Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်မြို့တိုက်ပွဲ ၆ရက်မြောက်ဖြစ်လာပြီး ပိုပြင်းထန်လာ

လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ် တော်လှန်ရေးသတင်းရင်းမြစ် သတိပေး

အောက်တိုဘာ ၃၊၂၀၂၆။ရွှေပြည်စိုး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ ဒီကနေ့ (အောက်တိုဘာ ၃ရက်) တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်ကို သတိပြုဖို့‌ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီကနေ့မနက် အစောပိုင်းမှာ ပစ်ခတ်သံတွေကြားနေတာကနေ မွန်းလွဲ ၂နာရီခန့်ကစပြီး လက်နက်ကြီးနဲ့ အတွဲလိုက် ဒုန်းပစ်ခတ်သံတွေ ကြားနေရတယ်လို့ မိုးမိတ်မြို့ခံတစ်ဦးက ညနေ ၄နာရီခန့်မှာ ပြောပါတယ်။

” တိုက်ပွဲက ပိုပြီး ပြင်းထန်နေလို့ ကြောက်လာတယ်။ မရှောင်ဘူးဆိုပြီး နေတာ။ အခုက ကြောက်စရာကောင်းနေတယ်။ လေယာဉ်လည်း လာတယ်။ မနေ့ကလည် ဗုံးကြဲတယ်”လို့ ၎င်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲက မိုးမိတ်မြို့အနီး၊ မြစ်ဆုံသွားတဲ့လမ်းက အုန်းကြောရွာသစ်မှာဖြစ်နေတာလို့ သိရပါတယ်။

မိုးမိတ်မြို့နဲ့ ၂မိုင်ခန့်အကွာက ညောင်နီရွာအနီးမှာ စက်တင်ဘာ ၂၈ရက်မနက်ပိုင်းကစပြီးစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာကနေ ၆ရက်မြောက်ဖြစ်တဲ့ ဒီ‌နေ့အထိ စစ်ရေးတင်းမာနေတာပါ။အုန်းကြောရွာသစ်မှာတော့ အောက်တိုဘာ ၂ရက်ကစပြီး ၂ရက်ဆက် တိုက်ပွဲဖြစ်နေတာပါ။

အောက်တိုဘာ ၁ရက်မှာ‌တော့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ အင်အား ၁၀၀၀ ကျော်ကို လေကြောင်းလုံခြုံရေးအကူအညီနဲ့ မန္တလေး – မတ္တရာ- သပိတ်ကျင်း-တကောင်း- ထီးချိုင့် – မိုးမိတ်လမ်းအတိုင်းပို့ဆောင်ခဲ့ပါတယ်။ ပို့‌လိုက်တဲ့ အင်အားတွေကို မြို့အနှံ့ နေရာချထားပြီး မြို့ခံတွေကိုလည်း စစ်ရှောင်ခွင့်မပေးဘဲ စစ်ဆေးရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။

ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်တပ်အထိနာတဲ့ စက်တင်ဘာ၂၈ရက်၊ ၂၉ရက်၊အောက်တိုဘာ ၁ရက်နဲ့ အောက်တိုဘာ ၂ရက်တွေမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

” ဟိုအရင်တိုက်ပွဲတွေမှာ စစ်တပ်က လေကြောင်းပစ်လို့ အရပ်သားတွေ သေဆုံးတယ်။ အခုလည်း တိုက်ပွဲက ပိုကြမ်းလာတယ်။ အထူးသဖြင့်တော့ လေယာဉ်နဲ့ လက်နက်ကြီးအန္တရာယ်များနေတာအမှန်ပဲ။ စကစဖက်က ရမ်းသမ်းပစ်နေတာ” လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

မိုးမိတ်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က သိမ်းယူခဲ့တဲ့မြို့ဖြစ်ပြီး တရုတ်အစိုးရရဲ့ဖိအားပေးမှုကြောင့် စစ်တပ်ထံကို ၂၀၂၅ အောက်တိုဘာမှာ ပြန်ပေးခဲ့တာပါ။ အဲဒီနောက်ပိုင်း ဝင်လာတဲ့ စစ်တပ်ကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) စစ်ရုံးချုပ်က မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာလ (၉) ရက်နေ့မှာဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့တာပါ။မတ်လဆန်းထဲမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာပြီးတဲ့နောက်ပိုင်း PDFပူးပေါင်းတပ်တွေက ဆုတ်ခွာခဲ့ရပါတယ်။အဲ့ဒီနောက်ပိုင်း စစ် ကောင်စီတပ်က မြို့ထဲမှာ တပ်စွဲထားပြီး ကျေးရွာတွေဘက်မှာတော့ KIA၊ PDFနဲ့ ပူးပေါင်းတပ်တွေအပြင် ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မ တော် (SSPP/SSA)လည်း တပ်စွဲထားပါတယ်။

မိုးမိတ်မြို့အနီး၊ ညောင်နီကျေးရွာက ရွှေသမင်ကုန်း စစ်တပ်စခန်းကို စက်တင်ဘာ ၂၉ရက်မှာ တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တွေက စစ်တပ်ရဲ့ စခန်းငယ်တခုကို AAထပ်မံသိမ်းပိုက်

သတင်း

အာဏာသိမ်းစစ်တပ်ကမိုးမိတ်မြို့ကို ပို့‌လိုက်တဲ့ စစ်မှုထမ်းသင်တန်းဆင်း(ပစ)စစ်သားသစ်တွေကို မြို့အနှံ့ နေရာချထားပြီး မြို့ခံတွေကို ထွက်ခွင့်မပေးဘဲ ပိတ်ဆို့ထားသလို တိုက်ပွဲလည်းဖြစ်နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ရှမ်းနဲ့ ကချင်ကြားအငြင်းပွားမှုပိုတိုးစေဖို့ စစ်တပ်ကပြဿနာတွေ ဖန်တီး​နေ

Trending

Facebook