွန်းထုတ်ခဲ့ပါတယ်။ ကိုယ့်ကို ကူညီမထားတဲ့ နိုင်ငံတွေကို အမေရိကန်ကလည်း လှည့်ပတ်ပြီး ကာကွယ်ပေးမနေနိုင်ဘူးလို့ ထရမ့်က ပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယားကတော့ ၁၁ ရက်ကြာမြင့်မယ့် Ulchi Freedom Shield ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို ကြိုတင် စီစဉ်ထားတဲ့အတိုင်း ဩဂုတ် ၁၇ ရက်နေ့မှာ စတင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ပြီးတော့ ထရမ့်ရဲ့ စွပ်စွဲ ပြောဆိုမှုမှာပါတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့လည်း ပြန်လည် ဆန်းစစ်သုံးသပ်မှုတွေ လုပ်ဆောင်သွားမယ်လို့ တောင်ကိုရီးယား အစိုးရက မှတ်ချက်ပေးထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်နဲ့ ဆွေးနွေးမှုတွေမှာ ဝင်ရှုပ်တယ်လို့ ခံစားမိရင် မဟာမိတ်ဖြစ်တဲ့ အိုမန်နိုင်ငံကိုပါ ဗုံးကြဲတိုက်ခိုက်ရလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားသွားပါတယ်။

နိုင်ငံတကာ

မဟာမိတ် တောင်ကိုရီးယား နိုင်ငံနဲ့ နှစ်စဉ် ပူးပေါင်းပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှု အစီအမံတွေကို အခုနှစ်မှာ ပမာဏ သိသိသာသာ လျှော့ချမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဆောင်းပါး

WHO အကြီးအကဲက ထရမ့်အစိုးရ၏ ကွယ်ဆေးမူဝါဒအပြောင်းအလဲအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်

နိုင်ငံတကာ

ပင်လယ်ပြင်မှာ ဖြန့်ကျက် တာဝန်ပေးထားချိန် ကြာမြင့်လွန်းလို့ အမေရိကန် လေယာဉ်တင် သင်္ဘောကြီး တစ်စီးပေါ်က ရေတပ်သားတွေ စိတ်ပိုင်း၊ ရုပ်ပိုင်း အလွန်အမင်း ဖိအားဝင်နေကြောင်း သတင်းတွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပယ်ချလိုက်ပါတယ်။

Facebook