ထွန်းညိုဦး/People’s Spring
အောက်တိုဘာ ၈ ရက် နေ့လယ်ပိုင်းက ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးရွာမှာ အညာနေ ပူလွန်းအိုက်လွန်းလို့ ဒေသခံတွေ ကိုယ့်အိမ်တင်ကို အရိပ်ခိုနေကြတယ်။ ရွာလယ်က အိမ်တစ်အိမ်မှာတော့ မိခင်ဖြစ်သူရယ်၊ သမီးနှစ်ယောက်ရယ်၊ အိမ်ထောင်ဦးစီးအမျိုးသားရဲ့ညီရယ် ရှိနေတယ်။ အိမ်ထောင်ဦးစီးကတော့ ကျွဲကျောင်းသွားနေသလို အသက် ၂၀ ဝန်းကျင် မောင်ထွန်း(အမည်လွှဲ)ဆိုတဲ့ သားလေးကလည်း ရွာထဲလည်နေတယ်။
သမီးကလေးတစ်ယောက်ကတော့ ရက်ကန်းခတ်နေတာ။ ကျန်တဲ့မိသားစုဝင်တွေကတော့ ထမင်းစားပြီးလို့ ထမင်းလုံးစီရင်း တရေးတမော အိပ်လိုအိပ်၊ အိမ်အလုပ် တိုလီထွာလီ လုပ်စရာရှိတဲ့သူကလုပ်လို့ပေါ့။
နေ့လယ် ၁ နာရီကျော်မှာတော့ မုံရွာနမခကနေ ပါရာမော်တာတစ်စီး ဒီပဲယင်းနယ်ဘက် တက်လာတယ်ဆိုတဲ့ သတင်းတွေရတယ်။ လေကြောင်းသတင်းရတာနဲ့ အဖွဲ့အစည်းတွေက စကားပြောစက်တွေနဲ့ သတိလှမ်းပေးတယ်။ အဲဒီသတင်းကိုမှ ရွာတွေက လော်စပီကာတွေနဲ့ အော်ပြီး သတိထပ်ပေးတယ်။

Public Service Announcement
အညာက ပြည်သူတွေဟာ ၅ နှစ်ကျော် ၆ နှစ်နီးပါး အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းကိုလည်း ကြောက်ရပါတယ်။ အဝေးကအထိုင်စခန်းကနေ လှမ်းလှမ်းပစ်တဲ့ လက်နက်ကြီးရန်လည်း စိုးရိမ်ရပါတယ်။မုံရွာနမခနဲ့ စစ်တပ်တပ်စခန်းတွေကနေ တက်တက်လာတဲ့ ဆူဆိုက်ဒရုန်း၊ ပါရာမော်တာနဲ့ ဂျွိုင်ရိုကော်ပတာရန်တွေကိုလည်း ထိတ်လန့်ရပါတယ်။ တံတားဦးလေတပ်ကနေ တက်လာတဲ့ ဖိုက်တာရန်ကိုလည်း မေ့ထားလို့မရပါဘူး။ အညာက ပြည်သူတွေဟာ တနေ့တနေ့ အိမ်ခေါင်ထက် မော့မော့ကြည့်ရင်း နေ့စဥ် ဖြတ်သန်းနေရပါတယ်။
သို့ပေသိ တချို့ပြည်သူတွေကျတော့ အာဏာသိမ်းထားတာ၆ နှစ်လောက်လည်းရှိလာတော့ဒီလိုရှောင်ရတိမ်းရှတာ အတော်လေး ငြီးငွေ့လာကြပြီ။ နောက်ပြီး သူတို့တွေးတာက ငါတို့ရွာနားလည်း အဖွဲ့အစည်းတွေလာတာလည်းမဟုတ်။ ငါတို့ကလည်း အဖွဲ့အစည်းတွေနဲ့ ပတ်သက်တာလည်းမဟုတ်တော့ ငါတို့ဆီလာကြဲတာ မဟုတ်လောက်ပါဘူးဆိုပြီး တွေးမိသူတွေရှိတယ်။နေ့စဥ် ခေါင်းပေါ်ဖြတ်သန်းသွားတဲ့ လေကြောင်းတိုက်ခိုက်တဲ့ယာဥ်တွေက နည်းမှမနည်းခဲ့တာ။
