Connect with us

Hi, what are you looking for?

သတင်း

ရိုဟင်ဂျာအရေးနဲ့ပက်သက်ပြီးအမှန်တရားနဲ့တရားမျှတမှုအပေါ် ခိုင်မာစွာရပ်တည်သွားမယ်လို့ AA​ပြော

စစ်တပ်အပါအဝင်လုံခြုံ​ရေးတပ်ဖွဲ့ဝင်​တွေကရိုဟင်ဂျာ​တွေအ​ပေါ်လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)က အမိန့်ချမှတ်ခဲ့တဲ့ ရခိုင် ပြည်နယ်အတွင်းက ရိုဟင်ဂျာအရေးနဲ့ ပက်သက်ပြီး အမှန်တရားနဲ့ တရားမျှတမှုအပေါ်မှာ ခိုင်မာစွာရပ်တည်သွားမယ်လို့ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။

(၂၀၂၅ နှစ်လယ်ပိုင်းကULA/AAခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ မောင်တောခရိုင်အတွင်းက ရိုဟင်ဂျာခေါင်းဆောင်တွေ တွေ့ဆုံစဉ်။ ဓါတ်ပုံ - APM )

နိုဝင်ဘာ-၂၀၊ ၂၀၂၆။ခိုင်မြတ်/People’s Spring

စစ်တပ်အပါအဝင်လုံခြုံ​ရေးတပ်ဖွဲ့ဝင်​တွေကရိုဟင်ဂျာ​တွေအ​ပေါ်လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)က အမိန့်ချမှတ်ခဲ့တဲ့ ရခိုင် ပြည်နယ်အတွင်းက ရိုဟင်ဂျာအရေးနဲ့ ပက်သက်ပြီး အမှန်တရားနဲ့ တရားမျှတမှုအပေါ်မှာ ခိုင်မာစွာရပ်တည်သွားမယ်လို့ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။

ရိုဟင်ဂျာအရေးICJ ရဲ့စီရင်ချက်နဲ့ ပတ်သက်လို့ ULA/AA ရဲ့သဘောထားမှတ်ချက်ကို မေးမြန်းရာမှာ ဦးခိုင်သုခ က အဲဒီလို ပြောကြားတာဖြစ်ပါတယ်။

“လက်ရှိ ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ ပက်သက်လို့ အခြေအနေအရပ်ရပ်ကို မျက်ခြေမပြတ်စောင့်ကြည့်နေပါတယ်။ အမှန်တရားနှင့် တရားမျှတမှုအပေါ်မှာ ခိုင်မာစွာရပ်တည်ပြီးတော့ အာရက္ခဒေသအကျိုးစီးပွားအတွက် သင့်တော် လိုအပ်သလို ရပ်တည်လုပ်ဆောင်သွားမှာဖြစ်ပါတယ်” လို့ သူက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

နောက်ထပ်အသေးစိတ်အခြေအနေတွေနဲ့ ပက်သက်လို့တော့ ပြောကြားတာ မရှိဘူး။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်တယ်ဆိုပြီး ဂမ်ဘီယာက မြန် မာအပေါ် စွဲဆိုထားတဲ့ အမှုနဲ့ပက်သက်လို့ နိုဝင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းမှာ နှစ်နာရီခွဲကျော်ကြာ အမိန့် ကို ဖတ်ကြားပီးနောက် ICJ ဥက္ကဌ တရားသူကြီးက အပြီးသတ်အမိန့် ၁၃ ချက် ကြေငြာခဲ့ပါတယ်။

အဲဒီထဲမှာ မြန်မာနိုင်ငံဟာ လူမျိုးသုဉ်းသတ်ဖြတ်မှုတားဆီးရေးနဲ့ အပြစ်ပေးရေးဆိုင်ရာသဘောတူစာချုပ်အောက် က တာဝန်၀တ္တရားတွေကို ချိုးဖောက်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ် စစ်အုပ်စုက ၂၀၁၇ သြဂုတ်လမှာလူမျိုးသုဉ်းသတ်ဖြတ် မှုကျူးလွန်ကြောင်း တွေ့ရှိဆုံးဖြတ်တဲ့အချက်လည်း ပါဝင်ပါတယ်။

လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်တာကို တားဆီးဖို့ ပျက်ကွက်ချိုးဖောက်ခဲ့ကြောင်းနဲ့ သဘောတူညီစာချုပ်အောက် က တာဝန်၀တ္တရား ချိုးဖောက်မှုတွေကို နောက်ထပ်မကျူးလွန်တော့ကြောင်း ခိုင်လုံတဲ့ စိတ်ချယုံကြည်ရမှုနဲ့ အာမ ခံ ချက်တွေ ပေးရမှာဖြစ်ပြီး အနာဂတ်မှာ အလားတူချိုးဖောက်မှုတွေ ထပ်မဖြစ်အောင် တားဆီးရမယ်လို့လည်း ဆုံး ဖြတ်ခဲ့ပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာတွေကို မူလအခြေအနေအတိုင်း ပြန်လည်ထူထောင်ပေးရေးအစီအမံတွေကို ချမှတ်ဆောင်ရွက် ဖို့ တာဝန်ရှိကြောင်းနဲ့ လျော်ကြေးပေးဖို့ တာဝန်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ပါတယ်။

၂၀၁၇ ခုနှစ်သြဂုတ်လမှာရခိုင်ပြည်နယ်မှာ စစ်တပ်က နယ်မြေရှင်းလင်း​ရေး​ခေါင်းစဥ်နဲ့ခန့်မှန်းခြေရိုဟင်ဂျာအရပ်သား တသောင်းလောက်ကို မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေက သတ်ဖြတ်ခဲ့ပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ၊ ကလေးငယ်တွေအပေါ် အလွန်အမင်းရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့သလို ပြင်းထန်တဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းထိခိုက်နစ်နာမှုတွေ ကြုံတွေ့စေခဲ့တယ်လို့လည်း ICJ ဥက္ကဌက ​ပြောပါတယ်။

