Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယား အရေးအတွက် နီးနီးကပ်ကပ် ဆက်လက်ပူးပေါင်းဖို့ အမေရိကန်နဲ့ တောင်ကိုရီးယား သဘောတူ

မြောက်ကိုရီးယား နျူကလီးယား အရေးနဲ့ ပတ်သက်ရင် နှစ်နိုင်ငံ နီးနီးကပ်ကပ် ဆက်လက် ပူးပေါင်းပြီး ကိုင်တွယ်ဖို့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - MINISTRY OF FOREIGN AFFAIRS

မြောက်ကိုရီးယား နျူကလီးယား အရေးနဲ့ ပတ်သက်ရင် နှစ်နိုင်ငံ နီးနီးကပ်ကပ် ဆက်လက် ပူးပေါင်းပြီး ကိုင်တွယ်ဖို့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။

တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ချိုဟွန်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုတို့ဟာ ဩဂုတ် ၂၄ ရက်နေ့က ဖုန်းဆက် ဆွေးနွေးခဲ့တဲ့နောက် မြောက်ကိုရီးယား နျူကလီးယား အရေးအတွက် နှစ်နိုင်ငံ နီးနီးကပ်ကပ် ဆက်သွယ်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက် ထားရှိဖို့ သဘောတူခဲ့ကြောင်း ယွန်ဟပ် သတင်းဌာနကလည်း ဖော်ပြခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ တောင်ကိုရီးယားဖက်နဲ့ ဖုန်းဆက်သွယ် စကားပြောမှုတစ်ခု ရှိခဲ့ကြောင်း ခပ်တိုတိုပဲ ထုတ်ပြန်ခဲ့ပါတယ်။ အစဉ်အလာ မဟာမိတ် နိုင်ငံနှစ်ခုကြားမှာ တင်းမာမှုတချို့ ဖြစ်ပေါ်နေချိန်မှာ အခုလိုမျိုး နိုင်ငံခြားရေး ဝန်ကြီးနှစ်ဦးကြား ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းကို ပုဂ္ဂိုလ်ရေးအရ ချီးကျူးခဲ့ပြီး တစ်ဖက်မှာတော့ အီရန်စစ်ပွဲမှာ ကူညီတိုက်ခိုက်ပေးဖို့ ငြင်းဆိုတဲ့ မဟာမိတ် တောင်ကိုရီးယားကို အတိအလင်း ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ ဒါတင် မကသေးဘဲ နှစ်စဉ် ပူးပေါင်းလုပ်ဆောင်နေကျ တောင်ကိုရီးယား-အမေရိကန် စစ်ရေးလေ့ကျင့်မှု အစီအစဉ် တစ်ခုကိုလည်း ထရမ့်ရဲ့ အမိန့်ကြောင့် အမေရိကန် စစ်တပ်က အတိုင်းအတာ ပမာဏ သိသိသာသာ လျှော့ချပစ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ချိုနဲ့ ရူဘီရိုတို့ဟာ နှစ်နိုင်ငံ မဟာမိတ် ဆက်ဆံရေးနဲ့ ဆက်နွှယ်တဲ့ အရေးကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြောင်း၊ မဟာမိတ်ပြုမှု ရည်ရွယ်ချက်ရဲ့ အဓိက အစိတ်အပိုင်းတွေမှာ နက်နက်ရှိုင်းရှိုင်း ဆက်သွယ်ပူးပေါင်းမှုတွေ လိုအပ်နေဆဲ ဆိုတာကို ရူဘီရိုက အသိအမှတ် ပြုခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ မြောက်ကိုရီးယား နျူကလီးယားလက်နက် ဖျက်သိမ်းရေးအတွက် အမေရိကန်နဲ့ သံတမန်ရေး ပူးပေါင်း အားထုတ်မှုတွေကို ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဖော်ပြမထားတော့ဘဲ မြောက်ကိုရီးယား နျူကလီးယား အရေးကို ဖြေရှင်းဖို့ အထူးအာရုံစိုက်သွားမယ် ဆိုတာမျိုးသာ ပါရှိလာခဲ့ပါတယ်။

နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ မြောက်ကိုရီးယား နျူကလီးယား အရေးနဲ့ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးအတွက် အပြန်အလှန် ဆက်သွယ်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေကို နီးနီးကပ်ကပ် ထိန်းသိမ်းထားဖို့၊ ကာကွယ်ရေးဆိုင်ရာ အစီအမံတွေမှာ ကျစ်ကျစ်လစ်လစ် ချိတ်ဆက်မှုတွေ ဆက်လက်ထားရှိဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ ယွန်ဟပ် သတင်းဌာနက တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနကို ကိုးကားပြီး ဖော်ပြသွားပါတယ်။

