အွန်လိမ် ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိကြောင်း စွပ်စွဲချက်တွေကြောင့် ယူကရိန်း အစိုးရ ရှေ့နေချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။
စက်တင်ဘာ ၇ ရက်နေ့မှာ နုတ်ထွက်ကြောင်း ကြေညာတဲ့အခါ ရူစ်လန် ကရက်ဗ်ချန်ကိုက နိုင်ငံရေး ပဋိပက္ခတွေထဲမှာ သူ့ရာထူး နေရာက အသုံးချခံ ပစ္စည်းတစ်ခု ဖြစ်လာမှာ မလိုလားလို့ အခုလို ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ယူကရိန်းရဲ့ အဂတိ တိုက်ဖျက်ရေးဌာန (Nabu)နဲ့ အဂတိ အထူးတိုက်ဖျက်ရေး အစိုးရ ရှေ့နေရုံး (Sap)ရဲ့ အရာရှိတွေဟာ ကရက်ဗ်ချန်ကိုရဲ့ ရုံးခန်းကို ဝင်ရောက် စီးနင်း ရှာဖွေခဲ့ကြပါတယ်။ အကြောင်းကတော့ ကျားဖြန့်နဲ့ ငွေကြေးခဝါချမှု ကွန်ရက်တွေနဲ့ ကရက်ဗ်ချန်ကိုရဲ့ ရုံးမှာ ဆက်စပ်မှု အထောက်အထားတွေ တွေ့ထားတာကြောင့် ဖြစ်တယ်လို့ Nabuနဲ့ Sapက ဆိုပါတယ်။
အဂတိ တိုက်ဖျက်မှု ဌာနနှစ်ခုရဲ့ ကြေညာချက်မှာတော့ ကရက်ဗ်ချန်ကိုရဲ့ ရုံးမှာရှိနေတဲ့ ကွန်ရက် တစ်ခုဟာ ကျားဖြန့်ဂိုဏ်းတွေဆီက ငွေကြေးယူပြီး ကာကွယ်ပေးထားသလို တန်ဖိုး ဒေါ်လာသန်းချီတဲ့ ငွေကြေးတွေကိုလည်း ခဝါချဖို့ ကူညီပေးခဲ့တယ်လို့ ယုံကြည်ရကြောင်း ဖော်ပြထားပါတယ်။ အစိုးရ ရှေ့နေချုပ်ရုံးနဲ့ ဆက်စပ်တဲ့ ကျားဖြန့် ဂိုဏ်းတွေဟာ ဖုန်းခေါ်ပြီး ငွေလိမ်တဲ့ လှုပ်ရှားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

Public Service Announcement
အစောပိုင်းမှာ ကရက်ဗ်ချန်ကိုက အဲဒီစွပ်စွဲချက်တွေဟာ အခြေအမြစ် ကင်းမဲ့တယ်လို့ တုံ့ပြန်ဝေဖန်ခဲ့ပေမယ့် နောက်တော့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဆီ နုတ်ထွက်စာ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။
ရုရှားရဲ့ ကျူးကျော်စစ် စတင်ခဲ့တဲ့ ၂၀၂၄ ခုနှစ်နောက်ပိုင်း ယူကရိန်း အစိုးရဟာ စစ်ပွဲသာ မကဘဲ ထိပ်ပိုင်းအရာရှိတွေရဲ့ အဂတိ ပြဿနာတွေကြောင့်ပါ အကျပ်ရိုက်နေပါတယ်။ အထူးသဖြင့် ဇီလန်စကီးရဲ့ အတွင်းစည်းထဲက အရေးပါတဲ့ ပုဂ္ဂိုလ်တချို့ပါ အဂတိ စွပ်စွဲချက်တွေနဲ့ ကြုံခဲ့ရခြင်းက သမ္မတအတွက် အတော်လေး ဒုက္ခရောက်စေခဲ့ပါတယ်။
