ဩဂုတ်-၂၃၊၂၀၂၆။မိုမို/People’s Spring
စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အမှတ်- ၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။
လက်ရှိကာလမှာ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်နယ်မြေအတွင်း စစ်တပ်နဲ့ တိုက်ရိုက်ပတ်သက်ဆက်နွှယ်တဲ့ တားမြစ်ကန့်သတ်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားတဲ့ထုတ်ကုန်တွေ ဒေသအတွင်း ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ရောင်းဝယ် ဖောက်ကားမှုတွေ ပြုလုပ်လာတာကြောင့်လို့ ဆိုပါတယ်။
သက်ဆိုင်ရာ ကြားကာလမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ရဲ့လမ်းညွှန်မှုအပေါ် ဒေသအတွင်းက ပြည်သူတွေ

Public Service Announcement
အနေနဲ့ စစ်တပ်နဲ့ ပတ်သက် ဆက်နွှယ်မှုရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို တတ်နိုင်သမျှ ရှောင်ရှားနိုင်စေဖို့နဲ့ အဲဒီလုပ်ငန်းတွေက ရရှိတဲ့ စီးပွားရေး အကျိုးအမြတ်တွေကို တဆင့်ခံဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ အကြမ်းဖက်စစ်တပ်ကို ပံ့ပိုးမှု မဖြစ်စေဖို့လည်း ရည်ရွယ်တဲ့ကန့်သတ်တားမြစ်ချက်လို့ အသိပေးပါတယ်။
“စစ် ၃ စစ် ဆန့်ကျင်ရေးဖြစ်တဲ့ စစ်တပ်၊ စစ်အုပ်ချုပ်ရေး၊စစ် ဗြူရိုကရေစီ တိုက်ဖျက်ရေးမှာ စစ်တပ်ထုတ်ကုန်တွေ ထဲက တားမြစ်ကုန် ၊ ကန့်သတ်ကုန်များကို လူထု တစ်ရပ်လုံး ဆက်လက် Boycott ရခြင်းဟာ စစ်ဗြူရိုကရေစီကို တော်လှန် တိုက်ဖျက်ခြင်း ဖြစ်တယ်”လို့ KNDF အမှတ်-၂ စစ်ဒေသတာ၀န်ရှိသူက ပြောပါတယ်။
ဒါ့အပြင် တော်လှန်ရေး စိတ်ဓာတ်ကိုအသစ်တစ်ဖန် ပြန်လည် နိုးကြားစေဖို့ လူထုနဲ့ အတူ တပ်အားလုံး ပူးပေါင်းကြဖို့လည်း တိုက်တွန်းထားပါတယ်။
ကန့်သတ်တားမြစ် ထုတ်ကုန်တွေမှာ Dagon Beer ၊Myanmar Beer၊Black Shield Beer၊Andaman Beer
၊Mandalay Beer နဲ့ Premium Gold ၊Red Ruby ဆေးလိပ်တွေပါ၀င်တယ်လို့ အသိပေးပါတယ်။
တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်နယ်မြေအတွင်းစစ်တပ်နဲ့ ဆက်နွယ်တဲ့ တားမြစ် ကန့်သတ်ကုန်တွေကို ဒေသတွင်း ရောင်းဝယ်ဖောက်ကားတာ မလုပ်ဖို့တော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး လက်ကမ်းစာစောင်တွေနဲ့လည်း လူထုကို လိုက်လံ အသိပေးခဲ့တယ်လို့ KNDF အမှတ် ၂ စစ်ဒေသက ဆိုပါတယ်။
ဒါ့အပြင် စစ်တပ်ထုတ်ကုန်ကန့်သတ်တားမြစ်မယ့် ကြေညာချက်ကိုနန်းမယ်ခုံမြို့နယ်၊လွိုင်ကော်မြို့နယ်၊ဒီးမော့ဆိုမြို့နယ် ပူးပေါင်းအုပ်ချုပ်ရေးကောင်စီတွေ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ်(၁၁) ရှမ်းတောင်-ကယား(ကရင်နီ) တိုင်းစစ်ဒေသ၊ DMO Local PDF၊ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)နဲ့ ကရင်နီပြည်တပ်မတော် (KA) တို့ဆီလည်း ပေးပို့ထားတယ်လို့ သိရပါတယ်။
စစ်တပ်နဲ့ တိုက်ရိုက်ပတ်သက်ဆက်နွှယ်မှုရှိတဲ့ အရက်၊ ဘီယာ နဲ့ ဆေးလိပ်စတဲ့ ကုန်စည်တွေကို သယ်ယူပို့ဆောင်တာ၊ရောင်းဝယ် ဖောက်ကား သုံးစွဲတာ မလုပ်ဘဲ တော်လှန်ရေးအင်အားစုတွေနဲ့ အတူ စစ်အာဏာရှင်စနစ် တော်လှန်ရေးလမ်းစဉ်မှာ တစ်ဖက်တစ်လမ်းက ပါဝင်ကူညီ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

















































