မောင်သာဂိ ရေးသားသည်။
ဟင်းချက်နည်းသင်တန်းစတင်ပါတော့မယ်။ Hell’s Kitchen မှာပါ။ ကမ္ဘာစစ်တစ်ခုဖြစ်အောင်ချက်ပြုတ်ဖို့အတွက်ဘယ်လိုပါဝင်ပစ္စည်းတွေလိုအပ်ပါသလဲ။
ခဲတံကိုင်ပါ၊ စာရွက်ယူပါ၊ ချရေးပါ။ ဈေးစာရင်းကဒီမှာပါ။
အရူးထအမျိုးသားရေးဝါဒ ၂၅ ကျပ်သား၊
မိစ္ဆာအာဏာရှင် ၂၅ ကျပ်သား၊
အဆံချောင်တိုင်းပြည်ခေါင်းဆောင် ၂၀ ကျပ်သား၊
သွားမရှိတဲ့ကမ္ဘာ့အဖွဲအစည်း ၂၀ ကျပ်သား၊
အောင်ကြူကြူပြည်သူ ၁၀ ကျပ်သား

Public Service Announcement
အခုလိုအပ်တဲ့ပါဝင်ပစ္စည်းအားလုံးစားပွဲပေါ်မှာရောက်နေပါပြီ။ ကမ္ဘာစစ်ဟင်းပွဲတစ်ခုကိုချက်ပြပါတော့မယ်။
ဒါနဲ့စကားမစပ်တတိယကမ္ဘာစစ်ကစတင်နေပြီလား။ ဟုတ်ကဲ့၊ ဖြစ်ဖို့များပါတယ်။
ပထမလိုအပ်ချက်ဖြစ်တဲ့ “အရူးထအမျိုးသားရေးဝါဒ” ကို ရုရှ၊ အမေရိကန်၊ တရုတ်၊ အစ္စရေး၊ ဂျာမဏီ၊ ပြင်သစ်စတဲ့အင်အားကြီးနိုင်ငံအတော်များများမှာလက်ကားဈေးနဲ့ရောင်းချပေးနေပါတယ်။
ဒုတိယလိုအပ်ချက်ဖြစ်တဲ့ “မိစ္ဆာအာဏာရှင်” ကတော့ဘယ်တုန်းကမှပြတ်တောက်သွားတယ်လို့မရှိပါဘူး။ ဈေးကွက်ထဲမှာ ၂၄ နာရီရပါတယ်။ ကြိုက်တဲ့အချိန်မှာဒလီနဲ့ပို့ပေးမှာပါ။ Main Supplier ကတော့ ရုရှ ပါ။
“အဆံချောင်တိုင်းပြည်ခေါင်းဆောင်” ကတော့ပစ္စည်းအသစ်ဖြစ်ပါတယ်။ ဈေးကောင်းတယ်။ မတည့်တဲ့သူစားမိရင်တော့ဖြေဆေးမရှိပါဘူး။ ပစ္စည်းကရွှေဝါရောင်ပါ၊ အမျိုးသမီးတွေကိုမြင်ရင် ယင်းထပါတယ်။ Made In USA ဖြစ်တယ်။ အမေရိကန်စစ်စစ် ရေမရောပါ။
“သွားမရှိတဲ့ကမ္ဘာ့အဖွဲ့အစည်း” ကတော့နယူးယောက်မှာအခြေစိုက်ပြီးကြီးကျယ်တဲ့အခမ်းအနားတွေ ပြုလုပ်လေ့ရှိပေမယ့်ရလဒ်ကတော့သိပ်မရှိတော့တာ ကြာခဲ့ပါပြီ။
နောက်ဆုံးလိုအပ်တဲ့ “ဘုမသိဘမသိပြည်သူတွေ” ကတော့ပထမဆုံးပြောထားတဲ့ “အရူးထအမျိုးသားရေးဝါဒ’ နဲ့တွဲပြီးရောင်းချပေးတာပါ။ အမေရိကန်၊ ဘရာဇီးနဲ့ဥရောပတခွင်ကဆိုင်တွေမှာအလွယ်တကူဝယ်ယူလို့ရနိုင်ပါတယ်။ အာရှတခွင်မှာလည်းရှိပါတယ်။