Nabuနဲ့ Sapရဲ့ အဆိုအရ ကျားဖြန့်ဂိုဏ်းတွေနဲ့ ဆက်စပ်တဲ့ အစိုးရ ရှေ့နေချုပ်ရုံးထဲက ကွန်ရက်ဟာ ငွေမည်းတွေကို အိမ်ခြံမြေ၊ လက်ဝတ်ရတနာနဲ့ တခြား အဖိုးတန် ပစ္စည်းတွေ ဝယ်ယူပြီး ငွေကြေးခဝါချပေးခဲ့တယ်လို့ သိရပါတယ်။
ကရက်ဗ်ချန်ကိုက အဲဒီစွပ်စွဲချက်တွေဟာ အခြေအမြစ် မရှိကြောင်း၊ သူလည်း ဘာအမှားမှ ကျူးလွန်မထားကြောင်း စက်တင်ဘာ ၆ ရက်နေ့မှာ ယတိပြတ် ငြင်းဆိုခဲ့ပေမယ့် နောက်တစ်နေ့မှာတော့ နုတ်ထွက်စာ တင်ခဲ့တာ ဖြစ်ပါတယ်။
နုတ်ထွက်စာထဲမှာတော့ သူ့အပေါ် ယုံကြည်ပေးခဲ့တဲ့ သမ္မတ ဇီလန်စကီးနဲ့ ယူကရိန်း လွှတ်တော်ကို ကျေးဇူးတင်ကြောင်း ကရက်ဗ်ချန်ကိုက ရေးသားထားပါတယ်။ ဇီလန်စကီးကတော့ အစိုးရ ရှေ့နေချုပ် နုတ်ထွက်မှုနဲ့ ပတ်သက်လို့ တရားဝင် သဘောထားမှတ်ချက် မပေးသေးပါဘူး။
ယူကရိန်းဟာ အစိုးရ အဖွဲ့ထဲက အဂတိ ကိစ္စတွေကို ထိထိရောက်ရောက် ရှင်းလင်းစေဖို့ ရည်ရွယ်ပြီး Nabuနဲ့ Sapတို့ကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်မှာ စတင်ဖွဲ့စည်းခဲ့ပေမယ့် အဲဒီ ပြဿနာတွေက ဆက်ပြီး ကြီးထွားနေဆဲ ဖြစ်ပါတယ်။
အခုလို အဂတိကိစ္စတွေ ကြုံနေရတာဟာ မဟာမိတ်တွေက ယူကရိန်း အစိုးရအပေါ် ယုံကြည်မှု လျော့ကျစေနိုင်ကြောင်းလည်း ကမ္ဘာ့စီးပွားရေး ထိပ်သီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 အဖွဲ့က သတိပေးထားပါတယ်။
အေဂျင်စီ နှစ်ခုရဲ့ လုပ်ပိုင်ခွင့်ကို အပြည့်အဝ ခွင့်ပြုထားကြောင်း ဇီလန်စကီးက ပြောပေမယ့် သူကိုယ်တိုင်က အဂတိ တိုက်ဖျက်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေမှာ တကယ်ပဲ စိတ်လိုလက်ရ ဖြစ်ရဲ့လားဆိုတဲ့ ဝေဖန် မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။
ဩဂုတ်လတုန်းကတော့ ငွေကြေးခဝါချမှုတွေအတွက် စွပ်စွဲခံထားရတဲ့ စွမ်းအင် ဝန်ကြီးဟောင်း တစ်ဦးဆီကို မလျော်ကန်တဲ့ အခြေအနေမျိုးတွေနဲ့ လျှို့ဝှက်ပေးချေမယ့် အမေရိကန် ဒေါ်လာ ၃ သန်းလောက် တန်ဖိုးရှိတဲ့ ယူကရိန်း ငွေတွေကို Nabuက ခြေရာခံ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဇီလန်စကီးရဲ့ သမ္မတရုံးမှာရှိတဲ့ အရာရှိ တစ်ဦးဟာ အဲဒီကိစ္စနဲ့ တိုက်ရိုက် ဆက်နွှယ် ပတ်သက်နေကြောင်း စစ်ဆေးတွေ့ရှိတဲ့အတွက် ရာထူးကနေ ထုတ်ပယ် ခံခဲ့ရပါတယ်။
ကိုးကား: BBC

















































