အီရန်ကို ကူညီပေးတဲ့ နိုင်ငံမှန်သမျှကို အမေရိကန်က အကြီးအကျယ် ဒဏ်ခတ်ပစ်မယ်လို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။
အီရန်ရဲ့ စီးပွားရေးအပေါ် ဖိနှိပ်မယ့် အကြီးစား စစ်ဆင်ရေး တစ်ရပ်ကို အမေရိကန်က မကြာခင် စတင်တော့မှာ ဖြစ်ကြောင်း၊ ဒီအတွက် အီရန်ကို ကူညီပေးတဲ့ နိုင်ငံတိုင်းကိုလည်း အပြင်းအထန် အပြစ်ပေးဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ဩဂုတ် ၁၉ ရက်နေ့မှာ ထရမ့်က ပြောကြားခဲ့ပါတယ်။
အီရန်နဲ့ အမေရိကန်ကြားက စစ်ပွဲဟာ ၆ လနီးပါး ကြာမြင့်လာပြီဖြစ်ပြီး စစ်ပြေငြိမ်းရေး သဘောတူညီမှု တစ်ခုခု ရနိုင်ခြေလည်း မတွေ့ရသေးပါဘူး။ အဲဒီနောက် ထရမ့်က အီရန်အပေါ် စစ်ရေးအရ ထိုးနှက်မှုတွေကို လျှော့ချပစ်ပြီး စီးပွားရေးအရ ကျပ်ကျပ်တည်းတည်း ဖိအားပေးတဲ့ နည်းဗျူဟာကို ပြောင်းသုံးမယ်လို့ ကြွေးကြော်ထားပါတယ်။
အမေရိကန်မှာ နိုဝင်ဘာလကျရင် ကျင်းပမယ့် သက်တမ်းဝက် ရွေးကောက်ပွဲ တစ်စထက်တစ်စ နီးကပ်လာတာနဲ့အမျှ အီရန်စစ်ပွဲကို လူထု လက်ခံနိုင်လောက်စရာ အခြေအနေ တစ်ခုခုနဲ့ အဆုံးသတ်ပေးဖို့ ဆိုတာက ထရမ့်အတွက် ဖိအားပိုတိုးလာနေပါတယ်။

Public Service Announcement
နိုင်ငံအားလုံး တွေ့ဖူးမြင်ဖူးသမျှထဲမှာ စီးပွားရေးအရ အပြင်းထန်ဆုံး ထိုးနှက်မယ့် စစ်ဆင်ရေးမျိုးကို ကြေညာလိုက်ကြောင်း၊ အီရန်ဟာ ဘယ်တုန်းကမှနဲ့ မကြုံဖူးတဲ့ စီးပွားရေးဆိုင်ရာ စစ်ဆင်မှုနဲ့ အထီးကျန်မှုတွေကို ရင်ဆိုင်လာရမှာဖြစ်ကြောင်း ဩဂုတ် ၁၉ ရက်နေ့မှာ ထရမ့်က သူ့ကိုယ်ပိုင် လူမှုကွန်ရက် ပလက်ဖောင်းဖြစ်တဲ့ Truthမှာ ရေးသားထားခဲ့ပါတယ်။
ဒါတင်မကဘဲ ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်း၊ ဘယ်စီးပွားရေးလုပ်ငန်း၊ ဘယ်လေဆိပ်၊ ဘယ်ဘဏ္ဍာရေးအဖွဲ့အစည်း၊ ဘယ်အစိုးရ အဖွဲ့အစည်းမဆို အီရန်အတွက် အသက်ရှူပေါက်လေးရအောင် တစ်ခုခု ကူညီပေးမိရင် စီးပွားရေးအရ ပြင်းထန်လှတဲ့ သက်ရောက်မှုတွေ ရင်ဆိုင်ရမယ်ဆိုတာ ကြေညာလိုက်ကြောင်းလည်း ထရမ့်က ဆိုပါတယ်။ သူက အီရန်ကို ကူညီရင် ဘယ်လို ပြစ်ဒဏ်ခတ်မလဲ ဆိုတာကိုတော့ တိတိကျကျ ဖော်ပြမထားပါဘူး။
လွန်ခဲ့တဲ့ တစ်ပတ်လောက်တုန်းကတော့ အမေရိကန်ရဲ့ ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က အမေရိကန်ဟာ အီရန်အပေါ် ဘယ်သူမှ ဘယ်တုန်းကမှ မမြင်ဖူး၊ မကြုံဖူးလောက်အောင် စီးပွားရေးအရ အထီးကျန်သွားစေမယ့် အစီအမံတွေ သတ်မှတ် ကျင့်သုံးသွားမယ်လို့ ခြိမ်းခြောက် ပြောကြားခဲ့ပါတယ်။
ကိုးကား: AFP


















































