Connect with us

Hi, what are you looking for?

သရော်စာ

YBS ပေါ်က ငွေစုပ်ဖုတ်ကောင်များ

YBS ကားတွေပေါ်မှာ ငွေစုပ်ဖုတ်ကောင်တွေ သောင်းကျန်းနေတယ်။

သျှိသျှား ရေးသားသည်။

YBS ကားတွေပေါ်မှာ ငွေစုပ်ဖုတ်ကောင်တွေ သောင်းကျန်းနေတယ်။

မိတ်ဆွေ…သင်နားကြားလွဲတယ်လို့ မထင်လိုက်ပါနဲ့။ သွေးစုပ်ဖုတ်ကောင်တွေမဟုတ်ပါဘူး။ ငွေစုပ်ဖုတ်ကောင် တွေလို့ ပီပီသသပြောလိုက်တာပါ။ ရန်ကုန်မြို့မှာ နေ့တဓူဝပြေးဆွဲနေတဲ့ YBS ကားတွေပေါ်မှာ အဲဒီငွေစုပ်ဖုတ် ကောင်တွေ သောင်းကျန်းနေတဲ့အကြောင်း နေရာမျိုးစုံကနေ ကြားသိလာရပါတယ်။

YBS ကားတွေပေါ်၊ YBS မောင်းနှင်သွားလာရာလမ်းကြောင်းတစ်လျှောက်နဲ့ ယုတ်စွအဆုံး အဲဒီ YBSယာဉ်လိုင်းတွေကိုကြပ်မတ်စီမံအုပ်ချုပ်နေပါတယ်ဆိုတဲ့ YRTC အမည်ရ YBS ခေါင်းကိုင်ကြီးတွေရဲ့ ရုံးခန်းတွေထဲအထိ အဲဒီငွေစုပ်ဖုတ်ကောင်တွေ ရောက်နေကြတာပါ။

Public Service Announcement

Public Service Announcement

သူတို့တွေဘယ်လိုရောက်လာပြီးဘယ်လိုတွေသောင်းကျန်းနေ ကြပါသလဲ။YBSကားတွေပေါ် သူတို့ ဘယ်လိုလိုက်လာသလဲ။ အဲဒီငွေစုပ်ဖုတ်ကောင်တွေဟာ အသွင်ယူ၊ အသွင်ပြောင်းနိုင်ကြ တဲ့ အစွမ်းရှိပါတယ်။ သူတို့ကို YBS ကားတွေပေါ်မှာဆိုရင် ယာဉ်မောင်းတွေလို အသွင်ယူ၊ အသွင်ပြောင်းနေထိုင်ကြ တာကို တွေ့ရပါတယ်။ သူတို့ဟာ အဲ့ဒီလိုအသွင်ပြောင်းထားကြပြီးတဲ့နောက် ကားပေါ်တက်လာတဲ့ ခရီးသည်တွေ ဆီက ပိုက်ဆံကို ရတဲ့နည်းနဲ့စတင်စုပ်ယူပါတယ်။

Cash Box ဆိုတဲ့ ငွေထည့်ပုံးဆီလှမ်းနေတဲ့လက်ထဲက ငွေကိုဦးအောင်ဖြတ်ယူပါတယ်။ ၃၀၀ တန်၊ ၄၀၀ တန်ခရီးအတွက် ခရီးသည်က ၅၀၀ ကျပ်တန်ထုတ်ပေးတဲ့အခါတွေမှာ လည်းအကြွေမရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ပိုငွေပြန်မအမ်းဘဲ ခရီးသည်အိတ်ထဲက ငွေကိုရတဲ့နည်းနဲ့ စုပ်ယူပါ သေးတယ်။

အဲဒီငွေစုပ်ဖုတ်ကောင်တွေဟာ ဘယ်လောက်အထိဆိုးသလဲဆို ခရီးစရိတ်ကို စနစ်တကျနဲ့ပေးချေနိုင်ဖို့ ငွေကုန် ကြေးကျခံဖန်တီးပေးထားတဲ့ ကတ်နဲ့ဖြတ်ပြီးငွေပေးချေရတဲ့စက်တွေကိုလည်းသူတို့ကဖျက်ဆီးထားပြီး ကတ်နဲ့ ဖြတ်မရအောင် လုပ်ထားကြပါသေးတယ်။ တချို့ယာဉ်လိုင်းတွေမှာဆို အဲဒီကတ်ဖြတ်စက်တွေမရှိ၊မတပ်ဆင်အောင်ကိုပါလုပ်ထားနိုင်စွမ်းရှိပါတယ်။

