အောက်တိုဘာ-၅၊၂၀၂၆။ခိုင်မြတ်/People’s Spring
ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးဝန်းကျင်မှာတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ဘက်က လက်နက်ချ၊ အညံ့ခံသူအချို့ရှိနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
တောင်မော်ဦးရေတပ်စခန်းရဲ့ကာကင်းတွေရှိရာအ၀တောင်ဝန်းကျင်စခန်းတွေကို အာရက္ခတပ်တော်( AA )က ထိုးစစ်ဆင်တိုက်ခိုက် နေတာဖြစ်ပြီးအခုရက်ပိုင်းတိုက်ပွဲအတွင်း လက်နက်ချသူ ၄ ဦးရှိပြီး နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ တယ်လို့သိရပါတယ်။
“ဒီဘက်မှာကတော့တိုက်ပွဲကတော့တော်တော်ပြင်းနေတယ်။အဲဒီရေတပ်နားမှာဖြစ်နေတာ။ တပ်ကြပ်ကြီးအပါ အဝင် ၄ ယောက် ဖမ်းလို့ရထားတယ်။ လက်နက်ခဲယမ်းတွေလည်းရတယ်။တပ်ကဆုတ်သွားလို့ ရလိုက်တာ” လို့ AA နဲ့ နီးစပ်တဲ့မြေပြင်သတင်းရင်းမြစ်တဦးက ပြောပါတယ်။

Public Service Announcement
ပြည်သူ ၅၁ ဦး သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့တဲ့ ကျောက်တော်မြို့ဗုံးကြဲမှုအပြီး AA က အရှိန်မြှင့်ထိုးစစ်ဆင်နေတာကြောင့်တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။တိုက်ပွဲပြင်းထန်နေချိန် စစ်တပ်က မြို့ပေါ်တပ်ရင်းတွေကနေ တောင်မော်ဦးရေတပ်စခန်းဆီ စစ်သင်္ဘော နှစ်စီးနဲ့ အင်အားဖြည့်နေသလို တောင်မော်ဦးရေတပ်စခန်းမှ စစ်တပ်အရာရှိတွေကိုလည်း ကျောက်ဖြူမြို့ပေါ်ဆီပို့နေ တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။
“၃ ရက်နေ့ကသင်္ဘောနှစ်စီးနဲ့ စစ်ကူသွားပို့တယ်။အဲဒီကကောင်တွေကိုလည်းမြို့ပေါ်ကို ပြန်ခေါ်လာတယ်ကြားတယ်။ မြို့ထဲက ခလရ (၃၄)ကို ပြောင်းနေကြတယ်ကြားတယ်။ ဗိုလ်အဆင့်တွေနဲ့ မိသားစုတွေတောင်ပြေးလာကြတယ်တဲ့။ရဲစခန်းကသတင်းကြားရတာ။ တိတိကျကျတော့ ကိုယ်လည်း မြင်တာ မဟုတ်ဘူး” လို့ ကျောက်ဖြူ မြို့ခံတဦးက ပြောပါတယ်။
တိုက်ပွဲအတွင်းအထိနာနေတဲ့ စစ်တပ်ဟာ တိုက်လေယာဉ်၊ ထောက်ပို့လေယာဉ် Y12 တို့နဲ့ လေကြောင်းကဆက်တိုက် ဗုံးကြဲနေ သလို သံဇစ်မြစ်ပေါ်ရှိ စစ်သင်္ဘော တွေကနေလည်း လက်နက်ကြီးနဲ့ လှမ်းပစ်နေတယ်လို့ ဒေသခံတွေက ပြောပါ တယ်။
“လေယာဉ်မကြဲတဲ့နေ့မရှိဘူး။စနဲနားကရွာတွေဆို ထောင်းထောင်းကြေနေလောက်ပြီ” လို့ ကျောက်ဖြူဒေသခံ လူမှုကူညီရေးလုပ်နေသူတဦးက ပြောပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ကတောင်မော်ဦးရေတပ်စခန်းအနီး အ၀တောင်စခန်းကနေ ရှေ့တိုး ထိုးစင်ဆင်ဖို့ ကြိုးစားလာခဲ့ပြီး အဲဒီစစ်ကြောင်းကို AA က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကြောင်းလန်ကျခဲ့ပါသေးတယ်။ အဲဒီနောက်ထပ်မံအင်အားဖြည့်ပြီး စစ်ကြောင်းထိုးခဲ့တာကြောင့် စစ်တပ်ဘက်က တပ်စခန်းငယ်တခု လက်လွှတ်ခဲ့ရ ပါတယ်။
