သြဂုတ်-၂၁၊၂၀၂၆။ရွှေပြည်စိုး၊နှင်း/People’s Spring
မြောင်မြို့နယ်၊ ဆွဲလဲအိုကျေးရွာဓမ္မာရုံမှာ ဒီနေ့ (ဝါတွင်းကာလဖြစ်တဲ့ဝါခေါင်လဆန်း ၈ရက်)ဥပုသ်နေ့ဖြစ်တာမို့ ဆရာတော်နဲ့ ဒေသခံတွေ တရားနာသီလယူနေကြစဉ် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ဒေသခံ ၁၀ ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။
“ဓမ္မာရုံတည့်တည့်ကို ကြဲတာ။ ဘုရားခန်းကို ဒဲ့ ကျတာ။ဘုန်းကြီးလည်းပျံလွန်တယ်။ စုစုပေါင်း ဆယ်ဦးကျော် သေဆုံးတယ်”လို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။
သြဂုတ်၂၁ ရက်မနက်၉နာရီ ဝန်းကျင်က ဆွဲလွဲအိုရွာ ရွာဦးဓမ္မာရုံက တရားစခန်းကိုဓမ္မာရုံကို စစ်တပ်ရဲ့ တံတားဦး လေတပ်က တက်လာတဲ့ဂျက်ဖိုက်တာနဲ့ ဗုံးလေးလုံးကြဲခဲ့တာလို့ ကနဦးသတင်းရရှိပါတယ်။သံဃာတော်တွေအပါအဝင်သေဆုံးသူများသလို ၊ဒဏ်ရာရသူတွေလည်း များပြားပြီး အရေးပေါ်ကုသနိုင်ဖို့ ကြိုစားနေရတယ်လို့အထက်ပါသတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement
“စစချင်း တော့ အသေ၆လောင်းရတယ်။ဒါပေမယ့်ထပ်တိုးနဲ့အခု သေဆုံး ၁၀ဦးလို့ သိရတယ်။အထိခိုက်လည်းများတယ်”လို့ ဒေသခံတဦးကလည်း ပြောပါတယ်။
ဓမ္မရုံမှာ ဝါတွင်းတရားစခန်းရှိပြီး ဒီနေ့ကဝါတွင်းကာလ ဥပုဒ် နေ့မို့ တရားနာလာတဲ့သူ တွေများတဲ့နေ့ဖြစ်ပါတယ်။
ထပ်မံရရှိတဲ့သတင်းတွေအရ သေဆုံးသူ ၁၂ ဦးရှိပြီး ဒဏ်ရာရသူ (၂၀) ဝန်းကျင်ရှိပြီလို့သိရပါတယ် ။အဆိုပါဘုန်းကြီးကျောင်းမှာ ၇ ရက်တရားစခန်းပြုလုပ်နေတာဖြစ်ပြီး ဒီနေ့က သုံးရက်မြောက်နေ့ဖြစ်ပါတယ် ။
စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်ဟာစစ်တပ်ထိန်းချုပ်နိုင်ခြင်းမရှိတဲ့မြို့နယ်ဖြစ်ပြီး စစ်တပ်က လေကြောင်းကနေ မကြာခဏဗုံးကြဲလို့ ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။
ဩဂုတ်လ၁၉ရက် နေ့ကလည်း မြောင်မြို့နယ်၊လှေတင်ဦး ကျေးရွာကို စစ်တပ်က ဗုံးကြဲခဲ့တာမို့ ပြည်သူ၂ဦး သေဆုံးပြီး ၁၉ဦး ထိခိုက်ဒဏ်ရာရခဲ့ပါ သေးတယ်။ဒါ့အပြင်သြဂုတ် ၂၀ ရက်ညကလည်း လေကြောင်းဗုံးကြဲတာမှာ အမျိုးသမီးအချို့ သေဆုံးခဲ့ပါတယ်။
လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးရဲဘော်တွေကသတိပေးထားပြီး လက်ရှိအခြေအနေကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
အာဏာသိမ်းစစ်တပ် နဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေဟာ အမျိုးဘာသာ သာသနာကိုစောင့်ရှောက်တယ်၊ ဗုဒ္ဓဘာသာကိုမြှင့်တင်တယ်လို့ တချိန်လုံးဝါဒဖြန့်ပေမယ့်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဘုန်းကြီးကျောင်းတွေ ၊ဘုရားတွေ ပါမရှောင် ဗုံးကြဲသတ်ဖြတ်တာ ၊လက်နက်ကြီးနဲ့ပစ်ခတ်တာ၊မီးရှို့တာတွေမကြာခဏလုပ်နေတာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာသာမက ခရစ်ယာန် ၊အစ္စလာမ်စတဲ့အခြားဘာသာဝင်တွေရဲ့အထွဋ်အမြတ်ထားရာ ဘုရားကျောင်းတွေ ၊ဘာသာရေးအဆောက်အအုံတွေ စသဖြင့် ဘာသာ၊လူမျိုး ၊ဒေသမခွဲခြားပဲ စစ်တပ်က ဗုံးကြဲတာ ၊မီးရှို့တာ ၊ အကြမ်းဖက်သတ်ဖြတ်တာတွေဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။


















































