ရိုဟင်ဂျာတွေကို မြန်မာက အိမ်ပြန်ခေါ်ရမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ (UNGA)ရဲ့ အကြီးအကဲ၊ ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားလိုက်ပါတယ်။
အပြည်ပြည်ဆိုင်ရာ တရားရုံးက မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုအတွက် အပြစ်ရှိတယ်လို့ စီရင်ဆုံးဖြတ်ပြီး နောက်တစ်နေ့မှာ ခါလူလာ ရာမန်က အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၉ ရက်နေ့ ဆုံးဖြတ်ချက်ဟာ ကုလသမဂ္ဂ (UN) လက်အောက်ခံ တရားရုံးရဲ့ သက်တမ်း နှစ်ပေါင်း ၈၀ လောက် သမိုင်းကြောင်း တလျှောက်မှာ လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်အတွက် နိုင်ငံတစ်ခုမှာ တာဝန်ရှိကြောင်း ပထမဆုံးအကြိမ် သတ်မှတ်မှု အနေနဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။
နိုဝင်ဘာ ၂၀ တုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားမှာရှိတဲ့ ဒုက္ခသည် စခန်းတစ်ခုရဲ့ ထောင်သောင်းချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ရှေ့မှောက်မှာ ရာမန်က မြန်မာဟာ ရိုဟင်ဂျာတွေကို အိမ်ပြန်ခေါ်ရတော့မယ်လို့ ပြောကြားခဲ့ပါတယ်။ တရားရုံး စာရွက်ပေါ်က စီရင်ချက်ဟာ လက်တွေ့ဘဝရဲ့ အဆုံးအဖြတ် မဟုတ်သေးကြောင်း၊ အခုအခါ အဲဒီစီရင်ချက် တကယ် အသက်ဝင်လာရမယ့် အချိန်ဖြစ်ကြောင်း သူက ဆိုပါတယ်။
ရာမန်ဟာ UNGAရဲ့ ဥက္ကဋ္ဌ တာဝန်ကို စက်တင်ဘာလမှာ စတင်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ အဲဒီရာထူးရဲ့ သက်တမ်းက ၁ နှစ် ကြာမြင့်ပါတယ်။

Public Service Announcement
မြန်မာစစ်တပ်ရဲ့ ကြမ်းကြုတ်ရက်စက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေအတွက် ဘေးကင်းကင်း၊ ဂုဏ်သိက္ခာရှိရှိနဲ့ ဆန္ဒအလျောက် နေရပ်ပြန်ခွင့် ရရေးကိုလည်း ရာမန်က တောင်းဆိုခဲ့ပါတယ်။
နိုဝင်ဘာ ၁၉ ရက်နေ့တုန်းက ကော့စ်ဘဇားမှာ ထောင်ပေါင်းများစွာသော ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ screen အကြီးကြီး တစ်ခုကနေ ICJရဲ့ စီရင်ချက် ချမှတ်မှု တရားခွင်ကို တိုက်ရိုက် စောင့်ကြည့်ခဲ့ပါတယ်။ နောက်ဆုံး စီရင်ချက် အပြီးမှာတော့ အများအပြားဟာ မျက်ရည်လည်ရွဲနဲ့ အောင်ပွဲခံခဲ့ကြပါတယ်။
မြန်မာအနေနဲ့ ICJရဲ့ လမ်းညွှန်ချိန်တွေကို မှန်ကန်တဲ့ စိတ်သဘောထားမျိုး ပြသပြီး လိုက်နာ ဆောင်ရွက်ဖို့၊ နိုင်ငံတကာ ဥပဒေတွေနဲ့အညီ တရားရုံး စီရင်ချက်ကို အဓိပ္ပါယ် ပြည့်ပြည့်ဝဝ အကောင်အထည် ဖော်နိုင်တယ်ဆိုတာကို ပြသဖို့ လိုအပ်ကြောင်းလည်း ရာမန်က ပြောပါတယ်။
သူက ဘင်္ဂလားဒေ့ရှ်ဟာ ဒုက္ခသည်တွေရဲ့ ဝန်ထုပ်ဝန်ပိုးကို တစ်နိုင်ငံတည်း ထမ်းထားဖို့ မဖြစ်နိုင်တာကြောင့် နိုင်ငံတကာ အသိုက်အဝန်း၊ အထူးသဖြင့် ဖွံ့ဖြိုးပြီး မိတ်ဖက်နိုင်ငံတွေ အနေနဲ့ ဒုက္ခသည် စခန်းတွေဆီကို လူသားချင်း စာနာမှု အကူအညီတွေ ပိုမိုပေးပို့ကြဖို့လည်း သူက တိုက်တွန်းသွားခဲ့ပါတယ်။
ကိုးကား: AFP

























































