နိုဝင်ဘာ-၂၀၊၂၀၂၆။People’s Spring
ရိုဟင်ဂျာ မျိုးနွယ်စုတွေအပေါ် မြန်မာက လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း စွပ်စွဲမှုအတွက် အပြစ်ရှိတယ်လို့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)က အမိန့်ချခဲ့တဲ့ သမိုင်းဝင် ဆုံးဖြတ်ချက်အပေါ် အမေရိကန်အစိုးရက အတော်လေး သတိကြီးကြီးထားတဲ့ သဘောထား မှတ်ချက်မျိုးနဲ့ တုံ့ပြန်ခဲ့ပါတယ်။
စီရင်ချက် ထွက်ပေါ်မလာခင်တုန်းက မြန်မာကိုသာ လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲချက်အတွက် အပြစ်ရှိတယ်လို့ အမိန့်ချခဲ့မယ်ဆိုရင် ICJရဲ့ တရားသူကြီးတွေကို အမေရိကန်က ပိတ်ဆို့အရေးယူနိုင်ကြောင်းခန့်မှန်းမှုတွေထွက်ပေါ်လာခဲ့ပါသေးတယ်။အကြောင်းက
တော့ လူမျိုးသုဉ်း သတ်ဖြတ်မှုကို နိုင်ငံတစ်ခုက ထောက်ခံ ကျူးလွန်ပါတယ်ဆိုတဲ့ စီရင်ချက်မျိုး အရင်က မရှိခဲ့ဖူးသေးဘဲမြန်မာအမှုကို အကြောင်းပြုပြီး အမေရိကန်ရဲ့ စစ်ဆင်ရေး ကိစ္စတွေမှာပါ အလားတူ စစ်ဆေးမှုတွေ၊ ကိုးကားစရာတွေရလာမှာကိုအမေရိကန်အစိုးရက စိုးရိမ်တာကြောင့် ဖြစ်ပါတယ်။

Public Service Announcement
နိုဝင်ဘာ ၁၉ ရက်နေ့ စီရင်ချက် အပြီးမှာတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အခုစီရင်ချက်နဲ့ ပတ်သက်လို့ ပြန်လည်ဆင်ခြင် သုံးသပ်နေကြောင်း ထုတ်ပြန်ခဲ့ပါတယ်။တစ်ဖက်မှာလည်း ICJရဲ့ လုပ်ထုံးလုပ်နည်းတွေမှာ နိုင်ငံရေး ရောနှောဆက်နွှယ်တာမျိုးတွေကို ရှောင်ကြည်ဖို့ လိုတယ်လို့လည်း အမေရိကန်က ဆိုခဲ့ပါတယ်။
သမ္မတဒေါ်နယ်လ်ထရမ့်ရဲ့အမေရိကန်အစိုးရဟာ နိုင်ငံတကာ တရားစီရင်ရေး ဥပဒေတွေနဲ့ ပတ်သက်ရင် အမြင်မကြည်ဟန် ရှိနေပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ကို ဖျက်သိမ်းရအောင် ဖိအားပေးမယ်လို့ အတိအလင်း ကြေညာထားပါတယ်။ ကုလသမဂ္ဂ (UN) လက်အောက်ခံ တရားရုံးဖြစ်တဲ့ ICJရဲ့ တရားဝင်မှု အပေါ်မှာတော့လက်ရှိ အချိန်ထိ အမေရိကန်က မေးခွန်းမထုတ်သေးပါဘူး။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ အမေရိကန်ဟာ မြန်မာပြည်သူတွေနဲ့အတူ ဆက်လက် ရပ်တည်ကြောင်း၊ ရိုဟင်ဂျာ မွတ်ဆလင်တွေ၊ လူနည်းစု တိုင်းရင်းသား မျိုးနွယ်တွေအပေါ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီးလည်း အလေးအနက် စိုးရိမ်ကြောင်း ပါရှိခဲ့ပါတယ်။ ပြီးတော့ ရိုဟင်ဂျာတွေ ကြုံတွေ့နေတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းမှာ အမေရိကန်ဟာ အများဆုံးငွေကြေးထည့်ဝင်လှူဒါန်းပေးခဲ့တဲ့ နိုင်ငံဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာတော့ ဥရောပသမဂ္ဂ (EU)က မြန်မာအနေနဲ့ ICJရဲ့ စီရင်ဆုံးဖြတ်ချက်၊ နောက်ဆက်တွဲ လမ်းညွှန်ချက်တွေကိုနှောင့်နှေးကြန့်ကြာမှုမရှိဘဲ ချက်ချင်း အမြန်ဆုံး အကောင်အထည် ဖော်ရမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ICJရဲ့ စီရင်ချက်တွေအတိုင်း အကောင်အထည် ဖော်ဖို့ဆိုတာ လုပ်သင့်မလုပ်သင့် ရွေးနေရမယ့် ကိစ္စမျိုး မဟုတ်ဘဲ မဖြစ်မနေ လုပ်ကိုလုပ်ရမယ့် တာဝန်ဖြစ်ကြောင်း၊ ဒါမှသာ နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာရာ ရောက်မှာဖြစ်ကြောင်း EUက ဆိုပါတယ်။ EU အနေနဲ့ ICJအပေါ် အမြင့်ဆုံး လေးစားမှု ထားရှိပြီး