နိုဝင်ဘာ ၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း အား ဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်လိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က သတင်းထုတ်ပြန်ပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၂၀ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်းက ကျမ်းသစ္စာဆိုခြင်းလုပ်ဆောင်ခဲ့တယ်လို့ အသိပေးထားပါတယ်။
ယခင် ပြည်ထောင်စုဝန်ကြီးဖြစ်တဲ့ ဒေါက်တာဝင်းမြတ်အေးဟာ ကျန်းမာရေးအရ အနားယူသွားတာဖြစ်တယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

Public Service Announcement
” အဲဒါကြောင့်မို့လို့ အဲဒီနေရာကို ဒုဝန်ကြီးကို ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးအပ်တာပါဗျ” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနမှာ ဒေါက်တာငိုင်းတမ်မောင်းနဲ့ ဒေါက်တာအချမ်း တို့က ဒုဝန်ကြီးတွေအဖြစ်တာဝန်ယူထားရာ ဒေါက်တာငိုင်းတမ်မောင်းကို ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးအပ်လိုက်တာဖြစ်ပါတယ်။
ဒေါက်တာငိုင်းတမ်မောင်းဟာ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားလွှတ်တော်အမတ်ဖြစ်ပြီး ဒေါက်တာဝင်းမြတ်အေး ဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ NUG လူသားချင်းစာနထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ၂၀၂၂ စက်တင်ဘာကတည်းက တာဝန်ယူခဲ့တာဖြစ်ပါတယ်။
နောက်ပိုင်းမှာ အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ခဲ့ရာ ယခင်ဝန်ကြီးဌာနကို လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနအဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

























































