ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုတွေ အရှိန်မြင့်လာမှာ ဖြစ်တာကြောင့် ရုရှား လေပိုင်နက်ကို ရှောင်ကြဖို့ နိုင်ငံတကာ လေကြောင်းလိုင်းတွေကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက တိုက်တွန်းခဲ့ပါတယ်။
ယူကရိန်းက ဒရုန်းတိုက်ခိုက်မှုတွေကို နောက်တစ်ဆင့် ထပ်မြှင့်လာတဲ့အခါ ရုရှားလေပိုင်နက်ဟာ အလိုအလျောက် ပိတ်သွားရလိမ့်မယ်လို့လည်း သူက ခန့်မှန်းခဲ့ပါတယ်။ ရုရှားရဲ့ အဓိက လေဆိပ်ကြီးတွေကို အသုံးပြုနေတဲ့ လေကြောင်းလိုင်းတွေ၊ အာမခံ လုပ်ငန်းတွေ၊ တခြားဆက်စပ်သူတွေ အားလုံးကို သတိပေးချင်တာကတော့ ရုရှား လေပိုင်နက်ဟာ သိပ်ကို အန္တရာယ် များနေပြီဆိုတာ ဖြစ်တယ်လို့ ဇီလန်စကီးက ဆိုပါတယ်။
ယူကရိန်းကို ရုရှားက ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့နောက် အနောက်နိုင်ငံ အများစုရဲ့ လေကြောင်းလိုင်းတွေဟာ ရုရှားလေပိုင်နက်ထဲမှာ မပျံသန်းတော့ပါဘူး။ ဒါပေမဲ့လည်း တရုတ်လို နိုင်ငံတွေရဲ့ လေကြောင်းလိုင်းတွေကတော့ ရုရှားရဲ့ မြို့ကြီးတွေဆီ ဆက်လက် ပြေးဆွဲနေဆဲပါ။
ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကတော့ လေကြောင်းလိုင်းတွေကို သတိပေးခဲ့တဲ့ ဇီလန်စကီးရဲ့ စကားဟာ ယူကရိန်းကို အကြမ်းဖက် နိုင်ငံအဖြစ် ကြေညာလိုက်တာနဲ့ အတူတူပဲလို့ တုံ့ပြန်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ရုရှားဟာလည်း ယူကရိန်းအပေါ် စစ်ဆင် တိုက်ခိုက်မှုတွေကို ပိုမို အရှိန်မြှင့်သွားမယ်လို့ ပူတင်က ဆိုပါတယ်။

Public Service Announcement
ဇီလန်စကီးကတော့ သူ့စကားဟာ အရပ်ဖက် လေယာဉ်တွေကို ခြိမ်းခြောက်တာ လုံးဝ မဟုတ်ကြောင်း၊ ရုရှားရဲ့ ကောင်းကင်ယံမှာ ဘယ်တုန်းကမှနဲ့ မတူလောက်အောင် ယူကရိန်း ဒရုန်းတွေ များပြားနေနိုင်တာကို ဆိုလိုကြောင်း ဖြေရှင်းခဲ့ပါတယ်။ တကယ်တော့ ရုရှားက စပြီးမွှေးခဲ့တဲ့ ကျူးကျော်စစ်ကပဲ ရုရှားလေပိုင်နက် ပိတ်သွားစေမယ့် အကြောင်းတရား ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ယူကရိန်းဟာ ရုရှားနိုင်ငံ အတွင်းပိုင်းက စွမ်းအင်နဲ့ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ပစ်မှတ်တွေကို ဒရုန်းနဲ့ တိုက်ခိုက်မှုတွေ အရှိန်မြှင့် လုပ်ဆောင်လာနေပါတယ်။ ယူကရိန်းရဲ့ ဒရုန်းနဲ့ ဒုံးကျည်တွေဟာ ရုရှားပိုင်နက်ထဲ ကီလိုမီတာ ၃၀၀ လောက်ထိ ဝင်ရောက်နိုင်စွမ်း ရှိလာနေပါတယ်။
တစ်ဖက်မှာတော့ ရုရှားကလည်း ယူကရိန်းရဲ့ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ ပြတ်လပ်နေတာကို အခွင့်ကောင်းယူပြီး ယူကရိန်း မြို့ကြီးတွေအပေါ် ဒုံးကျည်နဲ့ တိုက်ခိုက်မှုတွေကို ပိုပြီး သည်းကြီးမည်းကြီး လုပ်ဆောင်လာနေပါတယ်။
ကိုးကား: BBC


















































