ထွန်းညိုဦး/People’s Spring
ဂေဇက်ရ ဘုရားပွဲတော်တွေအကြောင်း ပြောကြပြီဆိုရင် အညာမြေ စစ်ကိုင်းတိုင်းက ရွေဘိုမြို့ထောင့်စေတီပွဲက ချန်ထားလို့ မရပါဘူး။ နှစ်စဥ် တော်သလင်းလပြည့်ကျော် ၇ ရက်နေ့ကနေ သီတင်းကျွတ်လဆန်း ၁ ရက်နေ့အထိ ၁၀ ရက်တိုင်တိုင် ကျင်းပလေ့ရှိတယ်။ ၁ဝ ရက်ဆိုပေမယ့် ပွဲတော်မစခင်ကတည်းက ဆိုင်ခန်းတွေ ရောက်နေခင်းနေကြပြီမို့ လချီကျင်းပတဲ့ပွဲတော်ဆိုလည်း မမှားဘူး။
ဘုရားပတ်ပတ်လည် ဈေးတန်းတွေမှာ အထည်အလိပ်ကအစ အိုးခွက်ပန်းကန် အိမ်ထောင်ပရိဘောဂအထိ အိမ်သုံးလူသုံး ကုန်ပစ္စည်းမျိုးစုံကို တစ်နေရာတည်း စုံလင်စွာ ဝယ်ယူနိုင်တဲ့ စည်ကားလှတဲ့ အညာဈေးပွဲတော်ကြီးတစ်ခုလည်း ဖြစ်ပါတယ်။
မြို့ထောင့်ပွဲမှာ ဇာတ်ဆိုရင်လည်း နာမည်ကြီးတဲ့ သုံးလေးဇာတ် အပြိုင်ဝင်ကကြတာဖြစ်ပါတယ်။ ဆပ်ကပ်တို့ ကြည့်ချင်ပွဲဇာတ်ကလေးတွေ ပါတာကတော့ ပြောမနေပါနဲ့တော့။ ပွဲတော်စျေးတန်းကြီးက ရှည်လျားလွန်းလို့ နာရီပိုင်းလောက်ကြာအောင် ပတ်ယူရပါတယ်။

Public Service Announcement
ပွဲတော်ဟာ ၂၀၂ဝ ပြည့်နှစ် ကိုဗစ်ကပ်ရောဂါကာလကစလို့ မဖြစ်ခဲ့ပါဘူး။ နောက်တော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီစစ်တပ်အာဏာသိမ်းပြီးကတည်းက ပွဲတော်မဖြစ်တာ ဒီကနေ့အထိပါပဲ။
ဒီနှစ်မှာတော့ ပြည်သူတွေဟာ မြို့ထောင့်စေတီပွဲတော်ကြီးကို လွမ်းကြပုံပေါ်ပါတယ်။ ပျော့ပျော့အိအိကလေးကစားကွင်းလောက်သာ ပါတာကို လာလည်ကြတယ်။ အမှန်တော့ အာဏာသိမ်းစစ်တပ်က ပွဲတော်တွေကို လုပ်စေချင်ပါတယ်။ ဒါမှသာ တိုင်းပြည်သာယာနေသယောင် ဝါဒဖြန့်ချင်လို့ပါ။ သို့ပေမဲ့ ရွှေဘိုမှာတော့ အဲဒီလို ဝါဒဖြန့်လို့ မရနိုင်သေးပါဘူး။ ဘာလို့လဲဆိုတော့ အာဏာသိမ်းစစ်တပ်ကိုယ်တိုင်က မြို့ထောင့်စေတီ ပွဲတော်ကာလမှာကို ရွှေဘိုတဝိုက် ရက်ရက်စက်စက်ဗုံးပတ်ကြဲနေတဲ့အတွက်ပါ။
အောက်တိုဘာ ၁၁ ရက်နေ့ တော်သလင်းလကွယ်နေ့ကဆိုရင် ရွှေဘိုမြို့အနောက်ဘက် ပုဆိုးတွေထွက်တဲ့ ဆိပ်ခွန်ရွာက ဗုဒ္ဓဘာသာဝင်တွေ အလေးအမြတ်ထားရာ နာမည်ကျော် မဟာစည်ဆရာတော်ဘုရားကြီးရဲ့ဘုန်းကြီးကျောင်းနဲ့ တရားရိပ်သာကိုတောင် စစ်တပ်ကဗုံးကြဲခဲ့ပါတယ်။
မဟာစည်ဆရာတော်ကြီးဆိုတာဟာ ဝိပဿနာနဲပတ်သက်ပြီး မြန်မာတင်မက နိုင်ငံတကာမှာပါ ထင်ရှားသူပါ။ ဆရာတော်ကြီးရဲ့ သတိပဋ္ဌာန်ဝိပဿနာ ရှုမှတ်နည်းက လွယ်ကူတယ်။ ရှင်းလင်းတယ်လို့ ဆိုကြတယ်။ ဒါ့ကြောင့် ဆရာတော်ကြီးရဲ့တရားဟာ မြန်မာတင်မက သီရိလင်္ကာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လော၊ ဂျပန်၊ ကိုရီးယား၊ တရုတ်နိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေဖြစ်တဲ့ အင်္ဂလန်၊ အမေရိကန် စတဲ့ ဥရောပနိုင်ငံတွေအထိပါ ပြန့်နှံခဲ့တယ်။ ဘာသာသာသနာကို ဦးထိပ်ထားပါတယ်ဆိုတဲ့ အာဏာသိမ်းစစ်တပ်ဟာ ကမ္ဘာကျော်တဲ့ ဆရာတော်ကြီးရဲ့ ရိပ်သာကိုမှ ရည်ရွယ်ချက်ရှိရှိနဲ့ ဗုံးကြဲခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်ဟာ ဆရာတော်ကြီးရဲ့ကျောင်းတိုက်ကို ဂျက်ဖိုက်တာနဲ့ ၃ ကြိမ်၊ ဆူဆိုက်ဒရုန်းနဲ့ ၂ ကြိမ် ဗုံးကြဲခဲ့ပါတယ်။အဲဒီဗုံးကြဲမှုကြောင့် သမိုင်းဝင် မူလ မဟာစည်တရားရိပ်သာကျောင်းတိုက်ကြီးဝင်းအတွင်းအဆောက်အဦးတွေ ထိခိုက်ပျက်စီးသွားတဲ့အပြင်အရပ်သားပြည်သူတွေ၊စစ်ဘေးရှောင်တွေ၊ ဥပုသ်သည်တွေထဲက ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဘာသာရေးအဆောက်အအုံတွေက အခုမှ တိုက်ခိုက်နေတာ မဟုတ်ပါဘူး။ အာဏာသိမ်းကာလတလျှောက်လုံး တောက်လျှောက်တိုက်ခိုက်ခဲ့တာပါ။
ဒီနှစ်ဝါတွင်းကာလမှာပဲ သြဂုတ် ၂၁ ရက် ဥပုသ်နေ့က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာတရားစခန်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာမှာ တရားစခန်းက ယောဂီတွေအပါအဝင် ပြည်သူ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။
အဲဒီ လေကြောင်းတိုက်ခိုက်ခံရတဲ့အထဲမှာ တရားစခန်းဝင်နေကြတဲ့ သက်ကြီးရွယ်အို ယောဂီတွေအများဆုံးသေဆုံးခဲ့ပြီး မြောင်နယ်ရွာအစုံက လူကြီးတွေအသက် ၅၀ ကျော်ကနေ ၈၀ ဝန်းကျင်အထိ ပါတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၂ ရက်မှာလည်း ရွှေဘိုခရိုင်၊ဝက်လက်မြို့နယ်၊ အနောက်ခြမ်းက ကျေးရွာ ၄ရွာကို စစ်တပ်က ဗုံးကြဲလို့ ပြည်သူ ၃ဦးသေဆုံးပြီး ၁၂ဦး ဒဏ်ရာရခဲ့ပါသေးတယ်။
အောက်တိုဘာ ၈ ရက်နဲ့ ၉ ရက်နေ့တွေကလည်း ရွှေဘိုနဲ့ နယ်ချင်းဆက်နေတဲ့ ဒီပဲယင်းမြို့နယ်မှာ ၂ ရက်ဆက် လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၄ ဦးသေဆုံးပြီး မသန်စွမ်းတစ်ဦးအပါအဝင် ၃ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
တချိန်ကတော့ တော်သလင်းလပြည့်ကျော်ရက်တွေဟာ မြို့ထောင့်စေတီပွဲကို ရွှေဘိုပတ်ချာလည်ကရွာတွေ သွားကြဖို့ ပြင်ကြဆင်ကြတဲ့အချိန်ပါ။ အခုတော့ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေဟာ မြို့ထောင့်စေတီပွဲသွားဖို့ထက် ခေါင်းပေါ်က လေယာဥ်တွေကိုပဲ မော့မော့ကြည့်နေရပါတယ်။ “ဒီတိုင်းပဲ လိုက်ကြည့်နေရတာပဲ။ တကယ်ချရင် တကယ်သေမှာပဲ”လို့ ရွှေဘိုဒေသခံတစ်ဦးက ပြောလိုက်ပါတယ်။



















































