Connect with us

Hi, what are you looking for?

ဆောင်းပါး

လူ​မဖြစ်​သေးတဲ့ ကိုးလသားရင်​သွေးကို​တောင် အလွတ်မ​ပေးခဲ့တဲ့ ​စစ်တပ်ရဲ့ ကျောက်​တော်စစ်ရာဇဝတ်မှု

မပျက်ယွင်းတဲ့မေတ္တာတွေနဲ့ လေးသိန်း၊ လေးသန်း၊ လေးကမ္ဘာတိုင်အောင် အတူတကွ လက်တွဲသွားကြဖို့ မနေ့က မှ အိမ်ထောင်သက် (၁၁) နှစ်ပြည့် ဆုတောင်းခဲ့ကြတဲ့ ဇနီးမောင်နှံ…။

ခိုင်မြတ်/People’s Spring

မပျက်ယွင်းတဲ့မေတ္တာတွေနဲ့ လေးသိန်း၊ လေးသန်း၊ လေးကမ္ဘာတိုင်အောင် အတူတကွ လက်တွဲသွားကြဖို့ မနေ့က မှ အိမ်ထောင်သက် (၁၁) နှစ်ပြည့် ဆုတောင်းခဲ့ကြတဲ့ ဇနီးမောင်နှံ…။

“အလုပ်အကိုင်တွေ အဆင်ပြေပြီးတော့ မိသားစုကို ပံ့ပိုးနိုင်တဲ့ သမီးကြီးတယောက်အဖြစ် အမြဲတမ်း ရပ်တည်နိုင် ပါစေ” လို့ လွန်ခဲ့တဲ့ နှစ်ရက်ကမှ မွေးနေ့ဆုတောင်းခဲ့တဲ့ စစ်တွေသူ စစ်ဘေးရှောင် လူငယ်အမျိုးသမီး…။

သမီးကြီးအတွက် ဖိနပ်လှလှလေးတစ်ရံ ဝယ်ပေးချင်လို့ ဗိုက်ထဲက ကိုးလသားအရွယ် ရင်သွေးငယ်ကိုလွယ်ထားရင်း ဈေးဆီကို ထွက်လာခဲ့တဲ့ မိခင်နဲ့ ဖခင်။

Public Service Announcement

Public Service Announcement

ရက်စက်လှတဲ့ နေ့လယ်ခင်းတခုမှာတော့ အဲဒီရိုးရှင်းလှတဲ့ အိပ်မက်တွေ၊ ဆုတောင်းတွေနဲ့ ချစ်ခြင်းမေတ္တာ ကတိကဝတ်တွေအားလုံးဟာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းဗုံးကြဲမှုအောက်မှာ ခဏချင်းအတွင်း ပြာကျပျက်စီးသွားခဲ့ကြရပါ တယ်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊မြို့အဝင် ကစ္ဆပနဒီတံတား နဲ့ အိန္ဒိယဈေး တို့ကို စစ်တပ်က စက်တင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းမှာ ဂျက် ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၅၀ ထက်မနည်း အသက်ဆုံး ရှုံးခဲ့ရပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့ရပါတယ်။

ဗုံးကြဲမှုကြောင့် သေဆုံးခဲ့ရသူတွေထဲ အိမ်ထောင်သက် ၁၁ နှစ်ပြည့်ခဲ့တာတစ်ရက်သာရှိသေးတဲ့ ကျောက်တော် မြို့မှ အသက်သုံးဆယ်ကျော်အရွယ် ကိုဇွဲညီနိုင်(ခ)ကိုရွှေအိုးနဲ့ မသွယ်သွယ်မော်(ခ)မလတ်တို့ ဇနီးမောင်နှံပါဝင်သလို ၊ စစ်ရှောင်မိသားစုကို ပံ့ပိုးနိုင်သူဖြစ်ဖို့ ဆုတောင်းခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် သမီးကြီး မအေးစုမွန် လည်းပါခဲ့ပါတယ်။ဒါ့အပြင် ရက်ပိုင်းအတွင်း လူ့ဘ၀ရောက်လာတော့မယ့် ရင်သွေးငယ်​လေးကိုလွယ်ပြီး သမီးကြီးအတွက် ဖိနပ်သွားဝယ်ပေးခဲ့တဲ့ ၃၂ နှစ်အရွယ် ကျောက်တော်မြို့ခံ မခင်မာနွယ်နဲ့ခင်ပွန်းဖြစ်သူတို့လည်းပါဝင်ပါတယ်။

(​ဗိုက်ထဲက ၉လသားရင်​သွေးငယ်​ရော မိခင်ပါ​သေဆုံးခဲ့တဲ့ မခင်မာနွယ် ။ ဓါတ်ပုံ- လူမှုကွန်ယက်)

●ဗိုက်ထဲကကိုးလအရွယ်သ​​န္ဓေသားနဲ့ မိခင်ကိုပါ သတ်ဖြတ်ခဲ့တဲ့ စစ်တပ်

တနင်္လာနေ့၊စက်တင်ဘာလ၂၈ ရက်၊၂၀၂၆ ခုနှစ်။မိုးကုန်ခါစပူပြင်းလှတဲ့နေရောင်အောက်မှာ ကျောက်တော်မြို့ရှိ အိန္ဒိယ​ဈေးဟာ စျေးသွား၊ စျေးဝယ်၊ ကုန်သည်တွေ၊ ကုန်တင် ကုန်ချအလုပ်သမားတွေ၊ ဆိုင်ကယ်၊ ဘေးတွဲ၊ တုတ်တုတ်(သုံးဘီး)၊ ကားစတဲ့ ကယ်ရီသမားတွေနဲ့ ပုံမှန်အတိုင်း စည်ကားနေပါတယ်။​ဈေးဟာ ကစ္ဆပနဒီတံတား​အောက်လမ်းက​နေဝင်ရတာပါ။

