ဟောမုဇ် ရေလက်ကြားကို အမေရိကန် ပိုင်နက်အဖြစ် ရည်ညွှန်းရေးသားထားတဲ့ မြေပုံဖြတ်ပိုင်း တစ်ခုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လူမှုကွန်ရက်ပေါ်မှာ တင်ထားခဲ့ပါတယ်။
ဩဂုတ် ၁၈ ရက်နေ့တုန်းက သူ့ကိုယ်ပိုင် လူမှုကွန်ရက် ပလက်ဖောင်းဖြစ်တဲ့ Truthမှာ ထရမ့်က ဟောမုဇ်ရေလက်ကြားရဲ့ မြေပုံကို တင်ထားခဲ့ပြီး ‘အမေရိကန်ရဲ့ ပိုင်နက် နယ်မြေသစ်’ဆိုတဲ့ ခေါင်းစဉ်ကို တပ်ထားတာ ဖြစ်ပါတယ်။
ဟောမုဇ် ရေလက်ကြားဟာ အီရန်နိုင်ငံ တောင်ပိုင်းကမ်းလွန်မှာ တည်ရှိပြီး ပါရှန်းပင်လယ်ကွေ့နဲ့ အိုမန်ပင်လယ်ကွေ့တွေကို ဆက်စပ်ပေးထားတဲ့ ကျဉ်းမြောင်းသွယ်လျတဲ့ ရေပြင်ပါ။ အီရန်စစ်ပွဲ မဖြစ်ခင်က နေ့စဉ် နိုင်ငံတကာ ရေနံတင်ပို့မှု စုစုပေါင်းရဲ့ ငါးပုံတစ်ပုံလောက်ဟာ အဲဒီ ရေလမ်းကြောင်းကို ဖြတ်သန်းလေ့ ရှိပါတယ်။
စစ်ပွဲစတင်လာပြီးတဲ့နောက် အီရန်ဟာ အမေရိကန်ကို ဖိအားပေးဖို့အတွက် ဟောမုဇ်ကို ပိတ်ချခဲ့သလို အဲဒီရေလမ်းကြောင်း ထိန်းချုပ်ပိုင်ခွင့်က အီရန်ဆီမှာ အပြည့်အဝ ရှိသင့်တယ်လို့လည်း တောင်းဆိုလာခဲ့ပါတယ်။

Public Service Announcement
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ထရမ့်ဟာ ဟောမုဇ်ကို အမေရိကန်က ထိန်းချုပ်သိမ်းယူမယ်ဆိုတဲ့ သဘောထားကို ပထမဆုံးအကြိမ် ထုတ်ပြောလာခဲ့ပြီး အီရန်ကလည်း အဲဒီရေပြင်ဟာ အီရန်ပိုင်အဖြစ် ဆက်ရှိနေမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
ဩဂုတ် ၁၇ ရက်မှာတော့ အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အခါ ထရမ့်က ဟောမုဇ်ကို အမေရိကန် ပိုင်နက်အဖြစ် သိမ်းသွင်းတာဟာ စိတ်ကူးကောင်းတစ်ခု ဖြစ်လိမ့်မယ်လို့ ထပ်ပြောပြန်ပါတယ်။
ထရမ့်ဟာ အိမ်ဖြူတော်ကို ဒုတိယအကြိမ် ရောက်လာချိန် ကတည်းက တခြားနိုင်ငံတွေရဲ့ ပိုင်နက်နယ်မြေတွေ၊ နိုင်ငံရပ်ခြားက ဒေသတွေကို အမေရိကန်ပိုင်အဖြစ် သိမ်းယူဖို့ ပြောဆိုတာတွေ ရှိခဲ့ဖူးပါတယ်။
ဥပမာ အနေနဲ့ ထရမ့်က အိမ်နီးချင်း ကနေဒါ နိုင်ငံကို အမေရိကန်ရဲ့ ၅၁ ခုမြောက် နယ်မြေအဖြစ် သတ်မှတ်သင့်တယ်လို့ ပြောကြားခဲ့သလို ဒိန်းမတ် အစိုးရပိုင် ဂရင်းလန်ကျွန်းကိုလည်း လက်လွှဲယူလိုကြောင်း ပြောကြားခဲ့ဖူးပါတယ်။ အလားတူ ဂါဇာ ကမ်းမြှောင်ဒေသကို အမေရိကန်က ထိန်းချုပ်မယ် ဆိုတာမျိုးတောင် ထရမ့်က မှတ်ချက်ပေးခဲ့ဖူးပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်း တိုက်ခိုက်မှုကြောင့် အီရန်စစ်ပွဲ မစတင်ချိန်ထိ ဟောမုဇ်ဟာ လွတ်လပ်စွာ ခုတ်မောင်းသွားလာနိုင်တဲ့ နိုင်ငံတကာ ရေလမ်းကြောင်းအဖြစ် ရှိနေပါတယ်။ လက်ရှိမှာတော့ အီရန်က ရေလက်ကြားကို ပိတ်ထားပြီး ဖြတ်သန်းသွားလာတဲ့ သင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်။ အမေရိကန်ဆီ တောင်းဆိုထားတဲ့ အချက်အလက်တွေကို မလိုက်လျောသ၍ ဟောမုဇ်ဟာ ဆက်ပြီး ပိတ်နေစေရမယ်လို့လည်း အီရန်က သတိပေးထားပါတယ်။
ကိုးကား: AFP


















































