ရုရှားစစ်တပ်ရဲ့ Mi-8 ရဟတ်ယာဉ် တစ်စီးဟာ အဝေးပြေး လမ်းပေါ်မှာ အရေးပေါ် ဆင်းသက်ရင်း လမ်းဘေးကို ထိုးဆင်းသွားတာကြောင့် ထိခိုက်ပျက်စီးခဲ့ပါတယ်။
ရဟတ်ယာဉ်က ကားလမ်းပေါ်မှာ ဆင်းသက်ပြီး အရှိန်သတ်ဖို့ ကြိုးစားရင်း ဒလက်တွေက လမ်းဘေးသစ်ပင်နဲ့ ငြိမိရာက လမ်းဘေးကို ဦးစိုက်ဖင်ထောင် ထိုးကျသွားခဲ့တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့လာပါတယ်။
စက်တင်ဘာ ၂ ရက်နေ့တုန်းက ရုရှားနိုင်ငံ အရှေ့မြောက်ပိုင်းက ဆာခါလင်ကျွန်းမှာ ရဟတ်ယာဉ်ဟာ ကားလမ်းပေါ် အရေးပေါ် ဆင်းသက်ရင်း အခုလို အခြေအနေ ကြုံခဲ့တာလို့ ဒေသခံ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဗီဒီယိုထဲမှာတော့ ထရပ်ကား တစ်စီးဟာ မျက်နှာချင်းဆိုင်ကနေ မောင်းလာတဲ့ ရဟတ်ယာဉ်ကြီးကို မြင်တော့ လမ်းဘေးကို ကမန်းကတမ်း ဆင်းဖို့ ကြိုးစားနေတာကိုလည်း တွေ့ခဲ့ရပါတယ်။
ရဟတ်ယာဉ်ရဲ့ ဒလက်ဟာ သစ်ပင်တွေနဲ့ ထိမိပြီး ကျိုးပဲ့ပျက်စီးသွားသလို လမ်းပေါ်မှာလည်း သစ်ကိုင်းတွေ ဖွေးဖွေးလှုပ်သွားခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ ရဟတ်ယာဉ်ဟာ မီးထလောင်တာမျိုးတော့ မရှိခဲ့ပါဘူး။

Public Service Announcement
အဝေးပြေးလမ်းပေါ် အရေးပေါ် ဆင်းသက်ခဲ့တဲ့ ရဟတ်ယာဉ်ပေါ်မှာ အစိုးရ သတင်းဌာန တစ်ခုရဲ့ ဂျာနယ်လစ် ၄ ဦးအပါအဝင် စုစုပေါင်း ၈ ဦး လိုက်ပါလာပြီး အားလုံး အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။
ရဟတ်ယာဉ်မှာ ဘာပြဿနာကြုံလို့ အရေးပေါ် ဆင်းသက်ခဲ့ရသလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ သတင်းတချို့ကတော့ လေယာဉ်ကွင်း တစ်ခုနား ချဉ်းကပ်ချိန်မှာ အင်ဂျင်က ဗွေဖောက်လို့၊ ဒါမှမဟုတ် ဆီကုန်သွားလို့ ကားလမ်းပေါ် ဆင်းခဲ့ရတာဖြစ်ကြောင်း ဖော်ပြထားပေမယ့် သီးခြား အတည်မပြုနိုင်ပါဘူး။
ရုရှားစစ်တပ်ကတော့ လေယာဉ်မှူးဟာ လမ်းပေါ်မှာ ကားတွေကို တိုက်မိမှာစိုးလို့ ရဟတ်ယာဉ်ကို လမ်းဘေးထိုးဆင်းဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေကိုတော့ စတင်လုပ်ဆောင်နေပါတယ်။
ဆိုဗီယက် ပြည်ထောင်စုခေတ်မှာ စတင်ထုတ်လုပ်တဲ့ Mi-8တွေဟာ ရုရှားစစ်တပ်မှာ အသုံးတွင်ကျယ်တဲ့ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တွေ ဖြစ်ပြီး ကမ္ဘာ့နိုင်ငံ အတော်များများဆီကိုလည်း တင်ပို့ရောင်းချထားပါတယ်။
ကိုးကား: New York Post

















































