နိုဝင်ဘာ-၂၀၊ ၂၀၂၆။ခိုင်မြတ်/ People’s Spring
ရခိုင်ပြည်နယ်တိုက်ပွဲတွေအတွင်း အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ပြည်နယ်အတွင်းက မြို့နယ်တွေကို Y12 ၊ တိုက်လေယာဉ်အပါအဝင် လေယာဉ် ၇ စီးထက်မနည်းနဲ့ ပျံဝဲကင်းထောက်နေပြီး မြောက်ဦးမြို့နယ်ကို ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၂၀ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ မြောက်ဦးမြို့နယ် ကျောက်ဆည်ပြင်ကျေးရွာဝန်းကျင်ကို ဂျက်ဖိုက်တာ ၅ စီး၊ Y12 နှစ်စီးတို့နဲ့ ဗုံးအလုံး ဆယ်ကျော်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
” ကျောက်ဆည်ပြင်နားကို ကြဲတာပါ။ လှမ်းမြင်ရတယ်။ ဂျက်တွေလာပြီးတော့ Y12 နောက်မှ ရောက်လာတယ်။ Y12 နဲ့ ချနေတယ်” လို့ မြောက်ဦးမြို့နယ်မှ ဒေသခံတစ်ဦးက ဒီနေ့ မနက် ၁၁ နာရီခွဲဝန်းကျင်မှာ ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် စစ်တပ်ရဲ့ နောက်ထပ် ဂျက်ဖိုက်တာ ၂ စီးနဲ့ Y12 ၁စီးတို့ဟာ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်ဘက်မှာ ကင်းထောက်ပျံဝဲနေပြီး ဗုံးကြဲတာတွေလည်း ရှိနေတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ စစ်တပ်ဗုံးကြဲမှုကြောင့် အထိအခိုက်တွေကိုတော့ မသိရသေးပါဘူး။
” မနက်ကတည်းက လေယာဉ်တွေ ဆက်တိုက် ဝင်လာတယ်။ ပြည်သူတွေ သတိထားကြဖို့ လိုပါတယ်။ အဓိက စစ်တွေဘက်ဝန်းကျင် ပုဏ္ဏားကျွန်း ဘက်တွေ သတိထားဖို့ လိုတယ်”လို့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ လေကြောင်းစောင့်ကြည့်နေတဲ့လူငယ်တစ်ဦးက ပြောပါတယ်။
စစ်တပ်ဟာ နိုဝင်ဘာ ၁၉ ရက်ကလည်း တိုက်လေယာဉ်အပါအဝင် ဗုံးကြဲလေယာဉ် အစီး ၁၀ ကျော်နဲ့ ရခိုင်ပြည်နယ် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်တို့ကို ဗုံးအလုံး တရာနီးပါး ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။
အလားတူပဲ နိုဝင်ဘာ ၁၈ ရက် ညနေပိုင်းကလည်း သံတွဲမြို့နယ် ငပလီမြို့၊ လင်းသာအမှတ်(၁)ရပ်ကွက်ရှိ မင်္ဂလာသုခဘုန်းတော်ကြီးကျောင်းကိုလည်း စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အဲဒီရပ်ကွက်မှ ညီအစ်မနှစ်ဦး သေဆုံးပြီး နောက်ထပ် ကလေးငယ်တဦး ဒဏ်ရာရခဲ့ပါတယ်။
သေဆုံးခဲ့သူတွေဟာ အသက် ၁၄ နှစ်အရွယ် မအေးအေးသန်းနဲ့ ၂၅ နှစ်အရွယ် မအေးအေးစိုးတို့ဖြစ်ပြီး ဒဏ်ရာရသူ ကတော့ ၁၃ နှစ်အရွယ် မောင်၀တုတ်တို့ ဖြစ်ကြပါတယ်။
