နိုဝင်ဘာ-၂၀၊၂၀၂၆။ထားမြတ်/People’s Spring
ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်တဲ့အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) စီရင်ချက်အပေါ် ကြိုဆိုကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က သဘောထား ထုတ်ပြန်ခဲ့ပြီး ICJ တရားရုံးမှ ချမှတ်လိုက်သော စီရင်ချက်များကို တာဝန်ရှိသူအသီးသီးက အပြည့်အဝလိုက်နာအကောင်အထည်ဖော်ဖို့ လိုအပ်တယ်လို့ ယုံကြည်ကြောင်း ဖော်ပြထားပါတယ်။
အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ မိတ်ဖက်များအနေနဲ့ စီရင်ချက်ကို အကောင်အထည်ဖော် ရန် ကူညီထောက်ပံ့ပေးပြီး အရပ်သားများကို ကာကွယ်ဖို့၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ရရှိရေးကို သေချာစေဖို့နဲ့ အသက်ရှင်ကျန်ရစ်သူများ နစ်နာမှုအတွက် ကုစားမှုများ ရရှိစေရေး ဆောင်ရွက် ရာတွင် ရိုဟင်ဂျာ အသိုင်းအဝိုင်းများ၊ သက်ဆိုင်ရာအာဏာပိုင်များ၊ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA)၊ အာရက္ခတပ်တော် (AA) တို့နဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ တောင်းဆိုကြောင်း KNU ကထုတ်ပြန်ပါတယ်။
“ထိုလုပ်ငန်းစဉ်သည် ရိုဟင်ဂျာအပါအဝင် မြန်မာနိုင်ငံရှိ လူမျိုးအားလုံး၏ တန်းတူအခွင့်အရေးနှင့် လုံခြုံရေးကို အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဆီ ဦးတည်ရမည်။ ရှင်သန်ကျန်ရစ်သူ ရိုဟင်ဂျာများနှင့် အသိုင်း အဝိုင်းများသည် ဤအစီအမံများကို ပုံဖော်ရာတွင် အဓိက အခန်းကဏ္ဍမှ မဖြစ်မနေ ပါဝင်ရမည် ဖြစ်ပါသည်” လို့ ဖော်ပြထားပါတယ်။

Public Service Announcement
လူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် မြန်မာနိုင်ငံအနေနဲ့ တာဝန်ရှိကြောင်း နိုဝင်ဘာ ၁၉ရက် တရားရုံးရဲ့ ဆုံးဖြတ်ချက်မှာ ၂၀၁၇ ခုနှစ်က စစ်တပ်ရဲ့ စစ်ဆင်ရေး များက အဓိကကျပြီး၊ လက်ရှိအချိန်တွင်လည်းအာဏာသိမ်းစစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်တွင် ဆက်လက် ရှိနေဆဲဖြစ်တာကြောင့်စီရင်ချက်ကိုအကောင်အထည်ဖော်ရာမှာ လွတ်လပ်စွာ စောင့်ကြည့် စစ်ဆေး နိုင်ရေး အထူးအရေးကြီးတယ်လို့ ထုတ်ပြန်ပါတယ်။
သက်သေအထောက်အထားတွေကိုထိန်းသိမ်းရန်၊ အသက်ရှင် ကျန်ရစ်သူများနှင့် သက်သေများကို ကာကွယ်ရန်၊ ယုံကြည်လက်ခံနိုင်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် နှင့် စုံစမ်းတွေ့ရှိချက်များအရ တရားစွဲဆိုရန် ခိုင်လုံပါက တရားစွဲဆိုနိုင်ရန် လိုအပ်ကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် အကောင်အထည်ဖော်မှုတွင် ဆုံးရှုံးခဲ့တဲ့ အခွင့်အရေးများ ပြန်လည်ရရှိစေရေး၊ နစ်နာမှုများအတွက် လျော်ကြေးပေးရေးနဲ့ အလားတူ ကျူးလွန်မှုများ ထပ်မံမဖြစ်ပွားရေး အာမခံချက်များ ပါဝင်ရမယ်လို့ ဆိုပါတယ်။
ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ နေရပ်စွန့်ခွာခဲ့ရသော ရိုဟင်ဂျာတွေဟာ မိမိတို့ဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ၊ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ပြီး ကွဲကွာနေတဲ့ မိသားစုဝင်များနဲ့ ပြန်လည် ဆုံဆည်း နိုင်ခွင့်ရှိရမယ်လို့လည်း ထုတ်ပြန်ပါတယ်။
” KNU သည် ရိုဟင်ဂျာများ၏ တန်းတူညီမျှသော နိုင်ငံသားဖြစ်ခွင့်၊ ရိုဟင်ဂျာအဖြစ် မိမိတို့ကိုယ်ကို သတ်မှတ် ဖော်ထုတ်ခွင့်နှင့် မြန်မာနိုင်ငံ၏ အနာဂတ်နှင့် ပတ်သက်သော ဆုံးဖြတ်ချက်များတွင် ပါဝင်ခွင့်ကို ထပ်လောင်း အတည်ပြုပါသည်။” လို့ ဖော်ပြထားပါတယ်။
အဲဒီ အခွင့်အရေးတွေကို ကာကွယ်ဖို့ မြန်မာနိုင်ငံရဲ့ဖက်ဒရယ်ဒီမိုကရေစီအသွင် ကူးပြောင်းရေး အစိတ်အပိုင်းတစ်ရပ်အနေဖြင့် တရားမျှတမှုနဲ့ တာဝန်ခံမှုတို့ကို မြှင့်တင်ဖို့ အမျိုးသမီးများနဲ့ နေရပ်ရွှေ့ပြောင်းခံရသည့် အသိုင်းအဝိုင်းများအပါအဝင် ရိုဟင်ဂျာ ကိုယ်စားလှယ်များနဲ့ တိုက်ရိုက် လုပ်ဆောင်ရန် အသင့်ရှိနေကြောင်းလည်း အသိပေးထားပါတယ်။
ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်ဟာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူလူထုများအပေါ် ရက်စက်ကြမ်းကြုတ်မှုများကို ဆက်လက်ကျူးလွန်နေဆဲဖြစ်ကြောင်း KNUက ထုတ်ပြန်ပါတယ်။
အဲဒီရာဇဝတ်မှုတွေကြောင့် ထိခိုက်နစ်နာခဲ့ရသော မြန်မာနိုင်ငံရှိ ပြည်သူအားလုံး တရားမျှတမှု ရရှိရေးအတွက် ဆက်လက်ကြိုးပမ်းရမယ်လို့လည်း ဖော်ပြထားပါတယ်။
























