စျေးဖွင့်ရက် တနင်္လာနေ့ဆိုတော့ ရခိုင်ပြည်တဝှမ်း မြို့နယ်၊ ကျေးရွာတွေက စျေးလာဝယ်သူတွေရောက်နေပြီး ပုံမှန်နေ့တွေထက်ပိုပြီးတော့စည်းကားနေပါတယ်။ကျောက်တော်မြို့ဟာကုလားတန်မြစ်ရဲ့ အနောက်ဘက်မြစ်ကမ်းမှာ၊ မြစ်နဲ့ကပ်လျက်တည်ရှိပါတယ်။ မြို့အဝင်မှာ ကုလားတန်မြစ်​ပေါ်ကစ္ဆပနဒီတံတား​ဆောက်လုပ်ထားပါတယ်။

နေ့ခင်း ၁၂ နာရီ ၁၀ မိနစ်မှာတော့ကျောက်တော်မြို့ကောင်းကင်ယံကို တိုက်လေယာဉ်တစီး ရုတ်ချည်းရောက်လာပြီး ကစ္ဆပနဒီတံတားအောက် ကုလားတန်မြစ်ကမ်းဘေး အိန္ဒိယစျေးအဝင်ရှိ တုတ်တုတ်၊ ဘေးတွဲ၊ ကားဂိတ်နဲ့ ဆိုင်ခန်းတွေအပေါ် တည့်တည့်ကို ပေါင်ငါးရာ ဗုံးတလုံး ကျလာပါတယ်။ ဗုံးက ​တံတား​အောက်က ​ဈေးအဝင်ဝကို တစ်လုံး ၊တံတား​ပေါ်ကိုတစ်လုံးကြဲတာပါ။

ကျယ်​လောင်တဲ့အသံ​တွေနဲ့ မီးခိုးလုံးကြီးထွက်လာပြီး​​တော့ စက္ကန့်ပိုင်းအတွင်း​ဈေးဆိုင်ခန်းတွေ၊ ကား​တွေ၊တုတ်တုတ်တွေ မီး​လောင်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးဖွာလန်ကြဲစုပ်ပြတ်သွားပါတယ်။ စျေးကွင်း ပြင်မှာ ​တော့ အော်ဟစ်ငိုကြွေးသံတွေ၊ အကူအညီတောင်းသံတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

“စျေးအဝင်နေရာ၊ကုန်ထမ်းသမားတွေ၊ ကယ်ရီသမားတွေလည်းအများကြီးစုနေတာ။ ကုန်ပစ္စည်းတွေနဲ့ဆိုတော့မီးထလောင်ပြီးအလောင်းတွေ၊ ဒဏ်ရာရတဲ့သူတွေ ပုံထပ်နေတာ။ ငိုပြီးတော့ အကူအညီတောင်းတာတွေလည်း အများကြီး။ မီးကလည်း လောင်နေတယ်၊ လေယာဉ်ကလည်း ရှိနေသေးတော့ ဘယ်သူမှ ဝင်မကူရဲ။ မီးသတ်ကား တွေ ရောက်လာမှပဲ လူတွေကို ဆွဲထုတ်နိုင်တာ”

ဗုံးကြဲနေတုန်း အိန္ဒိယစျေးအနား ရှိနေခဲ့တဲ့ ကျောက်တော်မြို့ခံတဦးက ပြန်ပြောပြပါတယ်။

ကိုးလအရွယ် ရင်သွေးလေးကို ဝမ်းမှာလွယ်ထားတဲ့ မခင်မာနွယ်ဟာလည်း ဖိနပ်ဝယ်ပေးဖို့ ပူဆာတဲ့ ၇ နှစ်အရွယ် သမီးကြီးနဲ့အတူ ဗုံးမကြဲခင် မိနစ်ပိုင်းအလိုမှာ အိန္ဒိယစျေးကို ကံဆိုးစွာနဲ့ ရောက်လာခဲ့တာပါ။

“သမီးကို ဖိနပ်ဝယ်ပေးဖို့ သွားတယ်။ ဖိနပ်ဆိုင်မှာ ဝယ်နေတုန်းဂျက်လာတယ်။ ဂျက်လာတော့ သူ့ဆီမှာထိသွားတယ်ထင်တယ်။ သမီးလေးကိုသမီးလေးပြေးပြေးလို့ ပြောတယ်တဲ့။ သမီးလေးက ပြေးလာခဲ့တယ်။ အဲဒီကလေး မှာလည်း (ဗုံး)အစလေးတွေစင်ပြီးတော့” လို့ မခင်မာနွယ်စျေးသွားခဲ့ပုံ၊ သေဆုံးခဲ့ရပုံတို့ကို သူမရဲ့အဒေါ်က ပြန်ပြောပါတယ်။

သွေးပျက်ဖွယ် ပတ်ဝန်းကျင်ကြားကနေ မိခင်စကားအတိုင်း လွတ်ရာသို့ ထိတ်လန့်တုန်လှုပ်စွာ ထွက်ပြေးခဲ့ရတဲ့ မ ခင်မာနွယ်ရဲ့ သမီးကြီးဟာ တခြားမိသားစုဝင်တွေနဲ့ တွေ့ချိန် “မမ(သမီး)မှာ မေမေရော၊ ဖေဖေရော မရှိတော့ဘူး၊ ရှာမတွေ့တော့ဘူး”လို့ပြောရှာပါတယ်။

