အမေရိကန်ရဲ့ တိုက်ခိုက်မှုတိုင်းကို ပိုပြီးမြန်မြန်၊ ပိုပြီးပြင်းပြင်းထန်ထန်နဲ့ နာနာကျင်ကျင် ထိုးနှက်သွားမယ်လို့ အီရန်က ခြိမ်းခြောက်လိုက်ပါတယ်။
အမေရိကန်နဲ့ စစ်ပြေငြိမ်းရေး ဆွေးနွေးမှုတွေမှာ အဓိက ဦးဆောင်ခဲ့သူ အီရန် လွှတ်တော် ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘက်ဖ်က အမေရိကန် အနေနဲ့ လက်ရှိ အီရန်စစ်ပွဲမှာ အနေအထား အပြောင်းအလဲတွေ ဖြစ်နေတာကို အချိန်မနှောင်းခင် သဘောပေါက်သင့်နေပြီလို့လည်း စက်တင်ဘာ ၆ ရက်နေ့မှာ သတိပေးသွားခဲ့ပါတယ်။
အီရန်နဲ့ အမေရိကန်တို့ကြား တစ်လကြာ ငြိမ်သက်နေတဲ့ တိုက်ခိုက်မှုတွေ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြန်စလာတဲ့နောက် ဂါလီဘက်ဖ်က အမေရိကန်ရဲ့ တိုက်ခိုက်မှုတိုင်းကို ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့ အီရန်က အသင့်ဖြစ်နေကြောင်း ပြောကြားခဲ့တာပါ။
“စစ်ပွဲရဲ့ အနေအထားက ပြောင်းသွားပြီဆိုတာကို အမေရိကန်တွေ အချိန်မနှောင်းခင် သဘောပေါက်ဖို့ လိုတယ်။ အီရန်ရဲ့ အကျိုးစီးပွားနဲ့ လုံခြုံရေးအပေါ် ရန်လိုမှုတိုင်းဟာ ပိုမြန်ဆန်တဲ့၊ ပိုပြင်းထန်တဲ့၊ ပိုအထိနာတဲ့ တုံ့ပြန်မှုကို ရင်ဆိုင်ရမှာ ဖြစ်တယ်”လို့ ဂါလီဘက်ဖ်က ပြောကြားခဲ့ပါတယ်။ အဲဒီစကားကို အီရန်အစိုးရ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

Public Service Announcement
အီရန်မှာ ဆင်နွှဲနေတဲ့ စစ်ဆင်ရေးတွေကို ကွပ်ကဲနေတဲ့ အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM)ကတော့ ဂါလီဘက်ဖ်ရဲ့ ခြိမ်းခြောက်မှုအပေါ် သဘောထားမှတ်ချက် မပေးသေးပါဘူး။
အီရန် အစိုးရ မီဒီယာက နိုင်ငံရဲ့ ရေတပ်ဟာ ဟောမုဇ် ရေလက်ကြားထဲ ဝင်ရောက်ဖို့ ကြိုးစားတဲ့ အမေရိကန်ရေတပ် မောင်းသူမဲ့ ရေယာဉ်တစ်စီးကိုလည်း တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ အဲဒီ ကိစ္စကိုတော့ အမေရိကန် စစ်တပ်က ယတိပြတ် ပယ်ချခဲ့ပါတယ်။
အီရန် အစိုးရ မီဒီယာက ဖော်ပြတဲ့ သတင်းဟာ မုသားသက်သက်သာ ဖြစ်တယ်လို့ CENTCOMရဲ့ ပြောရေးဆိုခွင့်ရ ရေတပ်ဗိုလ်ကြီး တင်မ်ဟော့ကင်းစ်က ပြောကြားသွားပါတယ်။
ကိုးကား: BBC


















































