Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားခြိမ်းခြောက်မှုတွေကို မမှုဘဲ ယူကရိန်းကို ဆက်ကူညီမယ်လို့ ဗြိတိန် ဝန်ကြီးချုပ် ကတိပြု

ရုရှားဆီက ခြိမ်းခြောက်မှုတွေ ရှိနေပေမယ့် ဗြိတိန်ဟာ ယူကရိန်းကို မယိမ်းမယိုင် ဆက်လက် အားပေး ကူညီသွားမယ်လို့ ဗြိတိန် ဝန်ကြီးချုပ် အန်ဒီ ဘန်ဟမ်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ရုရှားဆီက ခြိမ်းခြောက်မှုတွေ ရှိနေပေမယ့် ဗြိတိန်ဟာ ယူကရိန်းကို မယိမ်းမယိုင် ဆက်လက် အားပေး ကူညီသွားမယ်လို့ ဗြိတိန် ဝန်ကြီးချုပ် အန်ဒီ ဘန်ဟမ်က ပြောကြားခဲ့ပါတယ်။

ဗြိတိန် ဝန်ကြီးချုပ် ရာထူးကို လက်ခံယူပြီးနောက်ပိုင်း ပထမဆုံး နိုင်ငံခြား ခရီးစဉ်အဖြစ် ယူကရိန်းကို သွားရောက်ဖို့ ရွေးချယ်ခဲ့တဲ့ ဘန်ဟမ်က ဩဂုတ် ၂၄ ရက်နေ့၊ ကိယက်ဗ်မြို့မှာ အခုလို ကတိပြုခဲ့တာပါ။

ဘန်ဟမ်ဟာ အိမ်ရှင်နိုင်ငံရဲ့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့လည်း ကိယက်ဗ်မှာ တွေ့ဆုံခဲ့ပြီး ယူကရိန်းကို အကူအညီပေးဖို့ ဖွဲ့စည်းထားတဲ့ စိတ်တူကိုယ်တူ နိုင်ငံများ အစုအဖွဲ့ရဲ့ အစည်းအဝေး တစ်ခုကို ပထမဆုံးအကြိမ် ကြီးမှူးခဲ့ပါတယ်။

အဲဒီ အင်အားစုကိုတော့ သူ့မတိုင်ခင် ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာက ပြင်သစ် အစိုးရနဲ့ပူးပေါင်းပြီး တခြား နိုင်ငံတချို့နဲ့အတူ စုစည်းထားခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ကိယက်ဗ်မြို့က အစည်းအဝေးမှာတော့ ဘန်ဟမ်က အဲဒီအစုအဖွဲ့ဟာ ယူကရိန်းအတွက် လုပ်နိုင်သမျှ အားလုံး ကူညီလုပ်ဆောင်ပေးမယ်လို့ ပြောကြားခဲ့သလို ရုရှားအပေါ် စီးပွားရေးအရ ပိုပြီး ပြင်းပြင်းထန်ထန် ဖိအားပေးဖို့ အမေရိကန်ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

ဗြိတိန် အစိုးရဟာ ဗြိတိန်လုပ် Storm Shadow ခရုစ်ဒုံးကျည်ကို ပြင်သစ်က မွမ်းမံထားတဲ့ Scalp ဒုံးကျည်တွေရဲ့ တည်ဆောက်ပုံမှတ်တမ်းတွေကိုလည်း ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ ယူကရိန်းဟာ အဲဒီ တာဝေးပစ် ဒုံးကျည်တွေကို ကိုယ်တိုင် ထုတ်လုပ်ခွင့် လိုင်စင် ရရှိသွားခြင်းလည်း ဖြစ်ပါတယ်။

ယူကရိန်းကို ကူညီဖို့အတွက် ဗြိတိန်ဟာ နိုင်ငံရဲ့ ပိုင်ဆိုင်မှု အရင်းအမြစ်တွေကို အစွမ်းကုန် အသုံးပြုနေသလို တခြားနိုင်ငံတွေလည်း အလားတူ ဆောင်ရွက်လာအောင် ကူညီ တွန်းအားပေးနေတယ်လို့ ဘန်ဟမ်က ဆိုပါတယ်။

ရုရှားပိုင်နက်ထဲထိ တိုက်ခိုက်မှုတွေမှာ ယူကရိန်းက ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတဲ့ တာဝေးပစ် ဒရုန်းတွေကို ဗြိတိန်က ထောက်ပံ့ခဲ့တဲ့အပေါ် ရုရှားအစိုးရက တင်းတင်းမာမာ သတိပေးထားပါတယ်။ ဗြိတိန်ဟာ ယူကရိန်း စစ်ပွဲမှာ ထဲထဲဝင်ဝင် ဆက်နွှယ် ပါဝင်လာခြင်းရဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်လို့ ရုရှားက ခြိမ်းခြောက်ထားပါတယ်။