အာဖရိကတိုက်ကတော့အထက်ပါဈေးစာရင်းကိုတစ်နေရာထဲနဲ့အရံသင့်ရမယ့် 7 Eleven ဖြစ်ပါတယ်။
ကမ္ဘာကြီးဟာသူဆင်ထားတဲ့ထောင်ချောက်ထဲကိုသူအကြိမ်ကြိမ်ပြန်နင်းတဲ့ဂြိုလ်တစ်လုံးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဒုတိယကမ္ဘာစစ်ကိုပြန်ကြည့်ကြရအောင်ပါ။
ဂျာမဏီကပိုလန်ကို ၁၉၃၉ စက်တင်ဘာ ၁ ရက်နေ့ကကျူးကျော်ခဲ့တာကိုဒုတိယကမ္ဘာစတင်ခဲ့တဲ့နေ့လို့ အများကသတ်မှတ်ကြပါတယ်။ အခုပြန်ကြည့်ရင်တော့ဒုတိကမ္ဘာစစ်ဟာအဲဒီထက်စောပြီးစတင်ခဲ့တယ်လို့ဆိုရမယ်ထင်တယ်။ ဂျပန်က မန်ချူးရီယားကိုကျူးကျော်တဲ့ ၁၉၃၁၊ စက်တင်ဘာ ၁၈ လို့ဆိုရပါမယ်။
ဒီဖြစ်ရပ်တွေဟာအဲဒီအချိန်က “အရူးထအမျိုးသားရေးဝါဒရဲ့” ရလဒ်တွေပါ။ ဂျာမဏီ၊ အီတလီနဲ့ဂျပန်နဲ့ နိုင်ငံအများအပြားမှာလောင်မြိုက်နေခဲ့တာပါ။ စစ်အာဏာရူးတဲ့ခေါင်းဆောင်တွေကတော့ဂျာမဏီမှာ ဟစ်တလာ၊ ဆိုဗီယက်ရုရှမှာစတာလင်၊ အီတလီမှာမူဆိုလီနီ နဲ့ ဂျပန်မှာစစ်ခေါင်းဆောင်တိုဂျိုတို့ပါပဲ။ တခြားနိုင်ငံတွေမှာလည်းအများအပြားရှိခဲ့ပါတယ်။
ပျော့ညံ့တဲ့တိုင်းပြည်ခေါင်းဆောင်တွေမှာတော့ ဟစ်တလာရဲ့ကျူးကျော်မှုတွေကိုအလျော့ပေးတဲ့ အင်္ဂလန်ဝန်ကြီးချုပ်နဗီးချိန်လာလိန်ကအဓိကကျပါတယ်။ ဟစ်တလာဟာဒီတစ်ခါကျူးကျော်မှုပြီးရင်ရပ်သွားမှာပါလို့စိတ်ကူးယဉ်ခဲ့သူပါ။
“သွားမရှိတဲ့ကမ္ဘာ့အဖွဲ့အစည်း” ကတော့အဲဒီအချိန်က ’နိုင်ငံပေါင်းချုပ်အသင်းကြီး’ (League of Nations) ပါပဲ။ ဂျာမဏီကပိုလန်ကိုကျူးကျော်တာကိုအရေးမယူနိုင်ခဲ့သလိုဆိုဗီယက်ရုရှကဖင်လန်ကို ကျူးကျော်တာကိုလည်းထိထိရောက်ရောက်ဘာမှမလုပ်ပေးနိုင်ခဲ့ပါဘူး။
အောင်ကြူကြူပြည်သူတွေကတော့ဂျာမဏီ၊ အီတလီနဲ့ဂျပန်တွေမှာအလွန်များပြားခဲ့ပါတယ်။ အာဏာရှင်တွေ တိုက်တဲ့အရူးထအမျိုးသားရေးဝါဒအရက်ကိုတစ်ပိုင်းလောက်သောက်ပြီးအိပ်ယာကနိုးတဲ့အခါကိုယ့်တိုင်းပြည်အကျိုးနည်းသွားတာကိုတွေ့ကြရသူတွေပါ။