နောက်တစ်ခုက YBS တွေပေါ်မှာ စပယ်ယာမတင်ဆောင်ရဘူးဆိုတဲ့တင်းကျပ်တဲ့စည်းကမ်းချက်ရှိတာမို့ သူတို့ အစား ယာဉ်မောင်းတွေရဲ့ ကြင်သူဇနီးမယားများက ယာဉ်မောင်းကြီးတွေ သွားလမ်းသာ၊ လာလမ်းဖြောင့်ကြစေဖို့ အပင်ပန်းခံလိုက်ပါကူညီကြပါတယ်။ အဲဒီကြင်သူဇနီးမယားများကိုလည်း ငွေစုပ်ဖုတ်ကောင်တွေက အလွတ်မပေးပါဘူး။ သူတို့ခန္ဓာကိုယ်ထဲ ဝင်ပူးကပ်ပြီးနောက် တက်လာသမျှ ခရီးသည်တွေဆီက ငွေစက္ကူတွေ Cash Box ထဲ မရောက်စေဘဲ သူတို့က ဦးစွာအလျင် စုပ်ယူလိုက်ကြပြန်ပါတယ်။

အဲ…ငွေတွေ Cash Box ထဲရောက်သွားတော့ရော ကိစ္စရှိသလားဆိုတော့ မရှိပါဘူး။ အဲဒီငွေစုပ်ဖုတ်ကောင်တွေဟာယာဉ်မောင်းတွေထံတစ်ဖန်ပြန်လည်ဝင်ရောက်ပူးကပ်ပြီး မည်သို့မည်ပုံပြုလုပ်လိုက်သည်မသိ Cash Box ပုံးကို ခတ်ထားတဲ့သော့တံ ယာဉ်မောင်းကြီးတို့လက်ထဲ “ဥုံဖွ” ဆိုရောက်လာကြပြီးသကာလ ကြိုက်တဲ့နေရာ၊ ကြိုက်တဲ့ အချိန်မှာ Cash Box ထဲကနေ သဘောရှိနိုင်ကြပါသေးတယ်။ အဲ့သလောက်ထိ ဆိုးသွမ်းနေတဲ့ ငွေစုပ်ဖုတ်ကောင် တွေပါ။ YBS လောကမှာ သူတို့ ဝင်မပူးကပ်နိုင်တာဆိုလို့ လိုင်စင်မဲ့ကားတွေနဲ့ လိုင်းပြေးနေနိုင်ကြတဲ့ အာဏာရှင် ဟောင်းနေဝင်းမြေးတစ်စုပဲရှိပါတယ်။

YBS တွေသွားရာလမ်းတစ်လျှောက်မှာဆိုရင်လည်း အချိန်မှတ်လို့အမည်တွင်ကြတဲ့ YBS ရှေ့ကားနဲ့ နောက်ကား ကြား အကွာအဝေးကို မှတ်တမ်းပြုပြီး YBS တစ်စီးနဲ့ တစ်စီးကြား သတင်းပေးပို့သူတွေအဖြစ်လည်း ငွေစုပ်ဖုတ် ကောင်တွေက အသွင်ယူထားကြပြန်ပါသေးတယ်။ ဒီမှာတော့ လိုက်ပါစီးနင်းကြတဲ့ခရီးသည်ဆီကငွေကို တိုက်ရိုက်ယူတာမျိုးမဟုတ်ဘဲ ဆိုခဲ့ပါယာဉ်မောင်းများဆီကမှတစ်ဆင့် ရယူကြပါတယ်။ အဲဒီအချိန်မှတ်တွေဆိုတာဟာ လည်း တစ်ယောက်စ၊ နှစ်ယောက်စမဟုတ်ဘဲ မှတ်တိုင်တိုင်းနီးပါးလိုလိုမှာရှိနေတာမျိုးဆိုတော့ သူတို့ရဲ့ နေ့စဉ် စုပ်ယူအားကလည်း မသေးလှပါဘူး။

