အီရန်အပေါ် စီးပွားရေးအရ ပြင်းပြင်းထန်ထန် အရေးယူ ပိတ်ဆို့မှုတွေမှာ ပါဝင်ဖို့ အမေရိကန်ရဲ့ တောင်းဆိုမှုကို တရုတ် အစိုးရက ပယ်ချခဲ့ပါတယ်။
အခု သီတင်းပတ်ထဲမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့်တို့က အီရန်အပေါ် သမိုင်းတလျှောက် အပြင်းထန်ဆုံး စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ဆောင်သွားမယ်လို့ အသီးသီး ပြောကြားခဲ့ပါတယ်။ ထရမ့်က အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုကနေ အီရန်အတွက် အသက်ရှူပေါက်ရအောင် ကူညီတဲ့ ဘယ်နိုင်ငံကိုမဆို ပြစ်ဒဏ် ခတ်သွားမယ်လို့ပါ ခြိမ်းခြောက်ခဲ့ပါတယ်။
ဒါပေမဲ့ အီရန်ရဲ့ အဓိက ကုန်သွယ်ဖက် နိုင်ငံတစ်ခုဖြစ်တဲ့ တရုတ်ကတော့ အမေရိကန် အစိုးရ တောင်းဆိုထားတဲ့ ကိစ္စကို လိုက်လျောမှာ မဟုတ်တဲ့အကြောင်း တုံ့ပြန်ခဲ့ပါတယ်။
တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဩဂုတ် ၂၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ရာမှာတော့ အီရန်စစ်ပွဲနဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုတွေကို ဖြေရှင်းရာမှာ ပိတ်ဆို့အရေးယူမှုတွေ၊ ဖိအားပေးမှုတွေက အကူအညီ ဖြစ်စေမှာ မဟုတ်ဘူးလို့ ဖော်ပြထားခဲ့ပါတယ်။ အဲဒီနည်းလမ်းတွေဟာ ဒေသတွင်း တင်းမာမှုတွေကိုသာ ပိုဆိုးသွားစေလိမ့်မယ်လို့လည်း တရုတ်က ဆိုပါတယ်။

Public Service Announcement
စီးပွားရေးအရ အတင်းအကျပ် ဖိနှိပ်တာမျိုးထက်စာရင် အမေရိကန် အပါအဝင် ပတ်သက်ဆက်နွှယ်သူ အားလုံးဟာ နိုင်ငံရေး၊ သံတမန်ရေး နည်းလမ်းတွေနဲ့သာ ဆွေးနွေးညှိနှိုင်းသင့်တယ်လို့လည်း တရုတ်က ထုတ်ပြန်ပါတယ်။
တစ်ဖက်မှာတော့ ထရမ့်က အီရန်အပေါ် စစ်ရေးအရ ထိုးနှက်မှုတွေကို လျှော့ချပြီး စီးပွားရေးအရ ကျပ်ကျပ်တည်းတည်း ဖိအားပေးသွားမယ့် ဗျူဟာမျိုး ပြောင်းလဲ ကျင့်သုံးမယ်လို့ ကြေညာထားပါတယ်။ သူက အဲဒီနည်းလမ်းကို စီးပွားရေးအရ စစ်ဆင်ရေး ဆင်နွှဲမှုလို့ သုံးနှုန်းထားပါတယ်။
ဘယ်နိုင်ငံမှာမှ မကြုံဖူးလောက်အောင် အရက်စက်ဆုံး စီးပွားရေးဆိုင်ရာ ထိုးနှက်မှုမျိုးကို အမေရိကန်က လုပ်ဆောင်မှာဖြစ်ကြောင်း၊ စီးပွားရေးအရ စစ်ဆင်ရေး ဆင်နွှဲမှုဒဏ်ကြောင့် အီရန်ဟာ ဘယ်တုန်းကမှနဲ့ မတူအောင် အထီးကျန်တဲ့ဒဏ်ကို ခံလာရမှာဖြစ်ကြောင်း ထရမ့်က လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားထားခဲ့ပါတယ်။
အီရန်နိုင်ငံအပေါ် အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေမှာ ပါဝင်ဖို့ အမေရိကန်က တောင်းဆိုထားမှုကို စီးပွားရေး D-Dayခေါ်မှုလို့ ရည်ညွှန်း သုံးနှုန်းနေပါတယ်။ အီရန် အစိုးရကတော့ အဲဒီလုပ်ရပ်ဟာ စီးပွားရေး D-Day မဟုတ်ဘဲ စီးပွားရေး အကြမ်းဖက် ဝါဒသာဖြစ်ပြီး ကျိန်းသေပေါက် ကျရှုံးလိမ့်မယ်လို့ ပြောပါတယ်။ စီးပွားရေး D-Dayလို့ ပြောနေတဲ့ ကိစ္စဟာ အမေရိကန်ရဲ့ အကျပ်အတည်းတွေကနေ အာရုံလွှဲမယ့် အကြံအစည် တစ်ခုသာ ဖြစ်ကြောင်း၊ အမေရိကန်ဟာ မကြုံစဖူး ကြွေးမြီမြင့်တက်မှုနဲ့ အတိုးတွေ ပိတဲ့ဒဏ်ကို ခံနေရကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီက လူမှုကွန်ရက် မီဒီယာ Xကနေ ထိုးနှက်ခဲ့ပါတယ်။
အမေရိကန်ဟာ လက်ဘနွန် အခြေစိုက် အီရန်မဟာမိတ် ဟစ်ဇ်ဘိုလာ ပြောက်ကျားအဖွဲ့ရဲ့ ဘဏ္ဍာရေး ကွန်ရက်တွေကို ထိုးနှက်မယ့် စီးပွားရေး ပိတ်ဆို့မှု အစီအစဉ်တွေကိုလည်း ဩဂုတ် ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားခဲ့ပါသေးတယ်။
ကိုးကား: AFP


















