မိသားစုဝင်တွေဟာမခင်မာနွယ်တို့ ဇနီးမောင်နှံကို စျေးတဝိုက် လိုက်ရှာကြတယ်၊ မခင်မာနွယ်ရဲ့ အမျိုးသားကို အသက်ရှင်လျက်တွေ့ပေမယ့် မခင်မာနွယ်ကိုတော့ ရှာမတွေ့ပါဘူး။ဒဏ်ရာရသွားတယ် အထင်နဲ့ ကျောက်တော်မြို့အပါအဝင် အနီးတဝိုက် ဆေးရုံ၊ ဆေးခန်းတွေကို ပတ်ရှာ၊ စုံစမ်းကြည့်ပေမယ့်မတွေ့ပါဘူး။ နောက်ဆုံးတော့အိန္ဒိယစျေးဝင်းထဲရှာ​တော့မှ ချက်ကြိုးတန်းလန်း မွေးကင်းစ ကလေးငယ်နဲ့အတူ သေဆုံးလျက်သားတွေ့ခဲ့ရပါ​တော့တယ်။

“ကလေးတယောက်နဲ့၊ ချက်ကြိုးတန်းလန်းနဲ့ ကလေး၊ အရုပ် မှတ်မရတော့ဘူး” လို့ ဆိုပါတယ်။

ဖိနပ်ဆိုင်လေးထဲမှာ ၇ နှစ်အရွယ်သမီးကြီးအတွက် ဖိနပ်ရွေးပေးနေတဲ့မွေးဖွားခါနီး ကိုယ်ဝန်လွယ်ထားရတဲ့မခင်မာနွယ်ရဲ့ စိတ်ထဲမှာတော့ မကြာခင် ရောက်ရှိလာတော့မယ့် ရင်သွေးငယ်သစ်လေးအတွက် ပျော်ရွှင် စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်နေခဲ့မှာပါ။ ဒါပေမယ့် စစ်တပ်ကြဲချခဲ့တဲ့ ဗုံးကသူတို့မိသားစုဘဝကို တစစီ​ချေမွဖျက်ဆီးခဲ့ပါတယ်။

မခင်မာနွယ်ဟာ ဗုံးစထိမှန် ဒဏ်ရာရပြီး ဗိုက်ထဲ လွယ်ထားတဲ့ ကိုးလအရွယ်သမီးရင်သွေးကို အဲဒီနေရာမှာပဲ မွေးဖွားခဲ့ပြီး၊ မွေးပြီး မိနစ်ပိုင်းသာ ရှိသေးတဲ့ ချက်ကြိုးတန်းလန်း ရင်သွေးငယ်နဲ့အတူသေဆုံးသွားခဲ့ရတာဖြစ်ပါတယ်။ ရင်​သွေးငယ်​လေးဟာလည်း လူဘဝ​တောင်မ​ရောက်​သေးခင် စစ်တပ်ဗုံးကြဲတာကြုံပြီးကွယ်လွန်ခဲ့ရတာပါ။ ရုပ်အ​လောင်း​ဟာလည်းဗုံးကြဲခံရပြီး ​လောင်ကျွမ်းပျက်စီးသွားလို့ သား​လေးလား၊​သမီးလေးလားခွဲဖို့​တောင်ခက်ခဲ​ပေမယ့် မိသားစုဝင်​တွေက ရုပ်အ​လောင်းအကျွင်းအကျန်ကို ကြည့်ပြီး သမီး​လေးလို့သုံးသပ်ကြပါတယ်။

“အဲဒီမှာ (ဗုံး)ကျပြီးနောက်ပိုင်းမှာ ကြည့်ရတာက ကြောက်ပြီးတော့ယိုကျသွားလိမ့်မယ်ထင်တယ်။ မျက်မြင်လည်းမရှိတဲ့အတွက် အဲဒီကလေးနဲ့ အချင်း(ချက်ကြိုး)တန်းလန်းတွေ့တဲ့အခါမှ သူ့ကလေးနဲ့ သူ့ကိုယ်ဝန်ဆိုတာသိရတာ ။ အမှန်က အလောင်းကိုတောင် မှတ်မရတော့ဘူး။ ကလေးရော၊ မိခင်ရော၊ သို့သော် မိသားစုကတော့ သူတို့ဟာ သူ့သမီးနဲ့ သူ့မြေးဖြစ်တယ်ဆိုတာကို တထစ်ချ Confirm လုပ်ပေးတယ်။ ဘာလို့ဆိုတော့ အချင်းတန်းလန်းတွဲနေတာဖြစ်တဲ့အတွက်” လို့ မြေပြင်မှာကူညီပေးနေတဲ့ စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။

(​၂၉ နှစ်ပြည့်​မွေး​နေ့ အပြီး ၂ ရက်အကြာမှာကွယ်လွန်ခဲ့တဲ့မအေးစုမွန်။ ဓါတ်ပုံ- လူမှုကွန်ယက်)

● ​၂၉ နှစ်ပြည့်​ပြီးနောက် ၂ ရက်မှာ​သေခြင်းတရားကြုံရတဲ့ မ​အေးစုမွန်

စစ်တွေမြို့ကနေ ကျောက်တော်ကို စစ်ဘေးရှောင်ဖို့ ရောက်နေပြီး အိန္ဒိယစျေးမှာ စျေးဆိုင်ရောင်းတဲ့ မအေးစုမွန် ဟာလည်း အဲဒီဗုံးကြဲမှုကြောင့် မခင်မာနွယ်တူနဲ့အတူ သေဆုံးတဲ့ထဲ ပါသွားခဲ့ရပါတယ်။