အငြင်းပွားမှုတွေကိုနိုင်ငံတကာစည်းမျဉ်းတွေနဲ့အညီ ငြိမ်းချမ်းစွာ ဖြေရှင်းပေးနေတဲ့ တရားရုံးရဲ့ အားထုတ်မှုတွေကိုမယိမ်းမယိုင်ဆက်လက် အားပေး ထောက်ခံသွားမယ်လို့လည်း ကြေညာခဲ့ပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးအန်တိုနီယို ဂူတာရက်စ်ကတော့ ICJရဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံတကာ တရားမျှတရေး အစီအမံတွေကို ထင်ဟပ်ပြစေနိုင်ခဲ့ပြီး ဆိုးရွားတဲ့ လုပ်ရပ်တွေ ကျူးလွန်ထားသူတွေအတွက် ပြစ်ဒဏ်မခံဘဲ လွတ်မြောက်စရာ အကြောင်း မရှိဘူး ဆိုတာကို မြင်သာစေခဲ့တယ်လို့ ချီးကျူးခဲ့ပါတယ်။
UNရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတက်ခ်ကတော့ လူ့သမိုင်းတလျှောက်မှာ အဆိုးယုတ်ဆုံး ရာဇဝတ်မှုတွေထဲက တစ်ခုမှာ မြန်မာက တာဝန်ရှိနေတယ် ဆိုတာကို အခု စီရင်ချက်က တိတိကျကျ ဆုံးဖြတ်ပေးလိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။
ICJ စီရင်ချက် ထွက်ပေါ်လာပြီး နာရီပိုင်း အကြာမှာပဲ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး အက်ဒ်မီလီဘန်းက မြန်မာနိုင်ငံရဲ့ စစ်သံမှူးကို နှင်ထုတ်ပစ်မယ်လို့ ကြေညာခဲ့ပါတယ်။
ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးပန်နီဝေါင်ကတော့ မြန်မာစစ်တပ်ရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ အဓိက ပါဝင်ပတ်သက်ခဲ့သူတွေကို ဖော်ထုတ်ပြီး တရားရေးအရ အရေးယူပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်ခဲ့ကြောင်း မြန်မာအပေါ် ၂၀၁၉ ခုနှစ်မှာ တရားစွဲဆိုခဲ့တဲ့ ဂမ်ဘီယာ အစိုးရကတော့ ICJ ဆုံးဖြတ်ချက်အတွက် အရမ်းနှစ်ထောင်းအားရ ရှိစွာနဲ့ ကြိုဆိုထောက်ခံကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ဂမ်ဘီယာရဲ့ စွဲချက်တင်မှုမှာ ပါဝင်ကူညီခဲ့တဲ့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ယက်စ်မင် အူလာက ဒီနေ့မှာတော့ ကမ္ဘာ့ အဆင့်အမြင့်ဆုံး တရားရုံးဟာ ရိုဟင်ဂျာ မျိုးနွယ်စုတွေ ဘာကို တွေ့ကြုံ ခံစားခဲ့ရသလဲ ဆိုတာကို အတိအကျ ပြောပြလိုက်ပြီ ဖြစ်ကြောင်း ဆိုပါတယ်။
အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီ (ARNC)ရဲ့ ဥက္ကဋ္ဌဖြစ်သူ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ နေဆန်းလွင်က တရားရုံး ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပေမယ့် ရိုဟင်ဂျာတွေအတွက် တကယ့် တရားမျှတမှု ဆိုတာဟာ နိုင်ငံသား ဖြစ်ခွင့် ပြန်ရရေး၊ မျိုးနွယ်စုရဲ့ ရပ်တည်မှုအပေါ် အသိအမှတ်ပြုမှု ရရှိရေး၊ နေရပ်ဆီကို လုံခြုံဘေးကင်းပြီး ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရေးတွေ ဖြစ်ကြောင်း၊အဲဒီရည်မှန်းချက်တွေ မပြည့်မချင်းရိုဟင်ဂျာတွေရဲ့ ရုန်းကန်မှုကမပြီးဆုံးသေးကြောင်းပြောပါတယ်။
မြန်မာနဲ့ နီးစပ်တဲ့ အိန္ဒိယ၊ တရုတ်နဲ့ ရုရှား၊ ပြီးတော့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)နဲ့ အဖွဲ့ဝင် နိုင်ငံတွေဆီကနေတော့ ICJ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး နိုဝင်ဘာ ၂၀ မနက်ပိုင်းထိ သဘောထား မှတ်ချက်တွေ မထုတ်ပြန်သေးပါဘူး။
ကိုးကား- The Guardian ၊ Reuters
























































