နိုဝင်ဘာ ၂၀၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လူငယ်တွေ ထွက်ပြေးချိန်မရအောင် မနက်မလင်းမီမှာ နေအိမ်တွေပေါ်တက်ကာ ပေါ်တာဝင်ဆွဲနေကြောင်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက် မနက် ၄ နာရီခန့်က ဝမ်းတွင်းမြို့နယ်၊ ကံကြီးကျေးရွာကို စစ်တပ်က ပေါ်တာဝင်ဆွဲခဲ့ရာ လူငယ်အမျိုးသား ၃ ဦး ပါသွားကြောင်း မြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice of Wundwin အဖွဲ့က ပြောပါတယ်။
“အိပ်နေတာကို ခြင်ထောင်တွေ လှပ်ပြီးကို ခေါ်သွားကြတာပါ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ပထမပတ်အတွင်းကလည်း သုံးဒေါင့်အိုင်ကျေးရွာအတွင်း မနက် ၃ နာရီအချိန် ပေါ်တာဝင်ဆွဲတာ လူငယ် ၄ ဦးပါသွားခဲ့ကြောင်း Voice of Wundwin အဖွဲ့က ပြောပါတယ်။ နိုဝင်ဘာ ၁၁ ရက်၊ မနက်လေးနာရီခွဲခန့်ကလည်း ဝမ်းတွင်းမြို့ပေါ်မှာ နေအိမ်ပေါ်အထိ ပေါ်တာတက်ဆွဲလို့ လူငယ်တွေ ဖမ်းဆီးခံရတာတွေရှိကြောင်း ဒေသခံအချို့က ပြောပါတယ်။
လာရောက်ဖမ်းဆီးတဲ့ စစ်တပ်ဟာ မြို့ပေါ် ထွေအုပ်ရုံးမှာထိုင်တဲ့ စစ်သားတွေပါဝင်ပြီး လူငယ်တွေ ထွက်ပြေးချိန်မရအောင် မနက်မလင်းမီ ပေါ်တာဝင်ဆွဲနေတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်တပ်ဟာ မနက်မလင်းမီတင်မကဘဲ နေ့ခင်းမှာလည်း ပေါ်တာဆွဲနေပြီး နိုဝင်ဘာ ၁၁ ရက် ညနေ ၄ နာရီခန့်ကလည်း ဝမ်းတွင်းမြို့နယ်၊ စိန်ပန်းပင်ကျေးရွာကို စစ်ကောင်စီတပ်သားတွေ ရောက်ရှိလာပြီး နေအိမ်တွေပေါ်အထိ ပေါ်တာတက်ဆွဲရာ အမျိုးသား ၆ ဦးပါသွားကြောင်း မြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice of Wundwin အဖွဲ့က ပြောပါတယ်။
ဝမ်းတွင်းမြို့နယ်အတွင်း စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးတာတွေ မကြာခဏ ပြုလုပ်နေတာကြောင့်လူငယ်တွေ သတိပြုနေထိုင်ကြဖို့ Voice of Wundwin အဖွဲ့က သတိပေးထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ယခု နိုဝင်ဘာလယ်ပိုင်းမှာပဲစစ်မှုထမ်းအပတ်စဥ်(၃၀)ကို စတင်လိုက်ပြီး ဖြစ်ပါတယ်။ လာမယ့်အပတ်စဥ်တွေအတွက် ရန်ကုန်၊ မန္တလေးအပါအဝင် ၎င်းတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အခုလပိုင်းအတွင်း ပေါ်တာဆွဲတာတွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။ ဒါ့အပြင် စစ်မျက်နှာအသီးသီးမှာလည်း အာဏာသိမ်းစစ်ကောင်စီဘက်က သေဆုံးထိခိုက်တာတွေ များနေပြီး တပ်သားလိုအပ်ချက်များနေတာကြောင့် ပေါ်တာဆွဲဖမ်းဆီးမှုတွေ ပိုမိုပြုလုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
























