“Happy Birthday to Me 20+9 အေနိန့်ကျရောက်ရေ မွေးနေ့ကပင်စကလို့ အလုပ်အကိုင်တိ အဆင်ပြေပနာ မိသားစုကို ပံ့ပိုးနိုင်ရေ သမီးကြီးတစ်ယောက်အဖြစ် အမြဲတမ်းရပ်တည်နိုင်ပါစီ”

မွေးနေ့မှစ အလုပ်အကိုင်အဆင်ပြေပြီး မိသားစုကို ပံ့ပိုးနိုင်တဲ့ သမီးကြီးဖြစ်ဖို့ ဆုတောင်းကြောင်း မအေးစုမွန်က မကွယ်လွန်ခင် နှစ်ရက်အလို သူမမွေးနေ့မှာ ဆုတောင်စာတင်ခဲ့တာပါ။ ဒါပေမယ့် သူမရဲ့ ဆုတောင်းဟာ စစ်တပ်ဗုံး ကြဲပြီးနောက် အပျက်အစီး၊ မီးခိုးငွေ့တွေနဲ့အတူ လွင့်မျောပါသွားခဲ့ရပါပြီ။

“မွေးနေ့ပြီးတာသေး၊ မယုံနိုင်ဘူး၊ ကြားကြားချင်း ရူးမတတ် ခံစားရတယ်။ ရုတ်တရက်ကျလွန်းတယ် ညီမလေးရေ၊ စစ်တွေကို အတူပြန်ကြဖို့ ပြောနေကြရုံရှိသေး” လို့ မအေးစုမွန်ရဲ့ သူငယ်ချင်းတဦးက ပြောပါတယ်။

(​တံတား​ပေါ်မှာဆိုင်ကယ်စီး​​နေရင်းဗုံးထိမှန်​သေဆုံးခဲ့တဲ့ကိုဇွဲညီနိုင်(ခ)ကိုရွှေအိုးနဲ့ မသွယ်သွယ်မော်(ခ)မလတ်တို့ ဇနီးမောင်။ ဓါတ်ပုံ- လူမှုကွန်ယက်)

●​လေးကမ္ဘာ​ဆက်ပေါင်းဖက်ဖို့ဆု​တောင်းပြီး လူမမယ်က​လေး ၂ ဦးချန်ခဲ့ရတဲ့ဇနီး​​မောင်နှံ

အိန္ဒိယစျေးကို ဗုံးတလုံးချပြီးနောက် ဘေးကင်းကျန်နေခဲ့သူတွေဟာ တံတားအောက်အပါအဝင် ဘေးလွတ်မယ်လို့ ယူဆတဲ့နေရာတွေမှာ အပြေးအလွှား ဝင်ပုန်းကြပါတယ်။ ဒါပေမယ့ မိနစ်ပိုင်းအကြာမှာပဲ စစ်တပ်တိုက်​လေယာဥ်က ကစ္ဆပနဒီတံတားပေါ်ကိုနောက်ထပ်ဗုံးတလုံး ကြဲချလာပါတယ်။

အဲဒီအချိန် တံတားပေါ် ဆိုင်ကယ်နဲ့ ရောက်နှင့်၊ သွားလာနေကြတဲ့ ကိုရွှေအိုးတို့ဇနီးမောင်နှံအပါအဝင်အပြစ်မဲ့အ ရပ်သားပြည်သူ ဆယ်ဦးထက်မနည်း ထပ်မံသေဆုံးပြီး တံတားအောက်ပုန်းနေသူတွေထဲက အချို့ဟာလည်း ထိခိုက် ၊ ဒဏ်ရာရခဲ့ရပါတယ်။

“သူတော်စင် မဟုတ်ခကေတောင် ဖြူစင်ရေ အချစ်တိနဲ့ ဖြတ်သန်းလာကတ်စွာ ရက်ပေါင်း လေးထောင်ကျော် ဟိမ့် ယာထွား မပျက်ယွင်းရေ မေတ္တာတိနဲ့ ထပ်လို့ လေးသိန်း လေးသန်း လေးကမ္ဘာလောက် ဆက်လားကတ်ဖို့ သိမ့် တစ်ပျင်းချစ်ပါရေနန်း ပျော်ရွှင်စရာ 11 နှစ်ပြည့်ပါ ချစ်ရရေ အမျိုးသမီးချေ (အသည်းပုံ အီမိုဂျီ လေးခု)”

“သူတော်စင်မဟုတ်ခဲ့ရင်တောင် ဖြူစင်တဲ့ အချစ်တွေနဲ့ ဖြတ်သန်းလာကြတာရက်ပေါင်း လေးထောင်ကျော် ရှိပြီ လေ၊ မပျက်ယွင်းတဲ့ မေတ္တာတွေနဲ့ ထပ်ပြီး လေးသိန်း၊ လေးသန်း၊ လေးကမ္ဘာလောက် ဆက်သွားကြအုံးမယ်၊ အရမ်းချစ်ပါတယ်နော်၊ ပျော်ရွှင်စရာ ၁၁ နှစ်ပြည့်ပါ ချစ်ရတဲ့ အမျိုးသမီးလေး” လို့ အဓိပ္ပါယ်ရတဲ့ စာသားကို ကိုရွှေ အိုးကသူ့ရဲ့ Facebook အကောင့်မှာ သူ့အမျိုးသမီးကို Tag တွဲပြီး ဗုံးမကြဲခင် တရက်အလိုက ​ရေးတင်ထားခဲ့တာဖြစ် ပါတယ်။