မကြာသေးခင်က ထရမ့်ဟာ မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး အကောင်းမြင် သဘောမျိုး မှတ်ချက်တွေ ပေးခဲ့တာနဲ့ ပတ်သက်ပြီး ချိုကတော့ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးကို ဆောင်ယူလာနိုင်မယ့် အမေရိကန်-မြောက်ကိုရီးယား ဆွေးနွေးပွဲတွေ ပြန်လည်စတင်ရေး အခင်းအကျင်းတစ်ခုလို့ မျှော်လင့်ထားကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ ထရမ့်ဟာ မြောက်ကိုရီးယား ခေါင်းဆောင်အပေါ် ရင်းနှီးမှု ပြသတဲ့ စကားတွေ ပြောခဲ့သလို တောင်ကိုရီးယားကိုလည်း ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ ထရမ့်က သူဟာ နှစ်ကုန်ပိုင်းလောက်မှာ ကင်မ်နဲ့ လူချင်းတွေ့ဖို့ မျှော်မှန်းကြောင်းလည်း ဆိုပါတယ်။ ထရမ့်ဟာ သူ့ရဲ့ ပထမအကြိမ် သမ္မတ သက်တမ်းအတွင်းမှာ ကင်မ်နဲ့ ၃ ကြိမ် တွေ့ဆုံဖူးပေမယ့် လက်ရှိ ဒုတိယ သက်တမ်းမှာတော့ မဆုံဖြစ်ကြသေးပါဘူး။

ဩဂုတ် ၂၄ ရက်နေ့မှာတော့ တောင်ကိုရီးယားက နှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင့်မယ့် ကမ်းတက်စစ်ဆင်ရေး မရိန်းတပ်ဖွဲ့ ပူးပေါင်းလေ့ကျင့်မှု တစ်ခုကို အမေရိကန်ဖက်က ဖျက်သိမ်းတဲ့ အကြောင်းကိုလည်း ကြေညာခဲ့ပါတယ်။ စက်တင်ဘာလထဲမှာ ပြုလုပ်ဖို့ ရည်ရွယ်ထားတဲ့ လေ့ကျင့်မှုကို အီရန်စစ်ပွဲကြောင့် အမေရိကန်က ပယ်ဖျက်ခဲ့တာလို့ ဆိုပါတယ်။ အီရန်စစ်ပွဲနဲ့ ဆက်စပ်ပြီး အမေရိကန်အတွက် စစ်ရေးဆိုင်ရာ ရွေးချယ်စရာနဲ့ ထုတ်နုတ်အင်အား အကန့်အသတ်တွေ ရှိနေတဲ့အတွက် အခုလို ဆုံးဖြတ်ခဲ့တာလို့လည်း သိရပါတယ်။ Ssangyong စစ်ရေးလေ့ကျင့်မှုဟာ နှစ်နိုင်ငံ မရိန်းတပ်ဖွဲ့တွေ ပေါင်းပြီး စစ်သင်္ဘောတွေ၊ လေယာဉ်တွေ၊ ခြေလျင်တပ်တွေက ကမ်းတက်စစ်ဆင်ရေး ဆင်နွှဲမှုတွေကို လက်တွေ့ လုပ်ဆောင်ဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်အပေါ် အပြင်းထန်ဆုံး ပိတ်ဆို့မှု အသစ်တွေ သတ်မှတ်ကျင့်သုံးမယ်ဆိုတဲ့ အမေရိကန် ခြိမ်းခြောက်မှုဟာ ကြံမိကြံရာတွေ လျှောက်လုပ်နေတယ် ဆိုတာကို ညွှန်ပြပြီး ကျိန်းသေပေါက် ကျရှုံးလိမ့်မယ်လို့ အီရန် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ ကုန်သွယ်ရေး ကိစ္စ ဆွေးနွေးမှုတွေ ပျက်ပြယ်သွားတဲ့နောက် အမေရိကန်က အခွန်တိုးမြှင့် စည်းကြပ်မှုတိုင်းကို တူတူညီညီ လက်တုံ့ပြန်သွားမယ်လို့ ကနေဒါ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

ဆောင်းပါး

ထရမ့်ကို အခွန်(tariff) တိုးကောက်ခွင့် အာဏာအသစ်တွေ ပေးတာဟာ ယူကရိန်းကို ကူညီရာ မရောက်ပါ။

နိုင်ငံတကာ

အီရန်အပေါ် စီးပွားရေးအရ ပြင်းပြင်းထန်ထန် အရေးယူ ပိတ်ဆို့မှုတွေမှာ ပါဝင်ဖို့ အမေရိကန်ရဲ့ တောင်းဆိုမှုကို တရုတ် အစိုးရက ပယ်ချခဲ့ပါတယ်။