တရုတ် သမ္မတ ရှီကျင့်ဖျင်ကို ကြိုဆိုဖို့ အမေရိကန် စစ်တပ် အရာရှိတွေက ပြာပြာသလဲ ကော်ဇောနီ ခင်းနေတဲ့ ဗီဒီယို တစ်ခုဟာ အမေရိကန်က လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ အတော်လေး ဝေဖန်စရာ ဖြစ်နေပါတယ်။
၁၂ စက္ကန့်လောက်ကြာတဲ့ ဗီဒီယိုထဲမှာတော့ အမေရိကန် လုံခြုံရေး အရာရှိတွေဟာ လေယာဉ်တံခါးဝမှာ ရှီနဲ့ ဇနီးဖြစ်သူတို့ ထွက်ပေါ်မလာခင်မှာ မီတာ ၃၀ ရှည်တဲ့ ကော်ဇောနီကြီးကို ဖြန့်ချပြီး ခင်းနေသလို ဒူးထောက်လျက်သား၊ ကုန်းကုန်းကွကွတွေနဲ့ သေသေသပ်သပ်ဖြစ်အောင် ပြင်ဆင်နေတာ တွေ့ရပါတယ်။
ရှီဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဖိတ်ကြားမှုကြောင့် စက်တင်ဘာ ၂၃ ရက်နေ့ ညနေပိုင်းက ဝါရှင်တန် ဒီစီ မြို့တော်နားမှာရှိတဲ့ အန်ဒရူး လေတပ်စခန်းကို ရောက်ရှိလာခဲ့တာပါ။ ရှီရဲ့ ခရီးစဉ်မှာ အမေရိကန် အစိုးရက ကော်ဇောနီခင်းပြီး ကြိုပေမယ့် စနစ်တကျ ပြင်ဆင်ထားမှု မရှိဘူးလို့ လူမှုကွန်ရက် သုံးစွဲသူတွေက ဝေဖန်နေသလို စစ်ဘက် အရာရှိတွေက ဒီကိစ္စမျိုးမှာ တာဝန်ယူစရာ လိုသလားလို့လည်း တချို့က မေးခွန်းထုတ်နေပါတယ်။
အမေရိကန် စစ်မှုထမ်းတွေ ကော်ဇောနီခင်းရင်း ဗျာများနေတာကို တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ၊ လုပ်ထုံးလုပ်နည်းဆိုင်ရာ ဌာနခွဲ အကြီးအကဲ ဟွမ်လိုင်တို့က လေယာဉ်တံခါးဝကနေ စောင့်ကြည့်နေခဲ့တာကိုလည်း တွေ့ရပါတယ်။

Public Service Announcement
ထရမ့်ဟာ ရှီကို လေဆိပ်မှာ ကိုယ်တိုင်ကိုယ်ကျ ဆင်းကြိုခဲ့ပါတယ်။ အမေရိကန် သမ္မတတွေဟာ နိုင်ငံခြား ခေါင်းဆောင်တွေကို အိမ်ဖြူတော်မှာပဲ အခမ်းအနားနဲ့ ကြိုဆိုလေ့ ရှိပေမယ့် ထရမ့်ကတော့ ရှားရှားပါးပါး အခြေအနေ တစ်ခုအဖြစ် လေဆိပ်မှာ သွားစောင့်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ရှီရောက်ရှိလာချိန် အန်ဒရူး လေတပ်စခန်းပေါ်မှာ B-1 ဗုံးကြဲလေယာဉ်ကြီး ၂ စီး၊ F-16 တိုက်လေယာဉ် ၆ စီးနဲ့ F-22 တိုက်လေယာဉ် ၆ စီးတို့က ဂုဏ်ပြု ပျံသန်းခဲ့ပါတယ်။ ပြီးတော့ ဂုဏ်ပြု တပ်ဖွဲ့ကလည်း သေနတ် ၂၁ ချက် ပစ်ဖောက်ပြီး ကြိုဆိုခဲ့ပါတယ်။
ထရမ့်ဟာ ဇနီးဖြစ်သူ မယ်လာနီယာနဲ့အတူ လေယာဉ်လှေကားရင်းနားထိ သွားရောက်ပြီး ရှီနဲ့ သမ္မတကတော် ပန်လိယွမ်တို့ကို ကြိုဆို နှုတ်ဆက်ခဲ့တာပါ။
အမေရိကန် သမ္မတ ကိုယ်တိုင်က ဧည့်သည်တော်တွေကို လေဆိပ် ဆင်းကြိုတာဟာ လုပ်ထုံးလုပ်နည်းအရတော့ တွေ့ရခဲတဲ့ ကိစ္စမျိုးပါပဲ။ ၂၀၁၅ ခုနှစ်တုန်းက သမ္မတ ဘာရတ် အိုဘားမား၊ ဒုတိယ သမ္မတ ဂျိုးဘိုင်ဒန်တို့ဟာ ပုပ်ရဟန်းမင်းကြီး ဆိုက်ရောက်လာတာကို လေဆိပ်ထိ ဆင်းကြိုခဲ့ဖူးပါတယ်။ ဒါပေမဲ့ နိုင်ငံတစ်ခုရဲ့ ခေါင်းဆောင်ကို အမေရိကန် သမ္မတက လေဆိပ်ထိ သွားကြိုတာကတော့ ၆၄ နှစ်တာအတွင်း ထရမ့်က ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ၁၉၆၂ တုန်းက သမ္မတ ဂျွန်အက်ဖ် ကနေဒီဟာ ဗြိတိန် ဝန်ကြီးချုပ် ဟာရိုးလ် မက်မီလန်ကို လေဆိပ်ထိ ဆင်းကြိုခဲ့ဖူးကြောင်း သိရပါတယ်။
ကိုးကား: SCMP



















