ဒါပေမဲ့ ဘန်ဟမ်ကတော့ ရုရှား ခြိမ်းခြောက်မှုတွေကို ဂရုမစိုက်ဘဲ လက်ရှိဟာ ရုရှားအပေါ် ပိုပြီး ဖိအားပေးရမယ့်၊ ရုရှားရဲ့ တရားလက်မဲ့ စစ်ပွဲအတွက် အထောက်အပံ့ ဖြစ်စေမယ့် ဘဏ္ဍာရေး အရင်းအမြစ်တွေကို ပိုမို ပိတ်ဆို့ဖို့ အထူးလိုအပ်တဲ့ အချိန်ဖြစ်လာနေကြောင်း ပြောကြားသွားပါတယ်။

ရုရှားအစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်ကတော့ ဗြိတိန်ရဲ့ အခုလို ပါဝင်စွက်ဖက်နေမှုတွေဟာ ယူကရိန်းမှာ ငြိမ်းချမ်းရေးရဖို့ ဖြစ်နိုင်ခြေ နည်းနည်းလေးကိုတောင် အဟန့်အတား ဖြစ်သွားစေတယ်လို့ ဝေဖန်ခဲ့ပါတယ်။

ဒါပေမဲ့ ဘန်ဟမ်ကတော့ ဒီမီးကို ဘယ်သူ စမွှေးခဲ့သလဲလို့ တန်ပြန်မေးခွန်းထုတ်ပြီး ပက်စ်ကော့ဗ်ကို တုံ့ပြန်ခဲ့ပါတယ်။

ပြီးတော့ ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အန်ဒရီ ဖီဒိုရော့ဗ်က ဗြိတိန် အနေနဲ့ ရုရှားဆီက စစ်ရေးသဘော တစ်စိတ်တစ်ပိုင်း ပါဝင်တဲ့ လက်စားချေမှုမျိုး ကြုံလာနိုင်ကြောင်း၊ ဒါပေမဲ့ အဲဒီ တိုက်ခိုက်မှုတွေဟာ ရုရှားဆီက မဟုတ်ဘဲ ဘယ်ကမှန်း မသိတဲ့ ရင်းမြစ်တွေက ဖြစ်နိုင်ကြောင်း ခြိမ်းခြောက်ခဲ့ပါတယ်။

ကိယက်ဗ်မှာတော့ သမ္မတ ဇီလန်စကီးက ယူကရိန်း စစ်ပွဲကာလအတွင်း အားပေးထောက်ခံခဲ့တဲ့ ဗြိတိန် ပြည်သူတွေကို အသိအမှတ်ပြု ကျေးဇူးတင်တဲ့ အနေနဲ့ ဆုတံဆိပ်တစ်ခုကို အပ်နှင်းခံပြီး ဘန်ဟမ်က ကိုယ်စား လက်ခံခဲ့ပါတယ်။ သူ့ရဲ့ မိန့်ခွန်းထဲမှာတော့ ဘန်ဟမ်က ရုရှားကျူးကျော်မှုကို တွန်းလှန်နေတဲ့ ယူကရိန်းရဲ့ ခုခံစစ်ပွဲကို ဒုတိယ ကမ္ဘာစစ်မှာ နာဇီဂျာမနီကို တွန်းလှန်ခဲ့တဲ့ ဗြိတိန်ရဲ့ စစ်ပွဲနဲ့ နှိုင်းယှဉ်သွားခဲ့ပါတယ်။ ၂၀ ရာစုမှာ ဗြိတိန်ဟာ ဥရောပရဲ့ လွတ်လပ်ရေး မီးရှူးတန်ဆောင်ကို ဆက်ထွန်းညှိနိုင်ခဲ့ပြီး ၂၁ ရာစုမှာတော့ ယူကရိန်းက အဲဒီတာဝန်ကို ဆက်ယူနေတာ ဖြစ်တယ်လို့ ဘန်ဟမ်က ပြောကြားသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

ဆောင်းပါး

ထရမ့်ကို အခွန်(tariff) တိုးကောက်ခွင့် အာဏာအသစ်တွေ ပေးတာဟာ ယူကရိန်းကို ကူညီရာ မရောက်ပါ။

သတင်း

မြန်မာနိုင်ငံတောင်ပိုင်းမှာ ရုရှား ရင်းနှီးမြှုပ်နှံမှုတွေ ရှိလာနိုင်တဲ့ အဓိက စီးပွားရေးဇုန် စီမံကိန်း နေရာကို အပြည့်အဝ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းမြန်မာစစ်တပ်က အင်အား အလုံးအရင်းနဲ့ စစ်ဆင်ရေးတွေ လုပ်ဆောင်နေပါတယ်။

သတင်း

နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာစစ်တပ်နဲ့ ရုရှားနိုင်ငံရဲ့ဆက်ဆံရေးကို သတိပြုရမှာဖြစ်ပြီး နှစ်နိုင်ငံကြားဆက်ဆံ‌ရေး တည်ဆောက်ပေးနေသူတွေနဲ့ အဲဒီဆက်ဆံရေးကနေ အကျိုးအမြတ်ရနေသူတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။