ဒီနေရာမှာ YBS ခေတ်ဦးကာလတုန်းက အဲဒီငွေစုပ်ဖုတ်ကောင်တွေ ငွေစုပ်ကြမ်းခဲ့လို့ ကားပေါ်ကနေ စက်ဘီးပေါ် ရောက်သွားကြရရှာတဲ့ ခရီးသွားပြည်သူတစ်စုအကြောင်းလည်း ကြားညှပ်ပြောလိုပါတယ်။ ခရီးစဉ်တစ်ဖြတ် ၂၀၀ ကျပ်၊ လိုရာခရီးရောက်ဖို့ YBS စနစ်သစ်အရအနည်းဆုံးအသွားနှစ်ဖြတ်စီး၄၀၀ ကျပ်၊ အပြန်နှစ်ဖြတ်စီး ၄၀၀ ကျပ်၊ အသွားအပြန်ပေါင်း ၈၀၀ ကျပ်၊ တချို့ သုံးလေးဖြတ်စီးမှရောက်တဲ့ခရီးမျိုးတွေနဲ့ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ နေ့စားဝင်ငွေနဲ့ မကိုက်တော့တာကြောင့် မွေးရာပါ ခြေထောက်နှစ်ချောင်းကို အားပြုရင်း နေ့စားအလုပ်တွေဆီ စက်ဘီးစုတ်လေးတွေ ဖုန်သုတ်စီးနင်း အသက်ဆက်ခဲ့ကြရတဲ့ လူတစ်စုပါ။

အခုလည်းသူတို့ရှိနေပါတယ်။ မနက်တစ်ချိန်၊ ညနေတစ်ချိန် အစုအဖွဲ့လိုက် စက်ဘီးလေးတွေ ဂျောက်ဂျက်… ဂျောက်ဂျက်နင်းရင်း ရန်ကုန်မြို့ရဲ့ လမ်းမတွေထက် သွားလာနေတဲ့ ငွေစုပ်ဖုတ်ကောင်တွေရဲ့ သားကောင်ဟောင်း တွေကို တွေ့ကြရမှာပါ။ အခုကာလမှာတော့ အရင်လိုမဟုတ်တော့ဘဲ ခရီးစဉ်တစ်ဖြတ် ၄၀၀ ကျပ်အထိဖြစ်လာသလို အရင်နဲ့မတူ ငွေစုပ်ဖုတ်ကောင်တွေရဲ့ စုပ်ချက်တွေကလည်း တစ်နေ့ထက်တစ်နေ့ကြမ်းလာပြီဆိုတော့ သူတို့ ခမျာ နင်းလက်စစက်ဘီးခြေနင်းပြားကိုပဲ ဖိနပ်ပါးတဲ့အထိ ဆက်ပြီးဖိနင်းနေကြရဦးမှာပေါ့။

အဲဒီငွေစုပ်ဖုတ်ကောင်တွေဟာ ငွေကို ဘယ်လောက်အထိစုပ်ယူသလဲဆိုရင် YBS ကြပ်မတ်စီမံအုပ်ချုပ်တဲ့ ခေါင်းကိုင်ကြီးတွေ၊ YBS အုံနာတွေ၊ YBS ယာဉ်မောင်းတွေတောင် မိမိတို့ကားတွေကို ပြုပြင်နိုင်စွမ်းမရှိလောက်အောင် အထိကို စုပ်ယူကြတာလို့ ဒင်းတို့ဆီက ညည်းသံထွက်လာပါတယ်။ ဒီလိုနဲ့ တချို့ YBSကားတွေဆို မိုးမြင်၊လေမြင်၊ကောင်းကင်ပြာပြာကြီးကိုကြည့်ရင်း လိုက်ပါစီးနင်းနိုင်တဲ့အခွင့်အရေးတွေရကြသလို တချို့ကားတွေဆို ကြမ်း ပေါက်ကျွံကျတဲ့အထိပါပဲ။ တလောကပဲ ကြမ်းကျွံလို့ ဒလမှာကလေးတစ်ယောက် အသက်ဆုံးရှုံးရတဲ့အထိဆိုတာ အားလုံးအသိပဲမဟုတ်ပါလား။ မိုးရွာတုန်း မိုးရေးချိုးချင်သူတွေလည်း အဲဒီ YBS တွေကိုစီးပါလို့ အကြံပြုလိုပါ တယ်။

