ဟောမုဇ် ရေလက်ကြားထဲက ရေမြှုပ်မိုင်းအားလုံး အကုန်အစင် ရှင်းလင်းပြီးပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။
ဩဂုတ် ၂၅ ရက်နေ့တုန်းက ထရမ့်က သူ့ရဲ့ ကိုယ်ပိုင် လူမှုကွန်ရက် မီဒီယာဖြစ်တဲ့ Truthမှာ အဲဒီအကြောင်းကို ရေးသားထားခဲ့တာ ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်း ဒေသရဲ့ အချက်အခြာ အကျဆုံး ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ်မှာ မိုင်းအားလုံး ရှင်းပြီးပြီ ဖြစ်ကြောင်း၊ နောက်ထပ် မိုင်းထောင်ဖို့ ကြိုးစားသမျှ လှေသင်္ဘောတွေ အကုန်လုံး ချက်ချင်းလက်ငင်း၊ စနစ်တကျ တိုက်ခိုက်ဖျက်ဆီး ခံရမယ်လို့လည်း အီရန်ဆီ အသိပေးထားကြောင်း ထရမ့်က ဆိုပါတယ်။
အီရန်ဖက်ကတော့ ဟောမုဇ်မှာ ရှိသမျှ ရေမြှုပ်မိုင်းတွေ ရှင်းလင်းဖယ်ရှား ခံလိုက်ရတယ်ဆိုတာ ဟုတ်မဟုတ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။
အမေရိကန်နဲ့ စစ်ပွဲစတင်ဖြစ်ပွားလာတဲ့နောက် အမေရိကန်ကို ဖိအားပေးဖို့အတွက် အီရန်ဟာ နိုင်ငံတောင်ပိုင်းမှာရှိတဲ့ ဟောမုဇ် ရေလက်ကြားကို ပိတ်ပစ်ခဲ့ပါတယ်။ နိုင်ငံတကာ စွမ်းအင် သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာ အချက်အခြာ အကျဆုံး ရေလမ်းကြောင်း တစ်ခုကို ပိတ်ပစ်ဖို့အတွက် အီရန်ဟာ ရေမြှုပ်မိုင်းတွေကို အသုံးပြုခဲ့သလို အဲဒီ ရေလက်ကြားက ဖြတ်သန်းခုတ်မောင်းတဲ့ အရပ်ဖက် ရေယာဉ်တွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

Public Service Announcement
ဟောမုဇ်ကို ပြန်ဖွင့်နိုင်ရေးဟာ ထရမ့်အတွက်တော့ အကြီးမားဆုံး နိုင်ငံတကာ ဖိအားတစ်ခု ဖြစ်လာခဲ့ပြီး အခုတော့ အမေရိကန် ရေတပ်က ဟောမုဇ်မှာ မိုင်းရှင်းလင်းရေး အားလုံး ပြီးစီးအောင် လုပ်ဆောင်ပြီးဖြစ်ကြောင်း ထုတ်ပြန်လာတာပါ။
ဖေဖော်ဝါရီ လကုန်ပိုင်းမှာ စတင်ခဲ့တဲ့ အီရန်နဲ့ အမေရိကန်ရဲ့ စစ်ပွဲဟာ ဆက်လက်ဖြစ်ပွားနေပေမယ့် လောလောဆယ်မှာတော့ နှစ်ဖက်စလုံးက တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းထားပါတယ်။ အမေရိကန်ကတော့ အီရန်ကို စစ်ရေးအရ ထိုးနှက်မှုတွေ ဆိုင်းငံ့ထားပြီး စီးပွားရေးအရ တင်းတင်းကျပ်ကျပ် ပိတ်ဆို့မှုတွေနဲ့ ဖိအားပေးတဲ့ ဗျူဟာကို စတင် ကျင့်သုံးနေပါတယ်။
ဟောမုဇ်ဟာ စစ်ပွဲမဖြစ်ပွားခင်က နိုင်ငံတကာ ရေလမ်းကြောင်းကနေ ကမ္ဘာအနှံ့ တင်ပို့နေတဲ့ ရေနံစိမ်း ငါးပုံတစ်ပုံလောက် ပုံမှန်ဖြတ်သန်းရာ ရေလမ်းကြောင်း ဖြစ်ခဲ့ပါတယ်။
စစ်ဖြစ်ပြီးတဲ့ အချိန်မှာတော့ အီရန်ဟာ ဟောမုဇ်ကို နိုင်ငံရဲ့ ပိုင်နက်ရေပြင်အဖြစ် သတ်မှတ်ပြီး ထိန်းချုပ်ခွင့်ရဖို့ ကြိုးစားလာပါတယ်။ ဒါပေမဲ့ အမေရိကန်နဲ့ နိုင်ငံတကာ အသိုက်အဝန်းကတော့ ဟောမုဇ်ဟာ လွတ်လပ်စွာ ခုတ်မောင်းသွားလာခွင့်ရှိတဲ့ အပြည်ပြည်ဆိုင်ရာ ရေလမ်းကြောင်း တစ်ခုအနေနဲ့ ဆက်လက်ရပ်တည်နေဖို့ လိုအပ်ကြောင်း ပြောကြားထားပါတယ်။
ဟောမုဇ် ရေလက်ကြား အပိတ်ခံရခြင်းက နိုင်ငံတကာ ရေနံနဲ့ စွမ်းအင် စျေးကွက်မှာ စျေးနှုန်းတွေ ကမောက်ကမ ဖြစ်ကုန်တာမျိုး အခြေအနေတွေလည်း ကြုံလာစေပါတယ်။ ထရမ့်က ဟောမုဇ်ကို အမေရိကန်က ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ထားပါတယ်လို့ မကြာခဏ ပြောလေ့ရှိပေမယ့် အီရန်ကတော့ ခွင့်ပြုချက်မဲ့ ဖြတ်သန်းသမျှ ရေယာဉ်တွေကို ဆက်ပြီး တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဟောမုဇ်ကို ဖြတ်သန်းတဲ့ သင်္ဘော မရှိသလောက် နည်းပါးနေကြောင်းလည်း သိရပါတယ်။
ကိုးကား: BBC


















