ကျောက်ဖြူအပြင် စစ်တွေမြို့နယ်မှာလည်း နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်ကအထိနာနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က စက်တင်ဘာလ ၂၈ ရက်နေ့မှာ ကျောက်တော်မြို့ပေါ်ရှိ အိန္ဒိယစျေးနဲ့ ကစ္ဆပနဒီတ တားပေါ်တို့ကို ဂျက်ဖိုက်တာနဲ့ ပေါင်ငါးရာဗုံးနှစ်လုံးကြဲချခဲ့တာကြောင့် မွေးခါနီး ကိုယ်ဝန်ဆာင်အမျိုးသမီး၊ မွေးပြီးစ မိနစ်ပိုင်းအကြာ ရင်သွေးငယ်အပါအဝင် အရပ်သားပြည်သူ ၅၁ ဦး သေဆုံးပြီး ၆၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။
အဲဒီလို ကြီးမားပြီး စစ်ရာဇဝတ်မှုမြောက်တဲ့၊ အစုလိုက်အပြုံလိုက်သေဆုံးစေတဲ့ အကြမ်းဖက်ဗုံးကြဲ တိုက်ခိုက်မှုဖြစ် စဉ်တွေအတွင်း အမိန့်ပေးသူ၊ အမိန့်လိုက်နာပြီး ပစ်ခတ်တိုက်ခိုက်သူတွေနဲ့ ပါဝင်ပက်သက်သူတွေအားလုံး၊ ပက် သက်ဆက်နွယ်တဲ့ အဖွဲ့အစည်းတွေအားလုံးကို အထူးမှတ်တမ်းတင်ထားသလို တူညီပြီး ထိုက်တန်တဲ့ တုံ့ပြန်မှုမျိုး မနှေးမကြာအချိန်အတွင်း လက်တုံ့ပြန်သွားမယ်လို့ အာရက္ခတပ်တော်(AA)က သတိပေးထုတ်ပြန်ပါတယ်။
အဲဒီလိုထုတ်ပြန်ပြီးနောက်မှာပဲ AA ဟာ စစ်တွေ နဲ့ ကျောက်ဖြူမြို့နယ်အတွင်းရှိ စစ်တပ်စခန်းတွေကို ထိုးစစ်အရှိန် မြှင့်ကာ တိုက်ခိုက်လာခဲ့တာဖြစ်ပါတယ်။
စစ်တပ်ဟာ ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူ၊ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူး တိုင်း ပန်းတောင်း၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ကနေ AA ထိန်းချုပ်ရာဒေသတွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ကစပြီး တန်ပြန်ထိုးစစ်ဆင်နေခဲ့ပါတယ်။
ထိုးစစ်တစ်လကျော်အတွင်းစစ်တပ်က AA စခန်းတစ်ခုမှ မသိမ်းနိုင်ဘဲ စစ်တွေမြို့နယ်ကစစ်တပ်စခန်း ၉ ခု၊ ကျောက်ဖြူမြို့နယ်အတွင်းက ၁ ခု၊ မင်းတုန်းမြို့နယ်အတွင်းက ၁ ခု ၊ စုစုပေါင်း စစ်တပ်စခန်း၊ကာကင်း ၁၁ ခုထက်မနည်းကို လက်လွှတ်ခဲ့ရပြီး သေဆုံးသူ ရာချီ ရှိနေပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောထားပါတယ်။
အထိနာနေတဲ့စစ်တပ်ဟာလေယာဉ်အုပ်လိုက်အသုံးပြုပြီး ဈေးတွေ ၊စစ်ဘေးရှောင်စခန်းတွေအပါအဝင် အရပ်သားနေထိုင်ရာတွေကိုပါပစ်မှတ်ထားပြီး လေကြောင်းကဗုံးကြဲသတ်ဖြတ်မှုတွေ ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။



















































