ထွန်းညိုဦး/People’s Spring
စစ်ကိုင်းတိုင်း၊ အင်းတော်ကွင်းလမ်းတနေရာမှာ ကုန်တင်ကားကြီးတွေ ဗွက်ထဲနစ်နေခဲ့တယ်။ ကွင်းလမ်းဆိုတာက မန္တလေး-မြစ်ကြီးနားလမ်းက ပိတ်ထားတဲ့အတွက် ကွင်းပြီးသွားရတဲ့လမ်းကို ဆိုလိုတာပါ။ စစ်တပ်ပိတ်တာရော၊ တိုက်ပွဲတွေကြောင့် ပိတ်တာရောပေါ့။
အရင်ရက်ပိုင်းက မိုးကောင်းခဲ့တာကြောင့် နဂိုကတည်းကမှ မကောင်းခဲ့တဲ့လမ်းတွေဟာ ဘီးကြီးကားတွေသွားရင်း၊ ဗွက်နစ်လို့ ထွန်စက်တွေနဲ့ ဆွဲရင်း လမ်းတွေ ပိုဆိုးသွားတော့တယ်။ အဲဒီအချိန်မှာ အားကိုးရတာက ဆင်တွေပါ။
ကွင်းလမ်းတွေမှာ ဆင်တွေဟာ ဗွက်နစ်တဲ့ကားတွေကို ဆွဲပေးကြဖို့ အသင့်စောင့်နေခဲ့ကြတယ်။ တချို့ဆို ဆင်ပေါက်ကလေးကအစ ပါသေးတယ်။ လသားကလေးတွေသာ ရှိသေးတာမို့ ဆင်အမေကြီးနောက် တကောက်ကောက်လိုက်ရင်း ပါလာကြတာပါ။

Public Service Announcement
ဆင်တွေခမျာလည်း စစ်တပ်အာဏာသိမ်းကာလ အစစအရာရာ ရှားပါးလွန်းလှတာကြောင့် အစောရေစာ ဝပုံမရဘူး။ အရိုးတွေဆို ထင်းထင်းကြီးပေါ်လို့။ သို့ပေသိ သူတို့ရှိတဲ့ ခွန်လေးအားလေးနဲ့ ကားတွေဆွဲဖို့ ပြင်ကြတယ်။
ဆင်ကလေးရဲ့မေမေအပါအဝင် ဆင်ကြီးနှစ်ကောင်ကို ကြီးမားလှတဲ့ သံကြိုးကြီးတွေ ဆင်လိုက်ကြတယ်။ တခါတလေဆို ၃ ကောင်ပေါ့။ တဖက်က သံကြိုးစတွေကို နောက်က ကုန်တင်ကားကြီးမှာ သွားချည်တယ်။ ဆင်ဦးစီးက ချွန်းပေါက်ပြီးခိုင်းတော့ မေမေဆင်ကြီးတို့ ရှေ့ကနေ ရုန်းရတော့တာပေါ့။ ဆင်ပေါက်စကလေးကတော့ မေမေတို့ရှေ့ကနေ သွားတာပေါ့။ ကားနောက်မှာလည်း ဆင်ကြီးတစ်ကောင် ရှိပါသေးတယ်။ အဲဒီဆင်ကြီးကတော့ ကားကို ဦးခေါင်းနဲ့တွန်းပေးနေတာပါ။
ရှေ့က ဆင်အမေကြီးအပါအဝင် ဆင်ကြီးနှစ်ကောင်လည်း အားနဲ့မာန်နဲ့ ဆွဲရှာပါတယ်။ ဆင်ကြီးတွေ ခန္ဓာကိုယ်ပေါ် ကျောပေါ်နဲ့ လည်ပင်းတဝိုက်
သံကြိုးရာတွေထင်တဲ့အထိ ဆွဲကြတယ်။ ကြီးမားလှတဲ့ သူတို့ ခန္ဓာကိုယ်ဟာ ရှေ့ကို တိမ်းစောင်းနေပြီး၊ ရွှံ့ဗွက်တွေထဲမှာ ခြေထောက်တွေတောင် နစ်ဝင်ကုန်တယ်။ ကုန်းရုန်းဆွဲရလွန်းလို့ သူတို့နှာမောင်းတွေ၊ အစွယ်တွေတောင် မြေသားနဲ့ထိနေပါပြီ။ အဲဒီလောက်ဆွဲတာတောင် ကားက တုပ်တုပ်တောင်မလှုပ်။
ဆင်အမေကြီး ခေါင်းပေါ်မှာလည်း တဖြောင်းဖြောင်းနဲ့ ရိုက်ခံနေရတယ်။ ဆင်ကြီးတွေခမျာ အားကုန်သုံးနေရလို့ တဝူးဝူးနဲ့ ငယ်သံပါအောင် ရုန်းရှာတယ်။
နောက်ဆုံး ဆင်အမေကြီးတတွေ ဒူးတွေမြေပေါ် ညွတ်စိုက်တဲ့အထိ ဆွဲလိုက်ကြတယ်။ အဲဒီအခါကျမှ နောက်က ကုန်တင်ကားကြီး တအိအိနဲ့ ပါလာပါတော့တယ်။
ဆင်ကြီးတွေဟာ ကုန်တင်ကားကြီးတွေရော အိမ်စီးကားလေးတွေပါ ဆွဲရပါတယ်။ ဆင်ကြီးတွေ နာနာကျင်ကျင် ဆွဲနေကြတာမြင်ရတော့ ခရီးသည်တချို့ မျက်ရည်ဝဲကြတာပေါ့။ စိတ်မခိုင်တဲ့မိန်းမသားတွေများဆို တဟီးဟီးငိုချကြသတဲ့။ မျက်ရည်ပိုးပိုးပေါက်ပေါက် ကျကြရသတဲ့။
ကားသမားတွေလည်း ဆင်တွေကို မြင်ရတာ ဘယ်စိတ်သက်သာပါ့မလဲ။ ငွေလည်း ပိုကုန်သေး။ စိတ်လည်းထိခိုက်ရ။ သို့ပေသိ ဘက်ဟိုးနဲ့တောင် ဆွဲမရတော့ စိတ်မကောင်းပေသိ ဆင်ငှားရတော့တာပါ။
ကားတစ်စီး ဗွက်ထဲကလွတ်မြောက်သွားရင် ဆင်ကြီးတွေ အချိန်ခဏလေးတော့ အနားရတာပေါ့။ ခဏဆိုမှလည်း တကယ်ခဏလေးပါ။ နောက်မှာ ဗွက်နစ်နေလို့ ဆွဲခိုင်းဖို့ စောင့်နေတဲ့ကားတွေက ထိုထိုကြီးတန်းနေတာကိုး။


















































