Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်အပေါ် ပိတ်ဆို့မှု အသစ်တွေ အမေရိကန် ကြေညာ၊ ကြိုတင်ပြင်ဆင်ပြီးသားလို့ အီရန်တုံ့ပြန်

အီရန်အပေါ် ပိတ်ဆို့ အရေးယူမှု အသစ်တွေ ကြေညာခြင်းနဲ့အတူ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံဟာ ကြုံဖူးသမျှ အကြီးမားဆုံး ဘဏ္ဍာရေးဆိုင်ရာ ထိုးနှက်ချက်မျိုးကို ကြုံတွေ့လာတော့မယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အီရန်အပေါ် ပိတ်ဆို့ အရေးယူမှု အသစ်တွေ ကြေညာခြင်းနဲ့အတူ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံဟာ ကြုံဖူးသမျှ အကြီးမားဆုံး ဘဏ္ဍာရေးဆိုင်ရာ ထိုးနှက်ချက်မျိုးကို ကြုံတွေ့လာတော့မယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ဩဂုတ် ၂၄ ရက်နေ့မှာတော့ ‘အီရန်အပေါ် စီးပွားရေး D-Day’သတ်မှတ်ခြင်းလို့ ကြွေးကြော်ထားတဲ့ အရေးယူ ပိတ်ဆို့မှု အစီအစဉ်နဲ့ ပတ်သက်လို့ အချက်အလက် အသစ်တွေကို ဘက်ဆန့်က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ဟာ အီရန်နဲ့ စီးပွားရေးဆိုင်ရာ ဆက်နွှယ်မှု အားလုံးကို အဆက်ဖြတ်တောက်မှာ ဖြစ်သလို အီရန်နဲ့ ငွေရေးကြေးရေး ပူးပေါင်းဆောင်ရွက်တဲ့ နိုင်ငံတိုင်း အမေရိကန်ရဲ့ ဖယ်ထုတ်မှုကို ခံရမှာ ဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။

တစ်ဖက်မှာတော့ အမေရိကန် အစိုးရဟာ အီရန်နဲ့ စစ်ပွဲကို ရပ်တန့်နိုင်ဖို့အတွက် လိုက်လျောမှု တချို့၊ ဆွေးနွေးချိန်တွေကို ချဲ့ထွင်ပေးတာတချို့ ရှိနေပါတယ်။ အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှု အစီအမံ အသစ်တွေနဲ့ ပတ်သက်ပြီး တောင့်ခံဖို့ အီရန်က ၂ နှစ် စီမံကိန်း ကြိုတင်ပြင်ဆင် ရေးဆွဲထားတယ်လို့ အီရန် စီးပွားရေး ဝန်ကြီး အလီ မာဒါနီဇာဒါးက ပြောပါတယ်။ သူက အီရန်ဟာ အမေရိကန်ကို ဒီကိစ္စမှာလည်း အနိုင်ယူပြနိုင်ဦးမှာ သေချာကြောင်း ဆိုပါတယ်။

အီရန်နဲ့ စစ်ပွဲမှာ စစ်ရေးအရ ထိုးနှက်မှုတွေကို လျှော့ချပြီး စီးပွားရေးအရ တင်းတင်းမာမာ ဖိအားပေးသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့တဲ့နောက် အခုလိုမျိုး စီးပွားရေး ပိတ်ဆို့မှု အသစ်တွေကို သတ်မှတ်လာခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဘက်ဆန့်က ကမ္ဘာ့နိုင်ငံ အသီးသီးနဲ့ အဖွဲ့အစည်းတွေကိုလည်း အီရန်နဲ့ ပူးပေါင်းဆောင်ရွက်တာတွေ ရပ်တန့်ဖို့ သတိပေးခဲ့ပါတယ်။ သမ္မတ ထရမ့်ဟာ အဲဒီကိစ္စအတွက် ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေဆီ ဖုန်းခေါ်ပြီး မေတ္တာရပ်ခံခဲ့ကြောင်း သူက ပြောပေမယ့် ဘယ်နိုင်ငံတွေလဲ ဆိုတာကိုတော့ မှတ်ချက်မပေးခဲ့ပါဘူး။ အမေရိကန်ရဲ့ တောင်းဆိုမှုကို မနာခံဘဲ အီရန်နဲ့ ဆက်လက် ထိတွေ့ ဆက်ဆံနေတဲ့ နိုင်ငံတွေဟာ ဒေါ်လာအခြေပြု စီးပွားရေး စနစ်တွေကနေ ဖယ်ထုတ် ခံရနိုင်ခြေ ရှိတယ်လို့လည်း ဘက်ဆန့်က ခြိမ်းခြောက်ခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ အီရန်ကို အကူအညီပေးနေတယ်လို့ စွပ်စွဲခံရသူ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းနဲ့ သင်္ဘောတွေ စုစုပေါင်း ၆၀ လောက်အပေါ် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ပိတ်ဆို့ အရေးယူခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစာရင်းထဲမှာ အီရန်ကို အကူအညီ ပေးနေတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆခံရတဲ့ တရုတ် ဘဏ္ဍာရေး အဖွဲ့အစည်းတွေရဲ့ နာမည်တော့ ပါမလာခဲ့ပါဘူး။

