စစ်ရပ်စဲနိုင်ရေးကိစ္စ ကြားဝင် ညှိနှိုင်းပေးနေတဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့ဟာ ယူကရိန်းနိုင်ငံကို သွားရောက်ပြီး သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံခဲ့ပါတယ်။
စက်တင်ဘာ ၆ ရက်နေ့တုန်းက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် ခန့်အပ်တဲ့ အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်၊ ထရမ့်ရဲ့ သမက်ဖြစ်သူ ဂျရတ် ကူရှ်နာတို့ ပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ ရုရှားနိုင်ငံ၊ မော်စကို မြို့တော်ကနေတဆင့် ယူကရိန်းရဲ့ ကိယက်ဗ် မြို့တော်ဆီ ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့ပါတယ်။
ထရမ့်ရဲ့ အစိုးရဟာ ၄ နှစ်ခွဲကျော် ကြာမြင့်လာပြီဖြစ်တဲ့ ရုရှားနဲ့ ယူကရိန်းကြားက စစ်ပွဲကို ရပ်တန့်နိုင်ရေး ကြားဝင် ညှိနှိုင်းပေးဖို့ ကြိုးစားနေတာပါ။ အမေရိကန် ကိုယ်စားလှယ် အဖွဲ့ရဲ့ စက်တင်ဘာ ၅ ရက်နေ့ ရုရှားခရီးစဉ် အတောအတွင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ အပြုသဘောဆောင်ပြီး အရမ်းပွင့်လင်းတဲ့ တံခါးပိတ် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း ရုရှားအစိုးရက ထုတ်ပြန်ထားပါတယ်။
ပူတင်နဲ့ တွေ့အပြီး နောက်တစ်နေ့မှာတော့ ဝစ်ကော့ဖ်နဲ့ ကူရှ်နာတို့ဟာ ဇီလန်စကီးကိုပါ သွားရောက် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ထရမ့်ဟာ ရွေးကောက်ပွဲကြို မဲဆွယ်မှုတွေတုန်းက သူသာ သမ္မတ ဖြစ်လာရင် ယူကရိန်း စစ်ပွဲကို အမြန်ဆုံး ရပ်စဲနိုင်အောင် လုပ်ပြမယ်လို့ ကြွေးကြော်ခဲ့ပေမယ့် အခုထိတော့ အကြောင်းမထူးသေးပါဘူး။ သူ့အစိုးရရဲ့ အရင်အကြိမ်တွေတုန်းက စေ့စပ်ညှိနှိုင်းပေးဖို့ အားထုတ်မှုတွေကလည်း သိသာတဲ့ အကျိုးကျေးဇူးမျိုး မရခဲ့ပါဘူး။

Public Service Announcement
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ ထရမ့်က သူဟာ စစ်ရပ်စဲရေး ကိစ္စအတွက် ယူကရိန်းရော၊ ရုရှားဆီကိုပါ အဆိုပြုချက် အသစ်တစ်ခု ပို့ဆောင်ခဲ့ကြောင်း ပြောပေမယ့် အသေးစိတ်ကိုတော့ မှတ်ချက်မပေးခဲ့ပါဘူး။
ထရမ့်စေလွှတ်တဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့ တွေ့ဆုံပြီးချိန်မှာတော့ ဇီလန်စကီးက စစ်ပွဲဟာ လာမယ့် ဆောင်းရာသီထိ ဆက်ဖြစ်နေဦးမယ်လို့ သူယူဆကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ အဲဒီ ဆွေးနွေးမှုဟာ ထင်ရှားမြင်သာတဲ့ ရလဒ်သစ် တစ်ခုခု ထွက်ပေါ်လာဟန် မရှိသလို သဘောတူညီမှု တစ်ခုခု ရရှိကြောင်းလည်း မထုတ်ပြန်ပါဘူး။
