Connect with us

Hi, what are you looking for?

သတင်း

အရပ်သား‌တွေအပေါ်လေကြောင်းတိုက်ခိုက်ပြီး တော်လှန်ရေးအင်အားစုတွေ ဖိအားပေးတဲ့ စစ်တပ်လုပ်ရပ် မွန်ပြည်ဖက်ဒရယ်ကောင်စီ ရှုတ်ချ

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသအတွင်း စစ်တပ်ရဲ့ အရပ်သားမွန်ပြည်သူများအပေါ် ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)က ထုတ်ပြန်ခဲ့ပြီး စစ်တပ်ရဲ့လုပ်ရပ်ဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်များကို ခြိမ်းခြောက်ဖျက်ဆီးခြင်းဖြင့် တော်လှန်ရေး အင်အားစုများအပေါ် ဖိအားပေးတာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

(မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ ချဲ့ဒိုက်ကျေးရွာသို့ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - RMA-Ramonnya Mon Army)

နိုဝင်ဘာ ၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသအတွင်း စစ်တပ်ရဲ့ အရပ်သားမွန်ပြည်သူများအပေါ် ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)က ထုတ်ပြန်ခဲ့ပြီး စစ်တပ်ရဲ့လုပ်ရပ်ဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်များကို ခြိမ်းခြောက်ဖျက်ဆီးခြင်းဖြင့် တော်လှန်ရေး အင်အားစုများအပေါ် ဖိအားပေးတာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

စစ်တပ်က နိုဝင်ဘာ ၁၅ရက်နဲ့ ၁၆ရက်တွေမှာ အပစ်ရပ်အဖွဲ့ မွန်ပြည်သစ်ပါတီ(NMSP) ထိန်းချုပ်နယ်မြေတွေကို လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သား ၄ဦးသေဆုံးကာ ၂၀ဦးကျော် ဒဏ်ရာရရှိခဲ့ရာ MSFCက နိုဝင်ဘာ ၁၉ရက်မှာ သဘောထား ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်ဒေသခံ အရပ်သားပြည်သူများစွာ ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ကြရကြောင်းလည်း အသိပေးထားပါတယ်။

တော်လှန်ရေးအင်အားစုတွေ စစ်ရေးလှုပ်ရှားမှု မရှိတဲ့ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခြင်းဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုပင် ဖြစ်ကြောင်း MSFCက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အရပ်သားများနဲ့ စစ်ရေးပစ်မှတ်များအကြား ခွဲခြားရမယ့် အခြေခံမူကို ချိုးဖောက်ခြင်းဖြစ်ပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေနဲ့ စစ်အုပ်စုပါဝင်လက်မှတ်ထိုးထားတဲ့ အပစ်ရပ်စာချုပ် NCA ပါ သဘောတူညီချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာလို့ ဖော်ပြပါတယ်။

“စစ်အုပ်စုသည် အရပ်သားပြည်သူများ၊ အထူးသဖြင့် တိုင်းရင်းသားလူမျိုးများအပေါ် လေကြောင်း တိုက်ခိုက်မှုများနှင့် အခြားသော အကြမ်းဖက်မှုများကို အဆက်မပြတ် ကျူးလွန်လျက်ရှိသည်။ ထိုသို့ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ခြိမ်းခြောက်ဖျက်ဆီးခြင်းဖြင့် တော်လှန်ရေး အင်အားစုများအပေါ် ဖိအားပေးကာ စစ်အုပ်စုကိုယ်တိုင် ချမှတ်ထားသည့် နိုင်ငံရေးလမ်းကြောင်းနှင့် ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ ရောက်ရှိလာစေရန် ကြိုးပမ်းနေခြင်းဖြစ်သည်” လို့ MSFCက ထုတ်ပြန်ပါတယ်။

အပစ်ရပ်အဖွဲ့ မွန်ပြည်သစ်ပါတီအနေဖြင့် စစ်အုပ်စုနဲ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ကြိုးပမ်းခဲ့ပေမဲ့ စစ်အုပ်စုကတော့ အပြစ်မဲ့မွန်ပြည်သူများအပေါ် အခုလို လေကြောင်း တိုက်ခိုက်မှုများ ကျူးလွန်နေခြင်းဟာ စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုအပေါ် မေးခွန်းထုတ်စရာဖြစ်စေကြောင်းလည်း ဖော်ပြထားပါတယ်။

စစ်တပ်ရဲ့ မွန်အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP(AD)ကလည်း နိုဝင်ဘာ ၁၇ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ရာ သေဆုံး၊ ဒဏ်ရာရရှိသူများ၊ နေအိမ်ပျက်စီးဆုံးရှုံးသွားသူများရဲ့ မိသားစုများနဲ့ထပ်တူဝမ်းနည်းကြောင်း ဖော်ပြပြီး ပြည်သူတွေနဲ့အတူ ရပ်တည်သွားမယ်လို့ အသိပေးပါတယ်။

မွန်ပြည်သူလူထုများအနေဖြင့်လည်း တိုက်ခိုက်ခံရသူများနဲ့ သူတို့ မိသားစုများအား ဝိုင်းဝန်းကူညီပေးကြဖို့လည်း NMSP ADက တိုက်တွန်းပါတယ်။

စစ်တပ်ရဲ့ တိုက်ခိုက်မှုလုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချခဲ့ပြီး စစ်တပ် ကျူးလွန်နေတဲ့ အနိုင်ကျင့် ဖိနှိပ်တိုက်ခိုက်မှုများမှ ပြည်သူလူထုကို နည်းမျိုးစုံနဲ့ ကာကွယ်စောင့်ရှောက်နိုင်ရေး အစွမ်းကုန်ကြိုးပမ်းမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