ကမ္ဘာကြီးလည်ပတ်နေတဲ့အစီအစဉ် (World Order) မှာ ကုလသမဂ္ဂရဲ့နေရာဟာလုံးပါးပါးလာတာကြာခဲ့ပါပြီ။ စက္ကူကျား (Paper Tiger) ဖြစ်နေခဲ့ပါပြီ။ သွားမရှိတဲ့ကျား (Toothless Tiger) ဖြစ်နေပါပြီ။ သူ့ရဲ့အခန်းကဏ္ဍကအခမ်းအနားအဆင့် (Ceremonial Role) ဖြစ်နေပါပြီ။
ဘယ်အာဏာရှင်ဘယ်စစ်ပွဲကမှဒီအဖွဲ့ကြီးကိုလှည့်မကြည့်ကြပါဘူး။ အာဏာရှင်တွေတင်မကပဲဒီမိုကရေစီနိုင်ငံလို့ကြွေးကြော်ခဲ့တဲ့နိုင်ံငံတွေလည်းဂရုမစိုက်ကြပါဘူး။ အားမကိုးကြတော့ပါဘူး။
ဒီလေဟာနယ်နေရာမှာ အကျိုးစီးပွားတူသူချင်းပူးပေါင်းတဲ့နိုင်ငံအုပ်စုတွေကအစားထိုးလာပါတယ်။
ရုရှ၊ တရုတ်၊ အီရန်၊ မြောက်ကိုရီးယား (မြန်မာကသူတို့အမြီးကိုဆွဲပြီးလိုက်နေပါတယ်) လိုအုပ်စုမျိုးရှိနေသလို၊ အမေရိကန်ကိုမယုံကြည်ရတော့လို့အကျိုးတူတူချင်းပူးပေါင်းပြီးကျောချင်းကပ်ကြတဲ့ အနောက်ဒီမိုကရေစီနိုင်ငံအုပ်စုလည်းရှိနေပါတယ်။
ဒေါ်နယ်ထရမ့်ကဒိန်းမတ်ရဲ့ပိုင်နက်ဖြစ်တဲ့ ဂရင်းလန်းကို လိုအပ်ရင်စစ်အင်အားနဲ့သိမ်းယူမယ်လို့အရောင်ပြကတည်းကအနောက်ဒီမိုကရေစီနိုင်ငံတွေကြားမှာအမေရိကန်နဲ့အကွဲအပြဲကနက်ရှိုင်းသွားခဲ့ပါပြီ။ ဒိန်းမတ်ဟာအမေရိကန်ဦးဆောင်တဲ့နေတိုးအဖွဲရဲ့ဝင်ဖြစ်ပါတယ်။ နေတိုးရဲ့ကတိကဝတ်ဟာအဖွဲ့ဝင်နိုင်ငံတစ်ခုကိုအခြားနိုင်ငံတစ်ခုကစစ်ရေးအရဝင်တိုက်ခိုက်ရင်အဖွဲ့ဝင်နိုင်ငံအားလုံးကိုတိုက်ခိုက်တယ်လို့ခံယူပြီးပြန်တိုက်ကြဖို့ပါ။
အခုတော့ထရမ့်ခေတ်မှာနေတိုးအဖွဲ့ဝင်နိုင်ငံကိုနေတိုးအဖွဲ့ဝင်ကပဲကျူးကျော်ဖို့ကြံစည်တာဟာ စည်းကျော်သွားပြီလို့အားလုံးယူဆကြပါတယ်။ အဲဒီအချိန်ကစပြီးဥရောပနိုင်ငံတွေဟာစစ်အသုံး စရိတ်ကိုမြှင့်တင်ခဲ့ကြပါတယ်။
ရုရှ ရန်ကိုသာမကပဲအချိန်မရွေးသစ္စာဖေါက်မယ့်ထရမ့်ရဲ့အမေရိကန်ကိုပါမယုံရတော့လို့ပါပဲ။ အမေရိကန်နဲ့အစ္စရေးကအီရန်ကိုဝင်တိုက်ပြီးထင်သလိုဖြစ်မလာတဲ့အခါအနောက်ဒီမိုကရေစီနိုင်ငံတွေကိုထရမ့်ကစစ်ကူတောင်းပေးမယ့်ဘယ်သူမှရောက်မလာကြတော့ပါဘူး။ စစ်ပွဲကိုစတင်ချိန်တုန်းကလည်း ထရမ့်ကသူတို့ကိုမတိုင်ပင်ခဲ့ပါဘူး။