နေ့လယ် ၁ နာရီ ၁၈ မိနစ်လောက်မှာတော့ မူးကမ်းကြီးရွာလယ်ထဲက အိမ်တစ်အိမ်ကို စစ်တပ်က ဗုံးသီး၂လုံး ကြဲချသွားပါတော့တယ်။ ရွာထဲသွားနေတဲ့ မောင်ထွန်းလည်း ရွာလယ်ထဲ ဗုံးကြဲသွားတယ်လည်းဆိုရော သူ့အိမ်ကို စိတ်ပူပြီး ဒုန်းစိုင်း ပြေးပါတော့တယ်။ အိမ်ရောက်တော့ မောင်ထွန်းတို့အိမ် မီးဟုန်းဟုန်းတောက်နေတာကို မျက်ဝါးထင်ထင် တွေလိုက်ရတယ်။ အိမ်ထဲမှာ အမေနဲ့ အမတွေရယ် ဦးလေးရယ် ရှိနေခဲ့တာ။
မောင်ထွန်း တောင်ပြေးမြောက်ပြေး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး။ ဆောက်တည်ရာမရနဲ့ လာသမျှ လူတွေကို ငိုယိုပြီး အကူအညီတောင်းနေခဲ့တယ်။ “ဆရာ လုပ်ပါဦး။ အမေရေ…”လို့ သူအော်နေခဲ့တယ်။
ရွာသူရွာသားတွေလည်း ကြိုးစားပြီး မီးငြှိမ်းကြတယ်။ ဘေးနားမှာလည်း ရေမော်တာရှိတော့ ပထမတော့ ပတ်ပေးတယ်။ ပြီးတော့ မော်တာက ပျက်သွားတယ်။ ဆိုင်ကယ်ဆေးတဲ့ပိုက်ကလေးဆိုတော့လည်း ရေအားက အဲလောက်မရှိဘူး။ ဒါပေမယ့် မီးအားက တအားများတောဘ ဘယ်လိုမှ အခွင့်မသာဘူး။ ဒါ့အပြင် တံတားဦးကနေလည်း ဖိုက်တာတစ်စင်း ဒီဘက်ကို ဦးတည်ပြီး တက်လာတယ်။ ရွှေဘိုဘက်ကနေလည်း ဆူဆိုက်ဒရုန်းတွေ ထပ်တက်လာတယ်ဆိုတော့ လူစုက ပြန်ခွဲလိုက်ရတယ်။ မောင်ထွန်းတို့ အိမ်ကလေး မီးတွေ တဟုန်းဟုန်းနဲ့ လောင်တုန်းပဲ။
ဗုံးချပြီး ငါးမိနစ်လောက်အတွင်း အိမ်တိုင်တွေအထိ လောင်နေပြီ။ မီးလောင်အားကြီးတော့ အိမ်တိုင်တွေက အရိုးပဲကျန်တော့တယ်။ အိမ်ကြီးကျ ၁၂ ပေ ပတ်ချာလည်လောက်ရှိမယ်။ အိမ်ကြီးကို လုံးဝ ပြာကျသွားတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် မောင်စိုး အမေရော၊ အမနှစ်ယောက်ရော၊ ဦးလေးဖြစ်သူပါ သေဆုံးခဲ့ရတယ်။
မူးကမ်းကြီးရွာဟာ အရင်ကလည်း အာဏာသိမ်းစစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုတွေခံခဲ့ရတယ်။ဒီပဲယင်းနယ်ဟာပြီးခဲ့တဲ့သြဂုတ်လတုန်းကလည်း ရေကြီးရေလျှံခဲ့လို့ ကောက်စိုက်သမတွေ ၆ ဦး သေဆုံးခဲ့ရသလို ကျွဲနွားတွေနဲ့ စိုက်ပျိုးသီးနှံတွေပါ ဆုံးရှုံးခဲ့ရတယ်။