ဝစ်ကော့ဖ်ကတော့ ယူကရိန်း အစိုးရနဲ့ အရေးပါပြီး အနုစိတ်ကျတဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်ခဲ့ပြီး အားတက်စရာ အခြေအနေလို့ ခံစားမိကြောင်း မှတ်ချက်ပေးသွားပါတယ်။ လက်ရှိ အချိန်ထိ လက်တွေ့ အကောင်အထည်ဖော်လို့ မရသေးတဲ့ စိတ်ကူးတွေနဲ့ ပတ်သက်ပြီး အမေရိကန် ကိုယ်စားလှယ် အဖွဲ့က အလေးအနက် ဆန်းစစ်စဉ်းစားနေသလို အဓွန့်ရှည် တည်တံ့မယ့် ငြိမ်းချမ်းရေးအတွက် ဘယ်လိုအခြေအနေတွေ လိုအပ်သလဲ ဆိုတာကိုလည်း သုံးသပ်နေကြောင်း သူက ဆိုပါတယ်။
သတင်းထောက်တွေက လာမယ့် ဆောင်းရာသီမှာရော စစ်ပွဲက ဆက်ဖြစ်နေနိုင်သလားလို့ မေးတဲ့အခါ ဇီလန်စကီးက လောလောဆယ် အခြေအနေ အရတော့ အဲဒီလိုပဲ မျှော်လင့်ထားရမယ်လို့ ပြန်ဖြေခဲ့ပါတယ်။ သူက ခက်ခဲကြမ်းတမ်းတဲ့ ဆောင်းရာသီမှာ ယူကရိန်းဟာ လေကြောင်းကာကွယ်ရေး ခဲယမ်းမီးကျောက်တွေနဲ့ စွမ်းအင်ဆိုင်ရာ အကူအညီတွေ ပိုပြီး လိုအပ်လာလိမ့်မယ်လို့လည်း ပြောပါတယ်။
ရုရှားဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဆောင်းရာသီရောက်တိုင်း ယူကရိန်းရဲ့ စွမ်းအင်ဖြန့်ဝေရေး အခြေခံ အဆောက်အအုံတွေကို တမင်ပစ်မှတ်ထားပြီး ပိုမို တိုက်ခိုက်လေ့ ရှိပါတယ်။ လက်ရှိမှာတော့ ယူကရိန်းဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ ပြတ်လပ်နေတာကြောင့် ရုရှားရဲ့ ဒုံးကျည်တွေကို ကြားဖြတ် ပစ်ချဖို့ ရုန်းကန်နေရပြီး ဆောင်းရာသီကို ဖြတ်သန်းရမယ့် အခြေအနေက စိုးရိမ်စရာ ဖြစ်လာပါတယ်။
ဇီလန်စကီးကတော့ ယူကရိန်းဟာ လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေ ကိုယ်တိုင် ထုတ်လုပ်ဖို့ လိုအပ်လာနေပြီလို့ ဝန်ခံခဲ့ပြီး အမေရိကန်ကလည်း နောက်နှစ်မှာတော့ ရှိရင်းစွဲထက် တိုးမြှင့် ထုတ်လုပ်မှာ ဖြစ်တဲ့အတွက် ယူကရိန်းဆီ အရေအတွက် တိုးမြှင့်ရောင်းချပေးလာမယ်လို့ မျှော်လင့်ကြောင်းလည်း ပြောကြားသွားပါတယ်။
အမေရိကန် ကိုယ်စားလှယ် အဖွဲ့ဟာ ပိုလန်ကို လေယာဉ်နဲ့ သွားရောက်ပြီး အဲဒီကနေတဆင့် ကိယက်ဗ်ကို ရထားနဲ့ ခရီးဆက်လာခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် ကိုယ်စားလှယ် အဖွဲ့ရဲ့ ခရီးစဉ် အတောအတွင်း ရုရှားရော၊ ယူကရိန်းပါ နှစ်နိုင်ငံ မြို့တော်တွေကို တိုက်ရိုက် တိုက်ခိုက်တာမျိုး ၃ ရက်ကြာ မပြုလုပ်ကြဖို့ အမေရိကန် အစိုးရနဲ့ ကြိုတင် ညှိနှိုင်းထားခဲ့ကြောင်းလည်း သိရပါတယ်။
ကိုးကား: Reuters


















































