အောက်တိုဘာ-၇၊၂၀၂၆။ခိုင်မြတ်/People’s Spring။
မကွေးတိုင်းနဲ့အစပ်ချင်းပြည်နယ် ဝင်ပေါက် ကျင်ဒွေးမြို့၊ မတာဆွီရွာဝန်းကျင်တိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်တပ်ဟာကာကွယ်ပစ္စည်းထုတ်စက်ရုံ(ကပစ ၂၅)ကနေ စစ်သားတရာကျော် အင်အားထပ်ဖြည့်တာကြောင့်လောင်းရှည် – ကျင်ဒွေး လမ်းတလျှောက် နေရာနှစ်ခုမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ကပစ (၂၅) ကနေ လောင်းရှည်၊ လောင်းရှည်ကနေ မတာဆွီရွာဆီစစ်ကူပို့၊ အင်အားဖြည့်တာဖြစ်ပြီး အခုအခါ မတာဆွီရွာဝန်းကျင် နေရာနှစ်ခုမှာ စစ်တပ်နဲ့ အာရက္ခတပ်တော်(AA) အပါအဝင် ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်နေ တာလို့ စုံစမ်းသိရပါတယ်။
“ကပစထဲကနေ လောင်းရှည်ကိုပို့တယ်။မနေ့ညကနေပိုင်းကျတော့လောင်းရှည်ကနေ မတာဆွီဘက် တက်သွားတာ။အဲဒီမှာ ဖြတ်တိုက်တယ်ပြောတယ်။ တိုက်ပွဲပြင်းတယ်။မတာဆွီနားရွာနဲ့ မန်အောင်ချောင်းနားတွေမှာဖြစ်နေ ကြတယ်” လို့ ယောဒေသခံ စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

Public Service Announcement
မတာဆွီဘက်ဆီ စစ်ကူပို့တဲ့အထဲမှာ ရာထူအကြီးပိုင်းအချို့ကလွှဲရင် ကျန်တာအားလုံး စစ်မှုထမ်းတပ်သားသစ် ပြည်သူ့စစ်(ပစ) တွေဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
အောက်တိုဘာ ၇ ရက်တိုက်ပွဲအတွင်း စစ်တပ်ဘက်က ထိခိုက်၊ သေဆုံးသူအချို့ရှိပြီး လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်ရှိနေ တယ်လို့ ဆိုပါတယ်။ “မတာဆွီထိတော့ ဒီကောင်တွေရောက်သွားတယ်။ မတာဆွီကစခန်းကို ကိုယ့်ဘက်က သိမ်းဖို့ ကြိုးစားနေကြတယ်။အဲဒါကြောင့် တိုက်ပွဲပြင်းနေကြတာပါ” လို့ AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
အထိနာနေတဲ့ စစ်တပ်က ဒီနေ့ ညနေပိုင်းမှာ ကန်ပက်လက်မြို့နယ်အတွင်းက နေရာတွေကို လေယာဉ် ၇ စီးထက်မနည်းနဲ့ ဗုံးပတ်ကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်ဟာ ကပစ ၂၅ ကနေ ရှေ့တန်းနေရာ မတာဆွီဘက်ဆီ အင်အားဖြည့်နေသလို မင်းဘူးကနေလည်း မင်းဘူး – ပွင့်ဖြူ – စလင်းလမ်းအတိုင်း ကပစ ၂၅ နဲ့ လောင်းရှည်မြို့တို့ဆီဦးတည်ပြီးကား၁၆ စီးနဲ့ စစ်ကြောင်း ထွက်လာ နေတာတွေ့ရပြီး မကြာင်ခင် ကပစ ၂၅ ဆီရောက်နိုင်တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ချင်းပြည်နယ်ဝင်ပေါက်ဆီ ကားအစီးရ ၂၀၀ ဝန်းကျင်၊ အင်အားအများအပြားနဲ့ ရောက်လာတဲ့ စစ်တပ်ဟာ မင်း တပ်၊ ကန်ပက်လက်၊ ကျင်ဒွေးမြို့တို့ဆီ စစ်ကြောင်းတွေခွဲကာ ထိုးစစ်ဆင်နေခဲတာဖြစ်ပြီး ပြီးခဲ့တဲ့တပတ်ကျော်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်သား ၅၀ ဦးဝန်းကျင်နဲ့ စစ်သား ၃၀ ကျော်လက်နက်ချခဲ့ပါတယ်။
စစ်တပ်ဟာ လောင်းရှည်မြို့အနီးဝန်းကျင်ရှိ အင်းဘူး၊ နတ်ကောင်ကျင်း၊ မတာဆွီဝန်းကျင်တို့မှာ အထိုင်ချထားပြီး ထိုးစစ်ဆင်ဖို့ကြိုးစားနေတာဖြစ်ကာ AA ပူးပေါင်းအဖွဲ့တွေရဲ့ ဖြတ်တောက်တိုက်ခိုက်မှုကြောင့် ရှေ့မတိုးနိုင်ဖြစ်နေ တယ်လို့ ဆိုပါတယ်။
စစ်တပ်ဟာ မကွေးတိုင်းအစပ် ချင်းပြည်နယ်ကနေတဆင့် AA ထိန်းချုပ်ထားရာ ရခိုင်ပြည်နယ်ဘက်ဆီ ဝင်ဖို့အင်အားအလုံးအရင်းနဲ့ ကြိုးစားနေတာဖြစ်ပြီး လက်တွေ့မှာတော့ အောင်မြင်တဲ့အနေအထားမတွေ့ရဘူးလို့ စစ်ရေး လေ့လာသူတွေက ပြောကြပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မကွေးတိုင်းအစပ် ချင်းပြည်နယ်ဝင်ပေါက် ကျင်ဒွေး၊ ကန်ပက်လက်၊ မင်းတပ်စစ်မျက် နှာတို့ကနေ ထိုးဖောက်ဖို့ ကြိုးစားနေသလို ရခိုင်ပြည်အစပ် မကွေးတိုင်း မင်းတုန်း၊ ပဒါန်း၊ ပဲခူးတိုင်း ပန်းတောင်၊ ဧရာ၀တီတိုင်း သာပေါင်း၊ ရေကြည်တို့ကလည်း AA ထိန်းချုပ်ရာဒေသတွေဆီ ထိုးဖောက်ဖို့ ကြိုးစားနေပြီး ရခိုင် ပြည်တွင်း စစ်တွေ၊ ကျောက်ဖြူတို့မှာလည်း ထိုးစစ်ဆင်နေတာတွေ့ရပါတယ်။
ဒါပေမယ့် မြေပြင်တိုက်ပွဲတွေမှာတော့ စစ်တပ်က အထိနာပြီး တပ်စခန်းတွေသာ လက်လွှတ်နေရကာ စစ်တပ်ရဲ့ တန်ပြန်ထိုးစစ် တစ်လကျော်အတွင်း စစ်တွေမြို့နယ်အတွင်းက တပ်စခန်း ၉ ခု၊ ကျောက်ဖြူမြို့နယ် အတွင်းက ၁ ခု၊ မင်းတုန်းမြို့နယ်အတွင်းက ၁ ခု ၊ စုစုပေါင်း တပ်စခန်း ၁၁ ခုထက်မနည်းကို လက်လွှတ်ခဲ့ရပြီဖြစ်ပါ တယ်။



















