ကိုရွှေအိုးတို့ဇနီးမောင်နှံဟာနောက်ထပ် နှစ်​ပေါင်းလေးသိန်း၊ လေးသန်း၊လေးကမ္ဘာအတူနေရဖို့ တောင်းဆုပြုခဲ့ကြပေမယ့် တရက်အကြာမှာပဲ သေကွဲကွဲခဲ့ကြရပြီဖြစ်ပါတယ်။ ကိုးရွှေအိုးနဲ့ မသွယ်သွယ်မော်တို့မှာ ဆယ်နှစ်အောက်အရွယ် သမီးတယောက် နဲ့ သားတယောက် ကျန်နေခဲ့ပါတယ်။

“သူတို့မိသားစုကအရမ်းချစ်ဖို့ကောင်းတယ်။ ချစ်လည်း တော်တော်ချစ်ကြတယ်။ ဗုံးမကြဲခင်တရက်ကတောင်သူတင်ထားတာကိုကြည့်ပြီး ကြည်နူးနေတာ။ သားလေးဆိုရင် အမေနဲ့ အဖေအလောင်းနားမှာ ပတ်သွားပြီး အဖေ့ကို ကြည့်လိုက်၊ အမေ့ကို ကြည့်လိုက်လုပ်နေတာ၊ ကြည့်ရတာ ဘယ်လိုမှ မခံစားနိုင်ဘူး” လို့ ကိုရွှေအိုးရဲ့ မိတ်ဆွေအ မျိုးသမီးတဦးက ပြောပါတယ်။ တံတား​ပေါ်မှာ ​သေဆုံးချိန်မှာ​တောင် ဆိုင်ကယ်စီးရင်း ဗုံးကြဲခံရကာ အတူ​သေဆုံးခဲ့တာဟာ ဇနီး​မောင်နှံနှစ်ဦးဖြစ်ပါတယ်။

●​သေဆုံးဒဏ်ရာရသူ​တွေထဲမှာ ရိုဟင်ဂျာ​တွေလည်းပါဝင်

ကျောက်တော်မြို့ အိန္ဒိယစျေးနဲ့ ကစ္ဆပနဒီတံတားဗုံးကြဲမှုကြောင့် သေဆုံးခဲ့ရသူတွေထဲမှာ မိသားစုလိုက် သေဆုံးခဲ့ရ တာတွေလည်း ရှိပါတယ်။ “ပုဏ္ဏားကျွန်းက ကျောင်းဆရာ မိသားစုဆိုရင် သမီးလေးရော၊ သူ့မိန်းမရော သေသွား တယ်။ နောက်ဒီလိုဘ၀မျိုး မကြုံရပါစေနဲ့ ဆုတောင်းပါတယ်” လို့ သူ့မိတ်ဆွေတဦးက ပြောပါတယ်။

ဒါ့အပြင် သေဆုံး၊ ဒဏ်ရာရသူတွေထဲမှာ ကုန်တင်၊ ကုန်ချအလုပ်လုပ်ပြီး ဝမ်းရေးရုန်းကန်နေရတဲ့ ဒေသခံတွေ၊ စစ် ဘေးရှောင်ဒုက္ခသည်တွေ နဲ့ ရိုဟင်ဂျာတွေလည်း ပါဝင်ပါတယ်။

“မူဆလင်လူမျိုး ၁၆ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်၊ ၅ ဦးပျောက်နေပါတယ်။၁၀ဦးဒဏ်ရာရပါတယ်။ မူဆလင်ရော၊ ဗုဒ္ဓဘာသာရော၊ ရခိုင်ရော၊ ခရစ္စယာန်ဘာသာရော ဘယ်လူမျိုးပင်မဆို ဒီဟာက လူသားကို လူသားက ဒီလိုလုပ် တာက လုံး၀မသင့်တော်တဲ့အလုပ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ဒီဟာက ရာဇဝတ်မှုမြောက်တယ်လို့ မြင်ပါတယ်” လို့ ကျောက်တော်ဒေသခံ မူဆလင်ဘာသာရေးဆရာတဦးဖြစ်တဲ့ ရှိုင်ခိုလ်အစ္စလာမ်က ပြောပါတယ်။

ဗုံးကြဲမှုကြောင့် သေဆုံး၊ ဒဏ်ရာရသူတွေထဲ အိန္ဒိယစျေးကို စျေးဝယ်ဖို့၊ ကုန်တင်ကုန်ချအလုပ်လုပ်ဖို့ရောက်နေတဲ့ ကျောက်တော်ဒေသခံ ရိုဟင်ဂျာတွေပါဝင်သလို မြောက်ဦးမြို့နယ်အတွင်းက စျေးလာဝယ်တဲ့ ရိုဟင်ဂျာတွေလည်း ပါဝင်ပါတယ်။

ဗုံးကြဲမှုထဲ မြောက်ဦးမြို့နယ် ပေါင်းတုတ်ကျေးရွာက ညီဖြစ်သူ ဦးညီညီဝင်းသေဆုံးခဲ့ရတဲ့အကြောင်းသူ့အစ်ကို ဦးနော်ဇူခန်က ပြောပါတယ်။

“ကျွန်တော့ညီလည်းမိသားစုနဲ့ပါ။သူက စကားလည်း မပြော(စကားမများ၊ ရန်မလို) အေးအေးပါ။ကျွန်တော့်မိန်းမက အစ်ကို၊ အစ်ကို့ညီတယောက် အိန္ဒိယစျေးမှာ ဗုံးမှာကျနေတယ်လို့ လာပြီးတော့ ပြောတယ်။ အဲဒီခါ ကျွန်တော် ငိုလို့ သတိတောင် လွတ်သွားပါတယ်။.. ချက်ချင်း ကားနဲ့ လိုက်သွားပါတယ်” လို့ သူက​ပြောပါတယ် ။ ဦးနော်ဇူခန် ရဲ့ညီဖြစ်သူဟာအိန္ဒိယ​​ဈေးထဲမှာ​ဗုံးကြဲခံရပြီး​သေဆုံးခဲ့တာပါ။