ဒီအားနည်းချက်ကိုသိတဲ့ YBS ငွေစုပ်ဖုတ်ကောင်တွေဟာ အတင့်ရဲကာ နောက်တစ်ဆင့်တိုးလို့ အလွန်ကြမ်းတဲ့ အကွက်တစ်ခုကို ခင်းလာပြန်ပါတယ်။ အဲဒါကတော့ YBS ကားတွေ ပျက်စီးချို့ယွင်းနေပါတယ်ဆိုတဲ့အကြောင်း ပြချက်နဲ့ ပြုပြင်ဖို့လိုပါတယ်ဆိုတဲ့ဆင်ခြေကိုကိုင်ဆွဲရင်း နေ့စဉ်ခရီးသွားပြည်သူသိန်းနဲ့ချီသူတွေထံက ငွေကိုအချီ ကြီးစုပ်ယူဖို့ကြံတဲ့ အကွက်ကျဲကြီးကို ဟော့ဒီလိုခင်းလာပါတယ်။

အဲဒါကတော့ YBS နဲ့ပတ်သက်ပြီး ဆိုပိုင်၊ ပြောပိုင်၊ လုပ်ပိုင်ခွင့်ရှိတဲ့ YBS ခေါင်းကိုင်ကြီး ဦးလျန်ကျင့်မန်ဆိုသူထံ ဝင် ရောက်ပူးကပ်လိုက်ကြတာပါပဲ။ နေ့လည်စာစားပြီးနောက် YRTC ရုံးခန်းထဲက သူ့စားပွဲခုံမှာ သူ့ဟာသူအေးအေး လူလူ အဆီရစ်ပြီး အိပ်ငိုက်နေတဲ့ ဦးလျန်ကျင့်မန်ထံ သူတို့ဝင်ပူးကပ်ပြီးနောက် ဦးလျန်ကျင့်မန်ဟာ အိတ်ကပ်ထဲထည့်ထားတဲ့ ဖုန်းကို ထုတ်ယူပြီး ဗိုက်ဗာကနေတစ်ဆင့် လက်သင့်ရာမီဒီယာတွေထံ စာတချို့ရိုက်ပို့လိုက်ပါတယ်။

ဒီလိုနဲ့ မကြာမီမှာပဲ ဆိုရှယ်မီဒီယာပေါ်မှာ “YBS တွေ စျေးတက်မယ်”ဆိုတဲ့သတင်းဟာ ပြည်သူလူထုကြား အုတ် အော်သောင်းနင်းဖြစ်လာတော့တာပါပဲ။နဂိုကမှငွေစုပ်ဖုတ်ကောင်တွေရဲ့ဒဏ်ကို လှိမ့်နေအောင်ခံထားရတဲ့ ခရီး သွားတွေခမျာ ဒီသတင်းကြားပြီး မူးသူမူး၊ မိုက်သူမိုက်၊ ငိုသူငို၊ အော်သူအော်၊ ဆဲသူဆဲနဲ့ဖြစ်ကုန်ကြတော့တာပေါ့။ ဘာကြောင့် အခုလိုတိုးကောက်ရတာလဲလို့ မေးကြည့်ကြတဲ့အခါ ပျက်နေတဲ့ YBS တွေ ပြင်ချင်လို့ပါဆိုတော့ စောစောက မူးနေ၊ မိုက်နေ၊ ငိုနေသူတွေတောင် ထဆဲရတဲ့အထိဖြစ်ကုန်ပြန်တာပေါ့။