အာဏာသိမ်းစစ်တပ်ဟာ မူးကမ်းကြီးတင်မကပါဘူး။ အောက်တိုဘာ ၉ ရက် ညနေကလည်း မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ တက်လာတဲ့ ပါရာမော်တာတစ်စီးဟာ ဒီပဲယင်းမြို့နယ်အရှေ့ဘက်ခြမ်း ညောင်ပုထိုးကျေးရွာအတွင်းသို့ ဗုံးသီးချလေကြောင်းတိုက်ခိုက်ခဲ့ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ညောင်ပုထိုးကျေးရွာနေ မွေးရာပါ မသန်စွမ်းသူ အသက် ၂၄ နှစ်အရွယ်ကိုသက်ပိုင်ဖြိုးဟာညာဘက်ခြေထောက်ကြေမွပျက်စီးဒဏ်ရာရရှိခဲ့ကြောင်း၊ ဒါ့အပြင် အသက် ၄၅ နှစ်အရွယ်ဒေါ်သန်းဝင်းဆိုသူလည်း နားရွက်တစ်ဘက်ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးပါတယ်။
အလားတူ အောက်တိုဘာ ၈ ရက်ကပဲ မြောင်မြို့နယ်နဲ့ ချောင်းဦးမြို့နယ်အစပ်က ပန်းလှအုပ်စု ပန်းလှဘုန်းကြီးကျောင်းကို လေကြောင်းကနေ ၃ ကြိမ်တိုက်ခိုက်ခဲ့ရာ သံဃာတော် ၂ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အောက်တိုဘာ ၇ ရက်ကလည်း ဆားလင်းကြီးမြို့နယ်နဲ့ မုံရွာမြို့နယ်က ကျေးရွာအချို့ကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ပြည်သူအချို့ထိခိုက်မှုတွေ ရှိခဲ့ပါသေးတယ်။
အောက်တိုဘာ ၄ ရက်ကလည်း ရေဦးမြို့နယ်က ကျေးရွာ ၃ ရွာမှာ စစ်တပ်က အသေခံဒရုန်းတွေနဲ့ လေကြောင်းတိုက်ခိုက်လို့ ကလေးတစ်ဦးအပါအဝင်ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းတိုင်းအတွင်းလေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး အောက်တိုဘာ ၅ ရက်နေ့ကပဲ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီးက ရွှေမျောလုပ်နေတဲ့ ပြည်သူတွေကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ ၃၀ ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
အညာက ပြည်သူတွေဟာ အသက်တွေလည်း ဆုံးရှုံးခဲ့ရသလို အိုးအိမ်တွေလည်း ထပ်ခါ ထပ်ခါ ပြာကျခဲ့ရတယ်။ ဒီလိုအခြေအနေကြားမှာကို အညာက ပြည်သူတွေဟာ တော်လှန်ရေးအပေါ် ယုံယုံကြည်ကြည်နဲ့ ရပ်တည်နေတုန်းပါ။ တော်လှန်ရေးအဖွဲ့တွေနဲ့လည်း ဒီပြည်သူတွေကိုအတက်နိုင်ဆုံး အကာအကွယ်ပေးသင့်တယ်လို့ ဒေသခံတစ်ဦးက ပြောတယ်။
“အညာဒေသဟာ ဒီလောက်ပူပင်သောကတွေ ရှိနေတဲ့ကြားက အခုချိန်အထိ သစ္စာရှိရှိနဲ့ ထောက်ခံနေတာဖြစ်တဲ့အတွက် ဒါတွေကို သိရှိနားလည်ပြီး ပြည်သူတွေကို တက်နိုင်သမျှ အကာအကွယ်ပေးကြဖို့ ပြောချင်ပါတယ်”လို့ဒေသခံတစ်ဦးကပြောလိုက်ပါတယ်။



















































