သက်တမ်းတို ဗီဇာနဲ့ ဝင်ရောက်လာပြီးမှ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားသူ နိုင်ငံခြားသားတွေဆီက ဗီဇာ ရုပ်သိမ်းဖို့ အမေရိကန် အစိုးရက ပြင်ဆင်နေပါတယ်။
သက်တမ်းတို အကန့်အသတ် ဗီဇာ တစ်မျိုးမျိုးနဲ့ အမေရိကန်ကို ရောက်ရှိလာပြီး နောက်ပိုင်းမှာ ခိုလှုံခွင့် တောင်းခံတဲ့ နိုင်ငံခြားသားတွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရက ပစ်မှတ်ထား ဖြိုခွင်းဖို့ စီစဉ်လာတဲ့ သဘောပါပဲ။
ခိုလှုံခွင့်လျှောက်ထားဖို့ ရည်ရွယ်ချက်နဲ့ ဗီဇာလျှောက်ထားမှု ဆိုတာဟာ ဗီဇာစည်းမျဉ်းတွေကို ချိုးဖောက်မှု မြောက်ကြောင်း၊ ဒါကြောင့် ဗီဇာတွေ ရုပ်သိမ်းမှာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တော်မီ ပီဂေါ့က ဩဂုတ် ၂၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
ပီဂေါ့က အဲဒီလို အခြေအနေအတွက် ဗီဇာရုပ်သိမ်းမှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေပြီး ပုံမှန် လုပ်ငန်းစဉ် တစ်ခုအဖြစ် အကောင်အထည် ဖော်သွားဖို့ ရည်ရွယ်ထားကြောင်း၊ ဒီအတွက် သက်ရောက်မှု ရှိလာမယ့် ဗီဇာ အရေအတွက် သိန်းနဲ့ချီ များပြားလာမှာဖြစ်ကြောင်းလည်း ဆိုပါတယ်။

Public Service Announcement
အမေရိကန်မှာ ထရမ့် ဒုတိယအကြိမ် သမ္မတ ဖြစ်လာကတည်းက နိုင်ငံခြားသား ၁၇၅၀၀၀ ကျော်ကို အမျိုးမျိုးသော အကြောင်းတွေကြောင့် ဗီဇာရုပ်သိမ်းခဲ့ပြီးဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
သမ္မတ ထရမ့်နဲ့ နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီရိုတို့ရဲ့ ဦးဆောင်မှုအောက်မှာ နိုင်ငံခြားရေး ဝန်ကြီးဌာန အနေနဲ့ အမေရိကန် ဗီဇာဆိုတာ ဂုဏ်ယူထိုက်တဲ့ စံနှုန်းတွေ ရှိနေတာ သေချာအောင် ဆောင်ရွက်နေကြောင်း ပီဂေါ့က ပြောပါတယ်။
ဗီဇာတွေကို မလျော်ကန်တဲ့ နည်းလမ်းအမျိုးမျိုးနဲ့ အမြတ်ထုတ်ဖို့ ကြံစည်သူတွေကို ထိထိရောက်ရောက် ဖော်ထုတ် အရေးယူဖို့အတွက်လည်း နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်း ဆောင်ရွက်နေကြောင်း သူက အတည်ပြုသွားပါတယ်။
ထရမ့်ရဲ့ အစိုးရဟာ ပြည်ပကနေ ရွှေ့ပြောင်း အခြေချမှုတွေကို ကန့်သတ်တားဆီးရေးကို အဓိကကျတဲ့ မူဝါဒ တစ်ခုအဖြစ် အင်တိုက်အားတိုက် အကောင်အထည် ဖော်နေပါတယ်။
မနှစ်တုန်းက နိုင်ငံပေါင်း ၇၅ ခုကို ဗီဇာပိတ်ပင်တဲ့ ထရမ့်ရဲ့ အမိန့်ကိုတော့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ အမေရိကန် တရားသူကြီး တစ်ဦးက လုပ်ပိုင်ခွင့် ကျော်လွတ် သတ်မှတ်ချက်လို့ သတ်မှတ်ပြီး ပယ်ဖျက်စေခဲ့ပါတယ်။
ဇွန်လတုန်းကလည်း နိုင်ငံပေါင်း ၃၉ ခုကနေ အမေရိကန်ဆီ ပြည်ဝင်ခွင့် လျှောက်ထားမှုတွေကို စိစစ်တဲ့ လုပ်ငန်းစဉ်တွေ ဆိုင်းငံ့ထားစေမယ့် အစိုးရရဲ့ အားထုတ်မှုကို အမေရိကန် တရားသူကြီး တစ်ဦးက တားဆီးခဲ့ပါတယ်။
ကိုးကား: BBC


















































