အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီ မြို့တော်မှာ ကျင်းပခဲ့တဲ့ IndyCar ကားပြိုင်ပွဲကို သမ္မတ ဒေါ်နယ်လ်ထရမ့်က တက်ရောက် အားပေးပြီး ပြိုင်ပွဲစတင်ဖို့ အချက်ပေးတဲ့ အလံစိမ်းကို ဝှေ့ရမ်း အချက်ပြပေးခဲ့ပါတယ်။
ဩဂုတ် ၂၃ ရက်နေ့က ပြိုင်ပွဲဟာ အမေရိကန် လွတ်လပ်ရေး ရရှိမှု နှစ်ပေါင်း ၂၅၀ ပြည့် အထိမ်းအမှတ် အစီအစဉ်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။
ပြိုင်ပွဲ မစခင်မှာတော့ ထရမ့်နဲ့ သမ္မတကတော် မယ်လာနီယာ ထရမ့်တို့ စီးနင်းလိုက်ပါလာတဲ့ သမ္မတ စီးတော်ယာဉ် The Beast မော်တော်ကားကြီးဟာ ပြိုင်ပွဲလမ်းကြောင်းအဖြစ် သတ်မှတ်ထားပြီး ၁.၇ ကီလိုမီတာရှည်တဲ့ ပတ်လမ်းကို တစ်ပတ်လှည့်လည် မောင်းနှင်ခဲ့ပါတယ်။
The Beastက ပန်းဝင်တဲ့စည်းကို ရောက်ရှိချိန်မှာပဲ အမေရိကန် သမ္မတ စီးတော်လေယာဉ် အသစ်ကြီး Air Force Oneဟာ ကားပြိုင်ပွဲ ကျင်းပမယ့် နေရာရဲ့အထက် ကောင်းကင်ယံမှာ တိုက်လေယာဉ်လေးစီး ခြံရံပြီး ပျံသန်းပြခဲ့ပါတယ်။

Public Service Announcement
Freedom 250 Grand Prixလို့ နာမည်ပေးထားတဲ့ ပြိုင်ပွဲဟာ ဝါရှင်တန်ဒီစီ မြို့တော် သမိုင်းတလျှောက်မှာ ပထမဆုံး ကျင်းပတဲ့ IndyCar ပြိုင်ပွဲလည်း ဖြစ်လာပါတယ်။ ဝါရှင်တန်ဒီစီမှာ အမြင့်ဆုံး သတ်မှတ်မြန်နှုန်းဟာ တစ်နာရီ ၅၅ မိုင်နှုန်း ဖြစ်တာကြောင့် အမေရိကန် တစ်နိုင်ငံလုံးမှာ မြန်နှုန်းကန့်သတ်ချက် အတင်းကျပ်ဆုံး နေရာတစ်ခုလို့ ဆိုနိုင်ပါတယ်။
ဒါပေမဲ့ ဩဂုတ် ၂၃ ရက်နေ့ကတော့ ကမ္ဘာပေါ်မှာ အရည်အချင်း အရှိဆုံး ပြိုင်ကားသမားတွေ အပြိုင်အဆိုင် အမြန်နှုန်းတင် မောင်းနှင်ခဲ့ကြပါတယ်။ ကမ္ဘာပေါ်က အကျော်ကြားဆုံး အထိမ်းအမှတ် အဆောက်အအုံတွေ၊ ပြတိုက်ကြီးတွေနားက ဖြတ်မောင်းသွားချိန်မှာ တချို့ပြိုင်ကားတွေရဲ့ မြန်နှုန်းဟာ တစ်နာရီကို မိုင် ၁၉၀ နှုန်းထိ ရောက်ရှိခဲ့ပါတယ်။
ပြိုင်ကားကွင်းကို စုစုပေါင်း ၁၄၇ ကြိမ် ပတ်ရတဲ့ ပြိုင်ပွဲမှာ ပရော်ဖက်ရှင်နယ် ပြိုင်ကားသမား ၂၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ကိုင်လီ ကာ့ခ်ဝုဒ်က အနိုင်ရသွားခဲ့ပါတယ်။ ဒါဟာ IndyCar ပြိုင်ပွဲတွေမှာ သူ့ရဲ့ ၇ ကြိမ်မြောက် ချန်ပီယံဆုလည်း ဖြစ်လာပါတယ်။
ကမ္ဘာကျော် Formula 1 ပြိုင်ပွဲတွေလိုပဲ IndyCarဟာ တစ်ယောက်စီး ပြိုင်ကားတွေ အပြိုင်မောင်းနှင်ကြတာပါ။ Formula 1နဲ့ ကွဲပြားတဲ့ အဓိက အချက်ကတော့ Formula 1မှာ ကားကုမ္ပဏီ အသီးသီးက ပြိုင်ပွဲဝင် ကားတွေနဲ့ အင်ဂျင်တွေကို ကိုယ်တိုင် တည်ဆောက်ကြပေမယ့် IndyCarမှာတော့ Hondaနဲ့ Chevroletတို့က တည်ဆောက်ပေးထားတဲ့ အင်ဂျင်တွေကိုပဲ အသုံးပြုပါတယ်။
ဝါရှင်တန်ဒီစီက ကားပြိုင်ပွဲကို ပရိသတ် ၁၄၀၀၀၀ လောက် တက်ရောက် အားပေးခဲ့တယ်လို့ ယုံကြည်ရပြီး လက်မှတ် အများစုကို မဲဖောက်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အထူးတန်း လက်မှတ်တွေကိုတော့ လူနှစ်ဦးစာအတွက် ဒေါ်လာ ၅၀၀၀ နဲ့ ရောင်းချခဲ့ပါတယ်။
ပြိုင်ပွဲမတိုင်ခင်မှာတော့ မြို့ထဲက လမ်းတွေကို စင်းလုံးချော ညီညာအောင် ပြန်ခင်းတာ၊ ကျင်းတွေ ချိုင့်ခွက်တွေ မရှိအောင် စစ်ဆေးတာတွေ သေချာ လုပ်ဆောင်ထားသလို ပြိုင်ပွဲကျင်းပချိန် လမ်းတွေကိုလည်း ပိတ်ထားခဲ့ပါတယ်။
Air Force Oneရဲ့ ဂုဏ်ပြုပျံသန်းမှု အစီအစဉ်ကြောင့် ရော်နယ်လ်ရေဂင် ဝါရှင်တန် နိုင်ငံတကာ လေဆိပ်မှာလည်း ၃ နာရီကြာ ပျံသန်းမှုတွေ ပိတ်ထားခဲ့ပါတယ်။
ထရမ့်ဟာ အမေရိကန် လွတ်လပ်ရေး နှစ် ၂၅၀ ပြည့် အခမ်းအနားတွေကို ဝါရှင်တန်ဒီစီမှာ စည်စည်ကားကား ကျင်းပဖို့ တွန်းအားပေးခဲ့ပြီး အိမ်ဖြူတော်မှာလည်း ဇွန်လ ၁၄ ရက်နေ့တုန်းက ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေး (MMA) အားကစား ပြိုင်ပွဲတစ်ခုကို Ultimate Fighting Championship (UFC) အဖွဲ့အစည်းနဲ့ ပူးပေါင်းပြီး ကျင်းပစေခဲ့ပါသေးတယ်။
ကိုးကား: BBC


















































