ထွန်းညိုဦး/ People’s Spring
စာဖတ်သူများ မင်္ဂလာပါ။ ဒီကနေ့ဟာ (၁၄) ကြိမ်မြောက် မြန်မာနိုင်ငံရဲ့လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ပါတဲ့။ ဒီကနေ့မှာ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌနေရာကို ရယူထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီးညွန်ဝင်းဆွေဆိုသူက သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
သူ့သဝဏ်လွှာမှာ မြန်မာနိုင်ငံမှာအိမ်နီးချင်းနိုင်ငံတွေကိုအဓမ္မလက်ထပ်ဖို့လူကုန်ကူးတာ၊ အဓမ္မပြည့်တန်ဆာပြုလုပ်စေတာ၊အဓမ္မလုပ်အားစေခိုင်းတာ၊ တခြားတစ်နည်းနည်းနဲ့ ကာ မဆိုင်ရာကိစ္စအဓမ္မပြုလုပ်စေတာ၊ ခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်းထုတ်ယူတာ စတဲ့ ဖြစ်စဉ်တွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ဒါပေမယ့် သူ့သဝဏ်လွှာထဲမှာ စစ်မှုထမ်း ရောင်းစားဖို့ လူကုန်ကူးတဲ့ ဖြစ်စဥ်တွေအကြောင်း ပါဝင်တာ မတွေ့ရပါဘူး။
ရန်ကုန်မြို့အခြေအနေကနေ စကြည့်လိုက်ကြရအောင်ပါ။ရန်ကုန်မြို့က လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ လှည်းကူး၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ တောင်ဒဂုံ၊ သင်္ဃန်းကျွန်း၊ ဒေါပုံ၊ စမ်းချောင်းစတဲ့ မြို့နယ် ၁၀ ခုမှာ သြဂုတ်လအတွင်း ဖမ်းဆီးခံရသူ ၃၀ ထက်မနည်း ရှိခဲ့တယ်လို့ ရန်ကုန်တိုင်းက မြေပြင်ကင်းထောက်သတင်းတွေ ဖြန့်ဝေပေးနေတဲ့ Rangoon Scout Network – RSN ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြခဲ့တယ်။ အဲဒီဖမ်းဆီးခံရသူတွေထဲမှာ လူမြင်သူမြင် ကားလမ်းမဘေးရှိနေချိန်၊ သွားလာနေချိန် အဖမ်းခံရသူက ၂၆ ဦးတောင် ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာလည်း ရန်ကုန်တိုင်းအတွင်း ဖမ်းဆီးခံရမှုဟာ လူ ၉၀ ထက်မနည်း ရှိခဲ့တယ်လို့ RSN က ဖော်ပြပါတယ်။

Public Service Announcement
ဒီလ စက်တင်ဘာမှာတော့ ပိုဆိုးလာခဲ့ပါပြီ။ စက်တင်ဘာလ ၁ ရက်နေ့ကနေ ၁၀ ရက်နေ့အတွင်း မတရား ဖမ်းဆီးခံခဲ့ရသူအများအပြားရှိခဲ့ပြီး မြို့နယ် ၁၀ မြို့နယ် မှ လူ ၃၈ ဦးရှိခဲ့တယ်လို့ RSN ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဖမ်းဆီးခံရတဲ့စာရင်းတွေပြုစုထားတဲ့ RSNက စစ်တပ်ရဲ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်သစ် စခါနီးကာလတွေမှာ ၎င်းတို့သတ်မှတ်လူစာရင်း အရေအတွက်ပြည့်မှီဖို့အတွက် လူစုဆောင်းပေးနေသူတွေက နည်းလမ်းမျိုးစုံနဲ့လူလိုက်ဆွဲနေလို့ အဲဒီကာလတွေဟာ ဖမ်းဆီးတာပိုများတယ်လို့ ဆိုပါတယ်။
လူလိုက်ဆွဲတဲ့အဖွဲ့တွေက နည်းလမ်းမျိုးစုံ သုံးပါတယ်။လမ်းပေါ်၊ လမ်းဘေး၊ ကားမှတ်တိုင်တွေမှာ ကားပေါ်ဆွဲတင်တာ၊ လူငယ်တွေကို ဖုန်းတွေအိတ်တွေယူစစ်ပြီးဖမ်းတာ၊ အလုပ်နဲ့မျှားခေါ်တာ၊ မြို့ဝင်မြို့ထွက်တွေမှာ Database နဲ့ တိုက်စစ်ပြီး ဖမ်းတာ၊ ဧည့်စာရင်းစစ်ပြီး ဖမ်းတာ၊ စစ်မှုထမ်းဖို့ အလှည့်ကျတယ်ဆိုပြီး အိမ်ထိလာဖမ်းတာ စတဲ့ နည်းလမ်းပေါင်းစုံနဲ့ ဖမ်းနေတယ်လို့RSN က ထုတ်ပြန်ပါတယ်။ ဒါ့အပြင် မူးယစ်ဆေးတွေ့တယ်ဆိုပြီးအမှုဆင်ဖမ်းကာ စစ်မှုထမ်းခိုင်းတဲ့ ဖြစ်စဉ်တွေလည်း ရှိနေတယ်လို့ သိရတယ်။
