Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုဟာ NCAကို သုံးပြီး တရားဝင်မှုရရေး၊ တော်လှန်ရေးတပ်တွေကို သွေးခွဲရေး လုပ်ဆောင်နေဟု မွန်တပ် NMSP-AD ပြော

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုဟာ တနိုင်ငံလုံးအပစ်ရပ်စာချုပ်ကို သုံးပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေကို သွေးခွဲဖို့ ကြိုးပမ်းနေတာဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD) ရဲ့ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ နိုင်ဗညားမွန်က ပြောကြားပါတယ်။

(NCA (၁၁)နှစ်မြောက် နှစ်ပတ်လည်ပွဲ ကျင်းပနေစဉ်။ ဓာတ်ပုံ - Tai Freedom - Burmese Version)

အောက်တိုဘာ ၁၆၊ ၂၀၂၆။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုဟာ တနိုင်ငံလုံးအပစ်ရပ်စာချုပ်ကို သုံးပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေကို သွေးခွဲဖို့ ကြိုးပမ်းနေတာဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD) ရဲ့ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ နိုင်ဗညားမွန်က ပြောကြားပါတယ်။

အောက်တိုဘာ ၁၅ရက်မှာ ကျရောက်တဲ့ NCA စာချုပ်ချုပ်ဆိုခြင်း ၁၅နှစ်ပြည့်မှာ မင်းအောင်လှိုင်က NCA ဆွေးနွေးပွဲတွေမှာပါဝင်ဖို့ တိုင်းရင်းသားတော်လှန်ရေးတပ်တွေကို ဖိတ်ခေါ်တဲ့ ပြောကြားချက်နဲ့ စစ်အုပ်စုရဲ့ NCA လမ်းကြောင်း ဘယ်ကို ဦးတည်နေသလဲဆိုတဲ့မေးမြန်းချက်အပေါ် နိုင်ဗညားမွန်က အခုလို ရှင်းပြတာပါ။

“NCA စာချုပ်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်ကို ဝင်သွားတဲ့လမ်းကြောင်း ဖြစ်တယ်။ NCA စာချုပ်ပါ ဆွေးနွေးသဘောတူချက်တွေကို ၂၀၀၈ ဖွဲ့စည်းပုံ လွှတ်တော်မှာ အတည်ပြုချက် ယူရမယ်လို့ အတိအကျ ဖော်ပြထားတယ်။ အဲဒီတော့ မင်းအောင်လှိုင်က NCA စာချုပ်အပေါ် အခြေခံဆွေးနွေးရမယ်လို့ ပြောတာကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေက ဒါကို လက်ခံဆွေးနွေးလိုက်ရင် တစ် သူတို့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံပြီးသား ဖြစ်သွားတယ်။ နှစ်အချက်က သူတို့ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုသား ဖြစ်သွားမယ်။ အခု တစ်ဖွဲ့ချင်းအလိုက် သူပြောတဲ့အတိုင်း ဝင်ဆွေးနွေးလိုက်ရင် ကိုယ်အချင်းချင်းအကြား ကွဲသွားမယ်”လို့ နိုင်ဗညားမွန်က ပြောကြားပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် NCA အပေါ် အခြေခံတဲ့ ဆွေးနွေးပွဲက မင်းအောင်လှိုင်ရဲ့ တစ်ချက်ခုတ် သုံးချက်ပြတ်တဲ့ နည်းနာဖြစ်တယ်လို့ နိုင်ဗညားမွန်က ပြောကြားပါတယ်။

NMSP-ADခေါင်းဆောင်တွေဟာ မူလက NCA လက်မှတ်ထိုးထားတဲ့ မွန်ပြည်သစ်ပါတီ(NMSP) ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်ကို လက်မခံတဲ့ NMSP ခေါင်းဆောင်တွေဟာ NMSP-AD စုဖွဲ့မှု နဲ့ အာဏာသိမ်းစစ်တပ်ကို တော်လှန်တိုက်ခိုက်နေတာဖြစ်ပါတယ်။

စစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)ကလည်း စစ်အုပ်စုဟာ NCA အခြေခံမူများကို နင်းချေဖျက်ဆီးလိုက်တာကြောင့် NCAမရှိတော့ဘူးလို့ အသိပေးထားပါတယ်။

