သြဂုတ် – ၂၁ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ်မှာထိုင်းဘက်ကကုန်စည်သယ်လာတဲ့ကုန်ကားတွေကို အာဏာသိမ်းစစ်တပ်ကအဖမ်းအဆီးတင်းကျပ်နေပြီးလက်ရှိသြဂုတ်လ တတိယပတ်အတွင်းကားအစီးရေ ၈၀ ခန့်ကိုဖမ်းဆီးထားတယ်လို့ ကုန် သည်တွေနဲ့ နီးစပ်သူတွေထံကသိရပါတယ်။
သြဂုတ်လ တတိယပတ်အတွင်း ဘားအံမြို့ ၊လှာကမြင်ကွက်သစ်ရပ်မှာရှိတဲ့ ထိုင်းကုန်စည် သိုလှောင်ရာ ဂိုဒေါင်အဆောက်အဦးတွေကို စစ်တပ်ရဲ့ ကရင်ပြည်နယ် ၊လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဦးဆောင်တဲ့အဖွဲ့က ဝင်ရောက်ဖမ်းဆီးတာပါ။
ဘားအံမြို့နယ်နဲ့ လှိုင်းဘွဲမြို့နယ်အစပ် သိုက်တောရွာ၊ နန်းသာအုန်းရွာတွေမှာရှိတဲ့ကရင်အမျိုးသားတပ်မတော်(KNA/BGF) တပ်ဖွဲ့ လုံခြုံရေးယူထားတဲ့ သံလွင်မြစ်ကမ်းနံဘေးက စက်လှေဖောင်ဂိတ်တွေနဲ့ အဲဒီ ရွာတွေအနီးအနားတဝိုက်မှာရှိနေတဲ့ထိုင်းကုန်စည်တင်ထားတဲ့ကားအစီးရေဆယ်ချီ ဖမ်းဆီးသိမ်းဆည်းခံလိုက်ရတယ်လို့ ကုန်သည်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

Public Service Announcement
ထိုင်းကုန်စည်တင်ကားတွေဖမ်းဆီးခံလိုက်ရတဲ့အထဲမှာအပစ်ရပ်ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်ကြတဲ့ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(PC)တပ်ဖွဲ့ကကားတွေလည်းပါဝင်ပါတယ်။
အဲဒီကုန်ကားသမားတွေနဲ့ DKBA ၊ PC တပ်ဖွဲ့ဝင်အချို့ပါ အာဏာသိမ်းစစ်တပ်ကဖမ်းပြီး အမှုဖွင့်တယ်လို့သိရပါတယ်။
ဖမ်းခံရတဲ့DKBA ၊ PC တပ်ဖွဲ့ဝင်တွေပြန်လည်လွှတ်ပေးဖို့ အဲဒီတပ်ဖွဲ့တွေကညှိနှိုင်းပေမယ့် နေပြည်တော်ကနေ တိုက်ရိုက်လာရောက်ဖမ်းဆီးတဲ့စစ်တပ်အဖွဲ့က ညှိနှိုင်းမှုကိုလက်မခံဘဲ ဖမ်းဆီးရမိသူတွေကို ထောင်ချပစ်မယ်လို့ ကုန်သည်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဒါကြောင့် DKBA ၊ PC နဲ့ စစ်တပ်တို့အကြား တင်းမာမှုတွေဖြစ်ပေါ်နေတယ်လို့လည်း အဲဒီသတင်းရင်းမြစ်ကဆိုပါတယ်။
“DKBA ဗိုလ်လည်း(ဖမ်းခံရတာ)ပါတယ်၊လမ်းကြောင်းရှင်းပေးတဲ့သူ (DKBA ၊PCတပ်ဖွဲ့ဝင်)တွေကုန်ပစ္စည်းတွေအကုန်သိမ်းတယ်၊မထင်မှတ်ထားဘဲနဲ့ အငိုက်အလစ်မှာဖမ်းသွားတာပေါ့ ” လို့ ကုန်သည်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ထိုင်းကုန်ပစ္စည်းတွေဖမ်းဆီးသိမ်းဆည်းခံနေရတာကြောင့် ဘားအံမြို့မှာ ထိုင်းကုန်တွေ စျေးနှုန်းမြင့်တက်လာနေတယ်လို့လည်း သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာထိုင်း -မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာအဓိကအရေးပါတဲ့လမ်းကြောင်းဖြစ်တဲ့ မြ၀တီ-ကော့ကရိတ်-ဘားအံ အာရှလမ်းမကြီးနဲ့ အမှတ် (၂ )မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတားကို ပြန်လည်ဖွင့်လှစ်လိုက်ပေးမယ့်လည်း သွင်းကုန်တွေအပေါ် တင်းတင်းကျပ်ကျပ်ကန့်သတ်ထားပါတယ်။
ဖမ်းဆီးမှုတွေရှိနေတာကြောင့်ထိုင်းကုန်စည်သွင်းနေတဲ့ကုန်သည်တွေဟာအပစ်ရပ်ကရင်လက်နက် ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ လမ်းကြောင်းအသီးသီးကနေ သွားလာပို့ဆောင်နေတာပါ။
စစ်တပ်ထိန်းချုပ်တဲ့အာရှလမ်းမကြီးတလျှောက်နဲ့ဘားအံ၊ မော်လမြိုင်၊ ကော့ကရိတ်၊ လှိုင်းဘွဲ စတဲ့ မြို့နယ်ချင်းလမ်းတွေမှာရှိတဲ့ စစ်တပ်ရဲ့စစ်ဆေးရေးဂိတ်တွေမှာတော့ထိုင်းကုန်ပစ္စည်းတွေကို သယ်ဆောင်လာတာတွေ့ရင် သိမ်းဆည်းဖမ်းဆီးတာရှိသလို ငွေကြေးအများအပြား ငွေညှစ်တာတွေလည်းရှိနေတယ်လို့ ခရီးသွားတွေဆီက သိရပါတယ်။


















