လမ်းပေါ် လိုက်ဆွဲတဲ့ အဖွဲ့တွေထဲ ပျူအဖွဲ့၊ လူမိုက်အဖွဲ့၊ အုပ်ကြီးအဖွဲ့တွေအပြင် အရပ်ဝတ်လဲထားတဲ့ ရဲတွေ၊စစ်သားတွေလည်း ပါတတ်ကြောင်း၊ရဲယူနီဖောင်းဝတ်၊ စစ်ယူနီဖောင်းဝတ်တွေလည်း တခါတခါတွေ့ရကြောင်း RSN က သတိပေးပါတယ်။
၎င်းတို့ ဆွဲထားတဲ့သူတွေထဲက ပိုက်ဆံတတ်နိုင်သူပါပါက မိသားစုထံကနေ ငွေညစ်ကာ ပြန်လွှတ်ပေးတတ်တယ်။ ပိုက်ဆံတတ်နိုင်သူ မဟုတ်က တခြားလိုအပ်နေတဲ့အဖွဲ့တွေ (ရပ်ကွက်ခြား၊ မြို့နယ်ခြား၊ ပြည်နယ်/တိုင်းခြား) ထံ ပြန်ရောင်းစားကြတယ်။ စစ်မှုထမ်းသင်တန်းအတွက် လူပို့ဖို့ရက် အလွန်နီးကပ်နေပါက ပြန်ရွေးထုတ်ခွင့်ပင်မပေးတော့ပဲ လူစုဆောင်းတဲ့နေရာတွေကို ချက်ချင်းပို့တတ်တယ်လို့ RSN က ဖော်ပြပါတယ်။
ဒါကတော်လှန်ရေးဘက်က သတင်းဆိုတော့ ဟုတ်ပါ့မလားလို့ စစ်တပ်ထောက်ခံသူတွေ သံသယဝင်နိုင်ပါတယ်။ဒါဆိုကျနော်တို့ စစ်တပ်ဘက်က ထွက်လာတဲ့သတင်းကို တချက်သွားကြည့်လိုက်ရအောင်ပါ။
သြဂုတ် ၂၅ ရက်က အင်းစိန်မြို့နယ်က အရံမီးသတ်အရာရှိ နေအိမ်မှာ အချုပ်ခန်းပြုလုပ်ပြီး လူငယ်တွေကို စစ်တပ်ဆီ ပြန် ရောင်းစားဖို့ ချုပ်နှောင်ထားတဲ့ မီးသတ်အရာရှိနဲ့ သူ့သမက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်က လူငယ်တွေကို ရန်ကုန်မှာ အလုပ်ရမယ်ဆိုပြီး လိမ်ခေါ်ကာ နေအိမ်မှာအချုပ်ခန်းလုပ်၊ ထိပ်တုံးခတ် ချုပ်နှောင်ထားပြီး စစ်တပ်ထံ ရောင်းစားဖို့ စီစဥ်ခဲ့တာပါ။ အဲဒီနေ့က အချုပ်ခန်းမှာ ရောင်းစားဖို့ ချုပ်ထားတဲ့လူငယ် ၄ ဦးကို တွေ့တယ်လို့ သိရတယ်။ စစ်တပ်အပေါင်းအပါအုပ်ချုပ်သူတွေနဲ့ အဝေမတည့်ရာကနေ သတင်းထွက်လာလို့အဖမ်းပြတာလို့ သတင်းထွက်တယ်။ ရှေ့မှာ လူဘယ်နှစ်ယောက်တောင် ရောင်းစားပြီးပြီလဲဆိုတာ မသိရပါဘူး။
ရန်ကုန်မှာ လူငယ်တွေကို ဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေတာကို ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ဝန်ခံခဲ့ပါတယ်။ ရန်ကုန်မြို့၊ လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တွေမှာ လူဖမ်းပြီး စစ်မှုထမ်းရောင်းစားသူတွေ ဆိုးရွားနေပြီး စက်တင်ဘာ ၄ ရက်နေ့ကပဲ ၎င်းရပ်ကွက်ထဲက လူငယ်တစ်ဦး ဖမ်းဆီးခံလိုက်ရကြောင်း ၎င်းအုပ်ကြီးက ပြောပါတယ်။
“၄ ရက်နေ့ကကျွန်တော့်ဘေးနားက အဆောင်မှာနေတဲ့ ကလေးလေးပေါ့နော်။ သူ့မိန်းမလေးက မွေးပြီးခါစလေး ရှိသေးတယ်။ အဲဒါကို အလုပ်အပြန်မှာ အတင်းကားပေါ် ဆွဲတင်သွားတယ်တဲ့။ ကလေးလေးက နေပြည်တော်ရောက်သွားပြီလို့ ကြားတယ်။ မနေ့က သူ့မိသားစုက ဖုန်းဆက်ပြီး လာပြောတယ်။ အလုပ်အပြန်မှာ လာပြီးတော့ဆွဲတင်သွားတယ်”လို့ ၎င်း စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ လူဖမ်းတဲ့အဖွဲ့တွေဟာ လူပြန်ပေးဆွဲဂိုဏ်းပုံစံဖြစ်လာနေပြီး တဖြည်းဖြည်းနဲ့ ဖောင်းပွပြီးတော့ လွန်လာပြီလို့ ၎င်းက ပြောပါတယ်။
အထက်ပါဖြစ်စဥ်တွေဟာ ရန်ကုန်အခြေအနေ တခုတည်း ရှိပါသေးတယ်။ မန္တလေးအပါအဝင် တခြားဒေသတွေမှာ အလားတူဖြစ်စဥ်တွေ အများအပြား ရှိနေပါသေးတယ်။
စစ်ကောင်စီက ကျင်းပတဲ့ (၁၄) ကြိမ်မြောက် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ဆိုတာဟာ စာရွက်ပေါ်နဲ့ အခမ်းအနားတွေမှာသာရှိပြီး၊ မြေပြင်မှာတော့ စစ်ကောင်စီနဲ့ ၎င်းတို့ရဲ့ ထောက်တိုင်တွေကိုယ်တိုင်က တရားဝင် လူကုန်ကူးသူတွေဆိုတာကိုဖြစ်စဉ်တွေက သက်သေပြနေပါတယ်။

















