“NCA နဲ့ ပတ်သက်လို့ ကျနော်တို့ လိုက်နာစရာအကြောင်းမရှိတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ NCA ရဲ့ နှလုံးသားဖြစ်တဲ့ အခန်း(၁)အခြေခံမူကို နင်းခြေ ဖျက်ဆီးလိုက်တာက စစ်တပ်ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် NCA ရဲ့ အခန်း(၁)က NCA တစ်ခုလုံးရဲ့ နှလုံးသားဖြစ်ပါတယ်။ အဲဒီနှလုံးသားကို ဖျက်ဆီးလိုက်ပြီးဖြစ်တဲ့အတွက်ကြောင့် ဒီ NCA ဟာမရှိတော့ဘူး။ အဲဒီအတွက်ကြောင့် ဒီ NCA ကို အသုံးပြုပြီးတော့ နိုင်ငံတကာကို လှည့်စားခြင်းသော်လည်းကောင်း ပြည်သူလူထုကို လှည့်စားခြင်းသော်လည်းကောင်း လုပ်တဲ့ကိစ္စက ကျနော်တို့နဲ့ ဘာမှ မဆိုင်ဘူးဆိုတာ ပြောကြားချင်ပါတယ်”ဟု KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောကြားထားပါတယ်။

NCA အခန်း(၁) အခြေခံမူမှာ နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည့် နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ်ထူထောင်ပြီး လက်နက်ကိုင်ပဋိပက္ခအဆုံးသတ်နိုင်ရန်ဟု ဖော်ပြထားသော်လည်း စစ်ကောင်စီတပ်က လက်နက်အားကိုးဖြင့် ရွေးကောက်ခံ အစိုးရခေါင်းဆောင်များကို ဖမ်းဆီးပြီး အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်နဲ့ ဆွေးနွေးမှုတွေဆက်လုပ်နေသလို NCA ဆိုင်ရာ နှစ်ပတ်လည်ပွဲတွေ တက်ရောက်လေ့ရှိတဲ့ ရှမ်းတပ် RCSS ကပင် စစ်တပ်အာဏာသိမ်းချိန်မှစ၍ NCA အကောင်အထည်ဖော်မှု ရပ်ဆိုင်းသွားကာ NCA အပေါ် လူထုယုံကြည်မှုလျော့နည်းလာကြောင်း မနေ့က အောက်တိုဘာ ၁၅ရက်မှာ စစ်အုပ်စုက ပြုလုပ်တဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

“ငြိမ်းချမ်းရေး အသီးအပွင့်တွေ မစံစားရ၊ မခံစားရလို ဒေသခံ လူထုတွေအနေနဲ့ (၁၁)နှစ်သား NCA စာချုပ်အပေါ်ယုံကြည်ကိုးစားမှုတွေ လျော့နည်း ကျဆင်းခဲ့ပါတယ်။ တဖက်မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် မရှိမဖြစ် လိုအပ်တဲ့ ယုံကြည်မှုတွေကို ဆွေးနွေး ဖော်ဆွေးနွေးဖက် အချင်းချင်းကြားမှာ တည်ဆောက်နိုင်ခဲ့ခြင်းမရှိလို NCA. အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းတွေမှာ နှောင့်နှေးကြန့်ကြာမှုတွေ၊ တစ်ဆိုမှုတွေ၊ အထစ်အငေါ့တွေ ရှိခဲ့ပြီး ရည်မှန်းချက် ပန်း တိုင်ထံ မရောက်ရှိနိုင်ခဲ့ပါဘူး” လို့ RCSS ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

ဆောင်းပါး

အာဏာသိမ်းစစ်အုပ်စုက ကာကွယ်ရေးဝန်ကြီးကိုအပြောင်းအလဲလုပ်သလို ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး နေရာကိုလည်း လူ​ပြောင်းလိုက်ပါတယ်။ဒါ့အပြင် ဗိုလ်ချုပ်အဆင့် နဲ့ တိုင်းမှူးအဆင့်တွေအပါအဝင် စစ်တပ်ထိပ်ပိုင်း ရာထူး​တွေကိုအပြောင်းအလဲထပ်လုပ်လိုက်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်အတွင်းစစ်​ကြောင်းထိုးနေတဲ့စစ်တပ်စစ်ကြောင်းက အသက်မပြည့်သေးတဲ့ စစ်ရှောင်အမျိုးသမီးငယ်တွေအပါအဝင် ၅ဦးကို ဖမ်းဆီးပြီးအုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့တယ်လို့ဒေသခံ​တွေက​ပြောပါတယ် ။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့အလုပ်သမားဝန်ကြီးဖြစ်လာသူစစ်အရာရှိဟောင်း ဦးမောင်မြင့်က ပြည်ပရောက်မြန်မာလုပ်သားတွေလစာပြန်မလွှဲတာကြောင့်အလုပ်သမားစေလွှတ်ရတာနိုင်ငံအတွက်အကျိုးမရှိဘူးလို့ သူရဲ့ Tik Tok ကတဆင့် ပြောလာပါတယ်။