စစ်တပ်အနေနဲ့ အခုလို ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်တာဟာ ရခိုင်ပြည်တွင်း အုပ်ချုပ်နေတဲ့ အာရက္ခတပ်တော် (AA) ခေါင်းဆောင်ကို လူထုက မုန်းတီးလာအောင် လုပ်တာဖြစ်ပြီး စစ်တပ်အနေနဲ့ သတ္တိရှိရင် မြေပြင်မှာ သူနိုင်၊ ကိုယ်နိုင်တိုက်စေချင်တယ်လို့ ဦးနော်ဇူခန်က ဆိုပါတယ်။

“ဗိုလ်ချုပ်ကိုကျွန်တော်တို့မုန်းအောင်အတွက် လုပ်နေတာ ဒီဟာ၊ အဓိကအချက်ပါ ဒီဟာ၊ ပြည်သူတွေကိုသတ်တာအဲဒါပါ။ အခုစစ်ကောင်စီ ဒီလယ်ပြင်မှာ သူတို့ သေနတ်နဲ့တက်လာရင် ကျွန်တော်တို့ရှေ့ကသွားပြီးတော့ သူတို့ကို သေနတ်နဲ့ ပစ်ဖို့အသင့်ပါ။သူသေ၊ ငါသေ။ ကျွန်တော်တို့ တပ်တော် ဗိုလ်မှူးကြီး ထွန်းမြတ်နိုင် (ဗိုလ်ချုပ် ထွန်းမြတ် နိုင်) ကိုမမုန်းပါ၊ အခါတရာမှာ တရာ ချစ်နေပါတယ်။ ရှေ့ကသွားပြီးတော့ရှေ့တန်းမှာသွားပြီးတော့ ကျွန်တော်တို့ တိုက်ပွဲဝင်ချင်ပါတယ်”လို့ သူကဆက်ပြောပါတယ်။

သေဆုံးသွားသူ ၅၀ ကျော်အပြင် ထိခိုက်ဒဏ်ရာရသူ ၆၀ ကျော်ထဲမှာလည်း ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသူ ၂၁ ဦး ရှိနေပါသေးတယ်။သူတို့ဟာဆေးဝါးနဲ့ ဆေးပစ္စည်းကရိယာမလုံလောက်၊ ဆရာဝန်အင်အား အားနည်းတဲ့ ရခိုင် ပြည်တွင်းက ဆေးရုံတွေမှာ ဆေးကုသမှုခံယူနေကြရပြီး ဆေးကုသစရိတ်အကူအညီတွေလည်းလိုအပ်နေကြပါ တယ်။

“အရမ်းနွမ်းပါးတဲ့သူတွေပါတယ်။နိုင်သလောက် ဝိုင်းကူကြဖို့လိုတယ်” လို့ ကျောက်တော်ဒေသခံလူငယ်တဦးက ပြောပါတယ်။

ကျောက်တော်ဗုံးကြဲမှုမှာ အတည်ပြုနိုင်တဲ့ သေဆုံးသူ ၅၀ ရှိတယ်ဆိုပေမယ့်အစအနပျောက်သွားတဲ့အ​လောင်းတွေလည်း ရှိနိုင်တာကြောင့် သေဆုံးသူအရေအတွက်ဟာ ဒီထက်ပိုနိုင်တယ်လို့ မြေပြင်မှာ ကူညီပေးနေသူတွေကသုံးသပ်ကြပါတယ်။ ဗုံးကပြင်းထန်တာကြောင့် ရုပ်အလောင်းတချို့ဟာ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားပြီး ဘယ်သူ၊ ဘယ်ဝါဖြစ်တယ်ဆိုတာကိုအတည်ပြုဖို့ခက်ခဲပြီး၊ အချို့အလောင်း​တွေဟာ ခန္ဒာကိုယ်အပြည့်အစုံမရကြပါဘူး။

“ပိုင်ရှင်မရောက်ဘဲနဲ့ တချို့အလောင်းတွေကတော့ အစိုးရဘက်က တာဝန်ယူပြီးတော့ သဂြိုလ်လိုက်တာတွေ ရှိ တယ်၊ မှတ်တမ်းမှတ်ရာတွေ ယူထားလိုက်ပြီးတော့လေ” လို့ မြေပြင်မှာ ကူညီနေတဲ့ စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။

ဒါ့အပြင် အိန္ဒိယစျေးအတွင်း ရှိနေခဲ့တဲ့သူတွေထဲက အချို့ကို အစအနရှာမရတာတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။

“အလောင်း ဘယ်လိုမှ ရှာမတွေ့ဘူး။ ခန့်မှန်းပြီးတော့ သဂြိုလ်လိုက်ရတယ်။ နောက်ဆုံးအချိန် မျက်နှာလေးတောင် မြင့်ခွင့်မရလိုက်ဘူး”လို့ ဗုံးကြဲမှုအတွင်း သေဆုံးခဲ့ရတဲ့ စစ်တွေမြို့မှ စစ်ဘေးရှောင်တဦးရဲ့တူဖြစ်သူက ဖွင့်ဟပါတယ်။

●အာဏာသိမ်း​ခေါင်း​ဆောင်​တွေနဲ့စစ်တပ်ကို ထိ​ရောက်စွာအ​ရေးယူဖို့လို

ရခိုင်ပြည်နယ်ကျောက်တော်မြို့ ဗုံးကြဲမှုဟာ ရခိုင်ပြည်နယ်အတွင်း စစ်တပ်ရဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ် ထားတိုက်ခိုက်တဲ့ ဗုံးကြဲမှုတွေထဲ အခုချိန်ထိလူသေဆုံး၊ ဒဏ်ရာရသူအများဆုံးဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ ဒီမတိုင်ခင်က လည်း ရခိုင်ပြည်တွင်း လူဆယ်ချီသေဆုံးခဲ့ဗုံးကြဲမှုများစွာကို အာဏာသိမ်းစစ်တပ်က ဆက်တိုက်လုပ်ခဲ့ပါသေး တယ်။