ဒါပေမယ့် ဦးလျန်ကျင့်မန်ဆိုတာ တစ်လျန်ကျင့်မန်တည်းရှိတာလေ။ ဘာရမလဲ…အဲဒီငွေစုပ်ဖုတ်ကောင်တွေ အကြောင်းကို ကောင်းကောင်းနောကျေနေပြီဖြစ်တဲ့ သူဟာ သူ့ဆီကို ဖုတ်ကောင်တွေဝင်စီးပြီး ၃၆ နာရီမပြည့်ခင် မှာပဲ အဲဒီကောင်တွေ သူ့ခန္ဓာကိုယ်ထဲကနေ အမြန်ခွာအောင် ဂါထာမန္တန်တွေနဲ့ မန်းမှုတ်နှင်ထုတ်လိုက်ပြီးနောက် “မဟုတ်ပါဘူး။ မလုပ်ပါဘူး။ မင်းထင်သလို မယုတ်မာဘူး”ဆိုတဲ့ စာသားတွေပါတဲ့ ကြေညာချက်တစ်စောင်ကို အလျင်အမြန်ပဲလက်မှတ်ထိုး ထုတ်ပြန်လိုက်ပါတော့တယ်။

ဟူး…တော်သေးလို့။ ဦးလျန်ကျင့်မန်ကယ်ပေလို့။ အလွန်တရာမှ ပါးရည်နပ်ရည်ရှိစွာနဲ့ ငွေစုပ်ဖုတ်ကောင်တွေကို အချိန်မီနှင်ထုတ်လိုက်နိုင်လို့သာပေါ့။ နို့မဟုတ်ရင် YBS ကိုအားပြုနေကြရရှာတဲ့ လူတစ်စု YBS ကို ကျောခိုင်းရဦး တော့မှာ။ဒီအရေးကနေ ဦးလျန်ကျင့်မန်ကြောင့် သီသီလေးကပ်လွတ်လာရတာပါလား။

ဦးလျန်ကျင့်မန် လည်း အာဏာသိမ်းဖက်ဆစ်​ကောင်​တွေလက်​အောက်မှာ ဒီရာထူးနဲ့ တာဝန်ယူထားသူမို့ ​ခေသူမဟုတ် ။ဖက်ဆစ်စစ်တပ် လုပ်သလို စာ ၂ ​စောင်ထုတ်လိုက်ရုံနဲ့လူကြမ်းက​နေ မင်းသားလုပ်တဲ့ အကွက်​တွေ သူ့ကောင်း​ကောင်းသင်ယူးထားပြီးပြီမဟုတ်ပါလား ။

ဆက်စပ်သတင်းများ

သတင်း

YBS ယာဉ်စီးခ ဈေးနှုန်းတွေကို ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမယ့်အစီအစဥ်ကို ဝေဖန်မှုမြင့်တက်ခဲ့တာကြောင့် ပယ်ဖျက်လိုက်တယ်လို့ စစ်တပ် လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ကအခြေခံလူတန်းစားတွေ အဓိကအသုံးပြုနေတဲ့ YBS ယာဉ်စီးခတွေကို စက်တင်ဘာလကစတင်ပြီး အရင်‌ဈေးထက် ငါးဆယ်ရာခိုင်နှုန်းဈေးတက်လိုက်တာ​ကြောင့်ပြည်သူ​တွေအတွက် ဝန်ထုပ်ဝန်ပိုး ပိုဖြစ်စေတယ်လို့ ရန်ကုန်မြို့​နေပြည်သူတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ အလုံမြို့နယ်က ဆင်မင်းဈေးကားမှတ်တိုင်အနီးမှာ အသက်ကြီးပိုင်း အမျိုးသမီး ၁ဦး YBS-144 ယာဉ်တိုက်ပြီး သေဆုံးသွားတယ်လို့ အခင်းနေရာကို သွားရောက်ကူညီခဲ့တဲ့ ကြီးလေးကြီး လူမှူကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ရန်ကုန်မြို့၊လှိုင်မြို့နယ် ရွာမကွေ့ မှတ်တိုင်မှာ YBS(၂၂)တစ်စီး မီးခိုးတွေထွက်လာလို့ ကားတံခါးချက်ချင်းဖွင့်မပေးတာကြောင့် ခရီးသည်တွေက ကားပေါ်ကဆင်းဖို့ မှန်တွေရိုက်ခွဲဆင်းပြေးခဲ့ရတယ်လို့ သိရပါတယ်။