စစ်တပ်ဟာ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေပြီး အထိနာနေကာ အခုရက်ပိုင်းမှာ သံတွဲ၊ ကျောက်တော်၊ မြောက်ဦးမြို့ပေါ်နေရာတွေ၊ စစ်ဘေးရှောင်စခန်းတွေနဲ့ လူနေကျေးရွာတွေကို ဆက်တိုက်ဗုံးကြဲနေ တာဖြစ်ပါတယ်။
နိုဝင်ဘာ ၁၄ ရက်ကနေ နိုဝင်ဘာ ၁၇ ရက်ထိ လေးရက်ဆက်တိုက် ရခိုင်နဲ့ ပလက်၀မြို့နယ်တို့ကို ဗုံးကြဲ ခဲ့ပြီး သေဆုံးခဲ့ရတဲ့ အပြစ်မဲ့အရပ်သားပြည်သူ ၁၄ ဦးနဲ့ ဒဏ်ရာရသူ ၂၈ ဦး ရှိခဲ့ပါတယ်။
စစ်တပ်ဟာ နိုဝင်ဘာ ၁၄ ရက်နဲ့ ၁၅ ရက်တို့မှာ ကျောက်ဖြူမြို့နယ်အတွင်းရှိ တိုက်ပွဲပြင်းထန်နေတဲ့ တောင်မော် ဦးရေတပ်စခန်းအနီး စနဲမြို့ တောင်ငူစုရပ်ကွက်ကိုလည်း ဒရုန်းတွေနဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် နေအိမ်တွေ ပျက်စီးခဲ့ရသေးတယ်။
ဒါ့အပြင် နိုဝင်ဘာာ ၁၇ ရက်ကလည်း သံတွဲမြို့ပေါ် အမှတ်(၁)အထက်တန်းကျောင်းနဲ့ အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်း(GTI)တို့ကို ဗုံးကြဲခဲ့တာကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာခဲ့ပါတယ်။ နိုဝင် ဘာ ၁၆ ရက်နေ့ကလည်း ကျောက်တော်မြို့ပေါ်ရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းနဲ့ ဝန်းကျင်ကို ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။
စစ်တပ်ဟာ အခုရက်ပိုင်းမှာ အာရက္ခပြည်က စစ်ရေးနဲ့ မသက်ဆိုင်တဲ့ဆေးရုံတွေ၊ ပြည်သူတွေ၊ အများပြည်သူအသုံးပြုတဲ့လမ်းတံတားတွေကို ပစ်မှတ်ထား၊ တိုက်ခိုက်ဖျက်ဆီးမှုတွေ ဆက်တိုက်ရှိ လာပြီး အဲဒီလုပ်ရပ်တွေဟာ အင်မတန်အောက်တန်းကျယုတ်မာတဲ့လုပ်ရပ်တွေဖြစ်ကာ ပါဝင်သူတယောက်ချင်း ကို လက်တုံ့ပြန်သွားမယ် အာရက္ခတပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောထားပါတယ်။
လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေ နိုဝင်ဘာ ၁၇ ရက်နေ့ထိ နှစ်လကျော်အတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံအရပ်သား ပြည်သူ ၁၅၂ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၂၇၅ ဦးထက်မနည်း ရှိသွားခဲ့ပြီဖြစ်ပါတယ်။
အာရက္ခတပ်တော်(AA)ကတော့ မပြီးဆုံးသေးတဲ့တိုက်ပွဲတွေနဲ့ ဆက်လက်သိမ်းပိုက်ဖို့ကျန်နေသေးတဲ့ မြို့သိမ်း တိုက်ပွဲတွေဆင်နွှဲနေပြီး ကျန်နေသေးတဲ့ အာရက္ခဘိုးဘွားပိုင်နယ်မြေတွေကို အာရက္ခပြည်သူတွေလက်ထဲသို့ မကြာခင်ပေးအပ်သွားမယ်လို့ အသိပေးထားပါတယ်။

























































