တရုတ်ရဲ့ တိဘက်ဒေသနဲ့ နီပေါနိုင်ငံ ထိစပ်ရာ ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုတွေအပြီး ဥမင်တစ်ခုထဲ ပိတ်မိနေတယ်လို့ ယူဆရသူတွေကို ရှာဖွေ ကယ်ဆယ်ဖို့ နီပေါစစ်တပ်က အပူတပြင်း ကြိုးစားနေပါတယ်။
အားတက်စရာ အခြေအနေ တစ်ခုအဖြစ် ရွှံ့ထုကြီး ဖုံးလွှမ်းနေတဲ့ထဲကနေ ထရိုင်ရှုလီ ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံမှာရှိတဲ့ အဲဒီဥမင် နေရာဆီ ဩဂုတ် ၂၉ ရက်နေ့မှာ ချဉ်းကပ်နိုင်ခဲ့ပါပြီ။ အဲဒီ ဥမင်ထဲမှာ အလုပ်သမားတွေ ပိတ်မိနေတယ်လို့ ယုံကြည်ရပြီး ကယ်ဆယ်ရေး အဖွဲ့တွေက ပိုက်တစ်ချောင်းကို ထိုးထည့်ပေးထားနိုင်ခဲ့ကြောင်း သိရပါတယ်။
ဩဂုတ် ၂၆ ရက်နေ့တုန်းက ဟိမဝန္တာ တောင်တန်းတွေနဲ့ ဆက်စပ်တည်ရှိတဲ့ ရေခဲမြစ်တစ်ခု ကျိုးပျက်တဲ့ သက်ရောက်မှုကြောင့် ဘိုတေးကောရှီ မြစ်ရဲ့ ရေလမ်းကြောင်း ပိတ်ဆို့ပြီး တိဘက်-နီပေါ နယ်စပ်မှာ ရုတ်တရက် တောင်ကျရေတွေ အလုံးအရင်း စီးကျခဲ့တာ ဖြစ်ပါတယ်။
ဩဂုတ် ၂၉ ရက် ညပိုင်းထိ အခြေအနေအရ နှစ်နိုင်ငံပေါင်း ရုပ်အလောင်း ၆၈၂ ခု ရှာတွေ့ထားပြီဖြစ်ပြီး ပျောက်ဆုံးစာရင်းကလည်း ၃၀၀၀ နီးပါးထိ မြင့်တက်လာပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေကတော့ တချို့ သေဆုံးသူတွေရဲ့ အလောင်းတွေဟာ နီပေါနယ်နိမိတ်ကို ကျော်ပြီး အိန္ဒိယ နယ်စပ်ထိ ရေစီးနဲ့ မျောပါသွားနိုင်ခြေ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

Public Service Announcement
ဟိန္ဒူ ဘာသာရေး ပွဲတော်တစ်ခုကြောင့် ဘုရားဖူး ဧည့်သည်တွေ စည်ကားနေတာ၊ ခြေလျင်နဲ့ တောင်တက်ခရီးစဉ် တစ်ခုအတွက် နိုင်ငံတကာ တောင်တက်သမားတွေ ရောက်ရှိနေတာကြောင့်လည်း ပျောက်ဆုံးစာရင်းမှာ နိုင်ငံခြားသား အများအပြား ပါဝင်လာခဲ့ပါတယ်။
ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပူးပေါင်းကူညီနေတဲ့ နီပေါစစ်တပ်ကတော့ လက်ရှိမှာ ရေအားလျှပ်စစ် စက်ရုံ ဥမင်ထဲကို ကယ်ဆယ်ရေးအဖွဲ့ စေလွှတ်ဖို့ အပတ်တကုတ် ကြိုးစားနေပါတယ်။ နီပေါ ပြည်ထဲရေးဝန်ကြီး ဆူဒန်ဂူရွန်က ပိုက်ထဲ လေဝင်အောင်တော့ အပေါက်ဖောက်ခဲ့ပြီး ဖြစ်ကြောင်း၊ ဥမင်ထဲကို ကယ်ဆယ်ရေး အဖွဲ့တွေ ဝင်ရောက်နိုင်ဖို့ နောက်တစ်ဆင့် လုပ်ဆောင်နေကြောင်း ပြောပါတယ်။
ရေကြီးမှု ဖြစ်ချိန်က အဲဒီ ဥမင်ထဲမှာ အလုပ်သမား ၁၀၀ ကျော် ပိတ်မိနေခဲ့တယ်လို့ ယူဆရပြီး သူတို့တွေ အသက်ရှင်နေဦးမယ်လို့ ကယ်ဆယ်ရေးတွေက မျှော်လင့်နေပါတယ်။
ကုလသမဂ္ဂရဲ့ ကမ္ဘာ့ရာသီဥတု ထိန်းသိမ်းရေးဌာန အကြီးအကဲ ဆိုင်မွန်စတိုင်းလ်က ရေခဲမြစ်တစ်ခု ကျိုးပျက်မှုဟာ ဖျက်ဆီးအား ပြင်းထန်လှတဲ့ ရေကြီးမှုတွေကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ တိဘက်-နီပေါ နယ်စပ်က ဖြစ်ရပ်ဟာ ကုန်းမြင့်ဒေသတွေရဲ့ သဘာဝပတ်ဝန်းကျင်ဟာ ဘယ်လောက် ထိလွယ်ရှလွယ် ရှိသလဲ ဆိုတာကို မြင်သာစေခဲ့ကြောင်း၊ တစ်ဖက်မှာတော့ ကျောက်မီးသွေး၊ ရေနံ၊ ဓာတ်ငွေ့တွေကို လူသားမျိုးနွယ်က အလွန်အကျွံ မီးရှို့ အသုံးချနေမှုကြောင့် ကမ္ဘာ့ရာသီဥတုက ပိုမို ပူနွေးလာနေပြီး အခုလို ဖြစ်စဉ်တွေဟာ ပိုပြီး အကြိမ်ရေ များပြားလာနိုင်သလို ဆိုးကျိုးကိုတော့ အကာအကွယ် အမဲ့ဆုံး လူ့အဖွဲ့အစည်းတွေက သက်ရောက် ခံစားကြရကြောင်း ပြောကြားသွားပါတယ်။
ရေကြီးခဲ့တဲ့ ဇုန်နယ်မြေတွေမှာတော့ ကိုယ်တိုင် ကံကောင်းလွန်းလို့ အသက်ဘေးက လွတ်ခဲ့ရသူတွေဟာ ပျောက်ဆုံးနေတဲ့ ဆွေမျိုးတွေ၊ မိသားစုဝင်တွေအတွက် အကြီးအကျယ် သောကရောက်နေကြရပါတယ်။ ရွာလုံးကျွတ် ရေစီးထဲကို မျောပါကုန်တာ ဖြစ်ကြောင်း၊ အရင်က ရွာတွေရှိခဲ့တဲ့ နေရာတွေမှာ ဘာမှ မကျန်တော့ကြောင်း ကယ်ဆယ်ရေးသမား တစ်ဦးက ပြောပါတယ်။
နီပေါဖက်က ထုတ်ပြန်ထားတဲ့ ပျောက်ဆုံးစာရင်းမှာတော့ ရေအားလျှပ်စစ်စက်ရုံ ဝန်ထမ်း ၉၃၃ ဦး၊ ခြေလျင်တောင်တက်သမားတွေနဲ့ ဘုရားဖူးတွေ အပါအဝင် နိုင်ငံခြားသား ၅၁၇ ဦး ပါဝင်နေကြောင်း သိရပါတယ်။
ကိုးကား: AFP


















