အဲဒီတုန်းက ရိုဟင်ဂျာတွေကို လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ မြန်မာစစ်တပ်ရဲ့ တာဝန်အရှိဆုံးပုဂ္ဂိုလ် ကာကွယ်ရေးဦးစီးချုပ်ဟာ အခုအာဏာသိမ်းစစ်ခေါင်းဆောင်ဖြစ်ပါတယ်။

လက်ရှိမှာတော့ရိုဟင်ဂျာတွေအများစုနေထိုင်တဲ့ ဘူးသီးတောင်၊ မောင်တောအပါအ၀င် ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တွေကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ ၁၇ မြို့နယ်ရှိတဲ့ ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ကို AA ကသိမ်းပိုက်ထိန်းချုပ်ထားပြီးလက်ကျန်မြို့နယ်စစ်​​တွေ နဲ့​ကျောက်ဖြူ ကိုလည်း AAကသိမ်းပိုက်နိုင်ဖို့စစ်စခန်း​တွေ ၊တပ်ရင်း​တွေကို ထိုးစစ်ဆင်တိုက်ခိုက်​နေပါတယ် ။

AA ဟာ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင် ရေးကိစ္စ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ဆွေးနွေးတာတွေ ရှိနေတယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ်တွေဆီက သိထားရပြီး ဘ င်္ဂလားဒေ့ရှ်အစိုးရဘက်ကလည်း အာဏာသိမ်းစစ်တပ်နဲ့ရော AA နဲ့ပါဆွေးနွေးနေတယ်လို့ ထုတ်ပြောထားပါတယ်။

“AA ဘက်ကတော့ ပြန်လည်လက်ခံရေးကို အမြဲတမ်းကြိုဆိုတာရှိတယ်။အသေးစိတ်ဆွေးနွေးရမှာ၊စိစစ်ရမှာတွေ ၊နောက်လေကြောင်းအန္တရယ်တွေလည်း ရှိနေတဲ့အခါကျတော့ ကြန့်ကြာမှုတွေကတော့ ရှိနိုင်တာပေ့ါ” လို့ AA နဲ့ နီး စပ်တဲ့ သတင်းရင်းမြစ်တဦးက ရိုဟင်ဂျာပြန်လည်လက်ခံရေးနဲ့ ပက်သက်လို့ ပြောပါတယ်။

ရိုဟင်ဂျာတွေ နေထိုင်ခဲ့ကြတဲ့ ဘူးသီးတောင်၊ မောင်တောမြို့နယ်အတွင်းရှိနယ်စပ်နဲ့ တောင်တန်းတွေတလျှောက် မှာအာဏာသိမ်းစစ်တပ်က လက်နက်၊ ခဲယမ်းအကူအညီပေးထားတဲ့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေရဲ့လှုပ်ရှား မှုတွေ ရှိနေပြီး ဒေသခံရိုဟင်ဂျာတွေပါ သတ်ဖြတ်ခံနေရတာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလိုအခြေအနေမှာဒုက္ခသည်​တွေ ပြန်လည်လက်ခံရေးနဲ့ တည်ငြိမ်ရေးဟာ ခက်ခဲနိုင်တယ်လို့ မောင်တောဒေသခံတဦးက သူ့ အမြင်ကို ပြောပါတယ်။

အာရက္ခတပ်တော်(AA)ဟာ ရခိုင်က မြို့နယ်တွေကို သိမ်းပိုက်ထိန်းချုပ်ပြီးနောက်ပိုင်း ရိုဟင်ဂျာတွေကို ပညာအ ရည်အချင်းအလိုက် အုပ်ချုပ်ရေး၊ ပညာရေး၊ တရားစီးရင်ရေးဌာန၊ ရဲဌာနစတဲ့ဌာနဆိုင်ရာတွေမှာ အလုပ်ခန့်အပ် ထားပြီး ဒုမြို့နယ်အုပ်ချုပ်ရေးမှူးအဆင့် ရိုဟင်ဂျာဝန်ထမ်းတွေ ရှိနေပါတယ်။

ဒါ့အပြင် ဒေသတွင်း သာရေး၊ နာရေး၊ ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှုစတဲ့ကိစ္စရပ်တွေအတွက်ရေးရာကော်မတီ၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍတို့မှာ အကြံပေးနိုင်ဖို့ ဂျူရီအဖွဲ့ စတဲ့အဖွဲ့တွေကိုလည်း ရိုဟင်ဂျာလူကြီးတွေနဲ့ ဖွဲ့စည်းထားတယ်လို့ AA က ဆိုထားပါတယ်။

ULA/AAက ရိုဟင်ဂျာဆိုတဲ့အမည်ကို တရားဝင်ခေါ်ဆိုတာမရှိပေမယ့် ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေကို ၎င်းတို့ထိန်းချုပ်ဒေသတွေမှာ ခရီးသွားလာခွင့်၊ ကုန်ကူးခွင့်တို့ ပေးထားပြီး ဒေသတွင်း လူမျိုးအချင်းချင်းတွေကြား အပြန်အလှန်ကူးလူးဆက်ဆံ၊ စီးပွားလုပ်ကိုင်မှုတွေ ရှိနေတယ်လို့ ရခိုင်ဒေသခံတွေက ပြောကြပါတယ်။

ဆက်စပ်သတင်းများ