ဘက်ဆန့်ဆီက ကြေညာချက် ထွက်ပေါ်မလာခင်လေးမှာတင် မာဒါနီဇာဒါးက စီးပွညးရေး ပိတ်ဆို့မှုတွေကို လက်တုံ့ပြန်ရာမှာ အီရန်အနေနဲ့ စစ်ရေးအရ တိုက်ခိုက်မှုတွေကိုပါ ရွေးချယ်နိုင်သလို အရှေ့အလယ်ပိုင်း ဒေသရဲ့ ရေနံတင်ပို့နိုင်စွမ်း ထပ်ပြီး လျော့နည်းသွားအောင် ဖိအားပေးလာနိုင်ကြောင်း ခြိမ်းခြောက်သွားခဲ့ပါတယ်။ အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှု အစီအမံတွေအတွက် အီရန်ကလည်း အပြည့်အဝ ကြိုတင်ပြင်ဆင်ထားကြောင်း သူက ဆိုပါတယ်။

ရုရှားနဲ့ တရုတ်တို့ဟာ အမေရိကန်ရဲ့ သတ်မှတ်ချက်တွေကို ငြင်းဆိုခဲ့ကြသလို တခြားနိုင်ငံတွေပါ လက်မခံကြဖို့ မျှော်လင့်ကြောင်းလည်း အီရန် စီးပွားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ပြဿနာကို ဖြေရှင်းရာမှာ ပိတ်ဆို့အရေးယူမှု၊ ဖိအားပေးမှု နည်းလမ်းတွေက အလုပ်မဖြစ်ကြောင်း ဝေဖန်ခဲ့သလို တရုတ်ဟာ နိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားကို ကာကွယ်ဖို့ လိုအပ်သလို စီမံလုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆီးရီးယားကို အကြမ်းဖက်အားပေး နိုင်ငံတွေ စာရင်းကနေ အမေရိကန်က ဖယ်ရှားပေးလိုက်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နျူကလီးယား အရေးနဲ့ ပတ်သက်ရင် နှစ်နိုင်ငံ နီးနီးကပ်ကပ် ဆက်လက် ပူးပေါင်းပြီး ကိုင်တွယ်ဖို့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်အပေါ် အပြင်းထန်ဆုံး ပိတ်ဆို့မှု အသစ်တွေ သတ်မှတ်ကျင့်သုံးမယ်ဆိုတဲ့ အမေရိကန် ခြိမ်းခြောက်မှုဟာ ကြံမိကြံရာတွေ လျှောက်လုပ်နေတယ် ဆိုတာကို ညွှန်ပြပြီး ကျိန်းသေပေါက် ကျရှုံးလိမ့်မယ်လို့ အီရန် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ ကုန်သွယ်ရေး ကိစ္စ ဆွေးနွေးမှုတွေ ပျက်ပြယ်သွားတဲ့နောက် အမေရိကန်က အခွန်တိုးမြှင့် စည်းကြပ်မှုတိုင်းကို တူတူညီညီ လက်တုံ့ပြန်သွားမယ်လို့ ကနေဒါ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။