အနောက်အုပ်စုကြားမှာအကွဲအပြဲဖြစ်နေပါပြီ။ ဒါကရုရှ၊ တရုတ်ဦးဆောင်တဲ့ဝင်ရိုးတန်းအုပ်စုကိုရှေ့တိုးဖို့အချက်ပြနေပါတယ်။ အီရန်နဲ့စစ်ပွဲကိုနိုင်အောင်မတိုက်နိုင်တဲ့အမေရိကန်ဟာလက်နက်ခဲယမ်း မီးကျောက်တွေအားနည်းနေပြီဆိုတဲ့အသံကကျွမ်းကျင်သူတွေကြားထဲမှာထွက်ပေါ်နေပါပြီ။
Hell’s Kitchen ရဲ့ စားဖိုဆောင်ထဲမှာ ချက်ပြုတ်တဲ့ အိုးသံခွက်သံတွေ ဆူညံလို့နေပါပြီ။ ချက်ပြုတ်စရာ ပါဝင်ပစ္စည်းအားလုံးလည်း အချိုးအစားကျကျ သမသွားခဲ့ပြီဖြစ်သလို၊ မီးအပူချိန်ကလည်း ဆူမှတ်ကို ရောက်နေခဲ့ပါပြီ။
ဒုတိယကမ္ဘာစစ်တုန်းကနိုင်ငံပေါင်းချုပ်အသင်းကြီး (League of Nations) ဟာ စာရွက်ပေါ်က ကျားတစ်ကောင်အဖြစ်နဲ့ စစ်ကို မတားဆီးနိုင်ခဲ့သလို၊ ဒီနေ့ ကုလသမဂ္ဂဆိုတဲ့ အဖွဲ့အစည်းကြီးကလည်း ပွဲတက်ဝတ်စုံ ဝတ်ထားတဲ့သွားမရှိတဲ့ကျားအိုကြီးအဖြစ်နဲ့ ပွဲကြည့်ပရိသတ် လုပ်နေရုံကလွဲလို့ ဘာမှ မတတ်နိုင်တော့ပါဘူး။
မဟာမိတ်တွေ အချင်းချင်း မယုံကြတော့တဲ့ခေတ်၊ အာဏာရှင်တွေ လက်တွဲပြီး အုပ်စိုးတဲ့ခေတ်၊ အရူးထအမျိုးသားရေးဝါဒီတွေ ခေါင်းထောင်နေတဲ့ ခေတ်မှာ တတိယကမ္ဘာစစ်ဟင်းပွဲလျာ ချက်ပြုတ်ဖို့ ရယ်ဒီဖြစ်နေခဲ့ပါပြီ။
စစ်ဆိုတာ သေနတ်သံ စကြားရတဲ့နေ့မှ စတာမဟုတ်ပါဘူး။ သမိုင်းကို ပြန်ကြည့်ရင် သေနတ်မဖောက်ခင် ကတည်းက စစ်ပွဲရဲ့ ပါဝင်ပစ္စည်းတွေကို အသေအချာပြင်ဆင်ချက်ပြုတ်နေခဲ့ကြတာပါ။
အခုလည်း ဟင်းပွဲကတော့ ချက်ပြုတ်ပြီးလို့ အဆင်သင့် ဖြစ်နေပါပြီ။ သမိုင်းက ပေးထားတဲ့သင်ခန်းစာထောင်ချောက်ထဲကို ကျွန်တော်တို့ ကမ္ဘာကြီးက နောက်တစ်ကြိမ် ဝမ်းသာအားရ ပြန်ဝင်နေပါပြီ။
ဒါနဲ့စကားမစပ် တတိယကမ္ဘာစစ်ကြီး စတင်နေပြီလား။ Hell’s Kitchen ကနေ ကြိုဆိုပါတယ်။
















