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ၂၀၂၅ ဒီဇင်ဘာ ၁၀ ရက်နေ့ကဆိုရင် မြောက်ဦးပြည်သူ့ဆေးရုံကို ဗုံးကြဲခဲ့ပြီး ဆေးရုံတက်ကုသနေတဲ့လူနာ၊ လူနာစောင့်နဲ့ ဝန်ထမ်းစတဲ့ အပြစ်မဲ့ပြည်သူ ၃၃ ဦး သေဆုံးပြီး ၇၇ ဦးဒဏ်ရာရကာ ရခိုင်ပြည်တွင် ဒုတိယလူသေဆုံးမှုအများဆုံး ဗုံးကြဲမှုဖြစ်ခဲ့ပါတယ်။

“တော်တော်ကြီး အော့နှလုံးကျပြီးတော့ ရွံ့စရာကောင်းတဲ့ အစိုးရတရပ်ဖြစ်သွားပြီ၊ ဘုရားကို ဘုရားမသိ၊ ပြည်သူကို ပြည်သူမသိ၊ တာလီဘန်တွေထက်တောင်မှ ဆိုးရွားတဲ့ပုဂ္ဂိုလ်တွေဖြစ်နေပြီလို့ မြင်တယ်” လို့ ရခိုင်ဒေသတွင်း လူမှုကူညီရေးလုပ်ငန်းတွေလုပ်နေတဲ့စာရေးဆရာဝေဟင်အောင်ကမှတ်ချက်ပြုပါ တယ်။

ညီဖြစ်သူအပါအဝင် အရပ်သားပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်တဲ့ စစ်တပ်ကို တရားစွဲ၊ အရေးယူပြီး ပြည်သူတွေ စိတ်ကျေနပ်တဲ့အထိ လုပ်ပေးကြဖို့ မြောက်ဦးမြို့နယ် ပေါင်းတုတ်(ရိုဟင်ဂျာ)ကျေးရွာမှ ဦးနော်ဇူခန်က တောင်းဆို ပါတယ်။

“လေယာဉ်နဲ့လာပြီးတော့ မဟုတ်မမှန်လူတွေကို သတ်ပစ်တာ။ အဲဒီလူတွေကို စစ်ကောင်စီကို ရှိတဲ့ တရားစွဲလို့ရတဲ့ နေရာတွေမှာ သွားပြီးတော့ တရားစွဲချင်တယ်။ကျွန်တော့်ရည်ရွယ်ချက် အဲဒါတခုပါ။ ပြည်သူတယောက်အနေနဲ့ တောင်းဆိုရမယ်ဆိုရင်လေယာဉ်နဲ့ လာလို့ပစ်တဲ့လူတွေကို ဥပဒေအရ ထိရောက်အောင် အရေးယူပေးရဖို့အတွက်တခြားတိုင်းပြည်တွေမှာတရားရုံးရှိတယ်မဟုတ်လား၊အဲဒီမှာတရားစွဲပြီးတော့ … စိတ်ကျေနပ်အောင်လုပ်ပေးရမှာကို တာဝန်ရှိပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ကျောက်တော်မြို့မှ ဘာသာရေးဆရာတဦးဖြစ်တဲ့ ရှိုင်ခိုလ်အစ္စလာမ်ကလည်း “မီဒီယာကနေတဆင့် တောင်းဆိုချင်တာက ဒီလိုဖြစ်ရပ်ချည်းဖြစ်နေရင် အာရက္ခပြည်မှာရှိတဲ့ ရခိုင်ပြည်မှာရှိတဲ့လူသားမျိုးနွယ်စု ပျောက်ကွယ်သွားဖို့ အခြေအနေရှိနေပါပြီ။.. မလုပ်ပါနဲ့ တားချင်ပါတယ်။ ကျွန်တော်တို့မတားနိုင်ရင်တောင် နိုင်ငံတကာအသိုက်အဝန်း ကနေ ပြီးတော့ …ဒီသူတို့(စစ်တပ်)က မလုပ်ရအောင် တားမြစ်ဖို့ပြောချင်ပါတယ်” လို့သူ့ဆန္ဒကို ပြောပါတယ်။

ကျောက်တော်ဒေသခံ မောလဝီ ဖိုယ်ဆောလ်ကတော့ ရခိုင်ပြည်တွင်း နေထိုင်ရသူတွေဟာ လုံခြုံမှုလုံး၀မရှိတာ ကြောင့်ကယ်တင်ပေးကြဖို့နဲ့ စစ်ခေါင်းဆောင်ကို အရေးယူပေးကြဖို့ တောင်းဆိုပါတယ်။

“မင်းအောင်လှိုင်ကို ကြိုးမိန့်ပေးဖို့လည်း တောင်းဆိုပါတယ်။ ICJ လိုမျိုး အပြည်ပြည်ဆိုင်ရာတရားရုံးတွေကို ခေါ် သွားဖို့ တောင်းဆိုချင်ပါတယ်။ မြန်မာအစိုးရဟာ တကယ့်ကို အကြမ်းဖက်မှုတွေ လုပ်ပြီးတော့ လူ့အခွင့်အရေးကို လည်း ချိုးဖောက်နေတာဖြစ်ပါတယ်။ ဒါကို တကမ္ဘာလုံးကို အသိပေးချင်ပါတယ်” လို့ ပြောပါတယ်။

ရခိုင်ဒေသခံအရပ်ဖက်အဖွဲ့တွေဖြစ်ကြတဲ့ ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့၊ရခိုင်ပြည်လုံးဆိုင်ရာလူငယ်အဖွဲ့အစည်းများကွန်ရက်၊ ရခိုင်အရပ်ဖက် အစည်းများကွန်ရက်၊Arakan Against Dictatorship(AAD) တို့ ကလည်း စစ်တပ်ရဲ့ဗုံးကြဲမှုဟာဂျီနီဗာကွန်ဗန်းရှင်း အပါအဝင် အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထား မှုဆိုင်ရာဥပဒေတွေနဲ့ ကုလသမဂ္ဂပဋိညာန်တွေကို ပြောင်ပြောင်တင်းတင်းချိုး ဖောက်လိုက်တဲ့ စစ်ရာဇဝတ်မှုဖြစ် ပြီး ပြင်းထန်စွာရှုတ်ချတယ်လို့ ထုတ်ပြန်ထားပါတယ်။

“ဒီလောက် စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့သူတယောက်ကိုဘာလို့ ICC တို့ ICJ တို့ကိုမတင်ရလဲ၊ပြည်သူတွေဒီလောက်နစ်နာဆုံးရှုံးတယ်၊ ပျက်စီးတယ်၊အဲဒါကို ဘာဖြစ်လို့ မလုပ်လဲ၊ နိုင်ငံတကာအပါအဝင် ကုလသမဂ္ဂလူ့ အ ခွင့်အရေးကောင်စီအနေနဲ့ မင်းအောင်လှိုင်အစိုးရကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်စေချင်တယ်လို့ ပြောချင်ပါတယ်” လို့ ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့၊ ဒါရိုက်တာ ဦးမြတ်ထွန်းကပြောပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၊ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုကာတာ့ခ်၊ အင်ဒို – ပစိဖိတ်ရေးရာဝန်ကြီးBaroness Winterton တို့ကလည်း ကျောက်တော်မြို့ဗုံးကြဲမှုအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း၊အစုလိုက်၊ အပြုံလိုက်သေ ဆုံးရတဲ့ဖြစ်ရပ်အပေါ် အလွန်အမင်းစိုးရိမ်တုန်လှုပ်မိ ကြောင်း ထုတ်ပြန်ပြောဆိုလာကြပါတယ်။

ဒါဟာ အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံအဝှမ်း အရပ်သားတွေကို ဗုံးကြဲ၊ သတ်ဖြတ်စစ်ရာဇဝတ်မှု​တွေကျူးလွန်ထားတဲ့ ဖြစ်စဉ်ရာ​​ပေါင်းများစွာထဲက ဖြစ်ရပ်တခုမျှသာဖြစ်ပါ​သေးတယ်။

သမီးကြီးကို ဖိနပ်ဝယ်ပေးဖို့သွားရင် ရင်သွေးလေးနဲ့အတူကျောက်တော်၊ အိန္ဒိယစျေးဗုံးကြဲမှုမှာ သေဆုံးခဲ့ရတဲ့ မခင်မာနွယ်ရဲ့ အဒေါ်ကတော့ သူ့တူမလေးအပါအဝင် ကလေးငယ်တွေ၊ အမျိုးသမီးတွေကို အုပ်စုလိုက် သေဆုံး အောင် ဗုံးကြဲခဲ့တဲ့ အာဏာသိမ်းစစ်တပ်ဟာ တန်ပြန်အကျိုးသက်ရောက်မှုကို ခံစားရမှာဖြစ်တယ်လို့ ​ပြောပါတယ်။

“လူတွေကို နှိပ်စက်နေတဲ့အတွက်သူတို့လည်း ဝဋ်လည်လိမ့်မယ်၊ သူတို့ ဝဋ်နဲ့သူတို့ တန်ပြန်ခံရမှာပါ။”လို့ ​ပြောလိုက်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ၊ပုဏ္ဏားကျွန်းအစပ်ဝါဘိုကျွန်းနဲ့ကွမ်းတောင်ရွာအနီး ဒီနေ့ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း အင်အားသုံးဆယ်ဝန်းကျင်ရှိတဲ့စစ်တပ် စစ်ကြောင်းတစ်​ကြောင်းလုံးသေဆုံးခဲ့ပြီး​နောက်စစ်တပ်ဟာ ပုဏ္ဏားကျွန်းမြို့အနီးဝန်းကျင်နေရာတွေကို လေယာဉ်အုပ်လိုက်နဲ့ယ​နေ့ညမှာ ဗုံးကြဲနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေကပြောပါတယ်။

သတင်း

AA နဲ့အတူ လက်တွဲပြီး စစ်တပ်ကို တွန်းလှန်တိုက်ခိုက်မယ်လို့ အသိပေး

သတင်း

ရေဘေးနဲ့ မြေပြိုမှု ဘေးရင်ဆိုင်နေရတဲ့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ကို ဒီနေ့ စက်တင်ဘာ ၃၀ရက် ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနရဲ့ ဆက်သွယ်ရေးစခန်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတာဟာ ရန်သူက ဖမ်းမိသွားတဲ့ တပ်ပြေး၊နှုတ်ထွက် ရဲဘော်တွေနဲ့ ရန်သူ့ထံ ဘက်ပြောင်း ခိုလှုံသွားသူတွေရဲ့ သတင်းပေးထွက်ဆိုချက်ဟာ အဓိကအကြောင်းအရင်းဖြစ်တယ်လို့ စုံစမ်းသိရကြောင်း အထူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

Facebook