အောက်တိုဘာ-၁၆၊ ၂၀၂၆။ People’s Spring
စစ်တွေမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး မြို့အနောက်ဘက် ရေချမ်းပြင်အနီးက အာဏာသိမ်းစစ်တပ်ရဲ့ ကာကင်းစခန်းတစ်ခုကို အာရက္ခတပ်တော်(AA)က အောက်တိုဘာ ၁၅ရက် မနေ့က နေ့လယ်ပိုင်းမှာ သိမ်းပိုက်လိုက်တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်အခြေစိုက်ရာ စစ်တွေမြို့ပတ်လည်ရှိ အမြင့်ကျွန်း၊ ရွှေမင်းဂံ၊ တောကန်၊ ရေချမ်းပြင်တို့အနီးဝန်းကျင်ရှိ စစ်တပ်စခန်းတွေကို AAက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ရေချမ်းပြင်အနီးက ကာကင်းစခန်းကို သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။
ရေချမ်းပြင်ဝန်းကျင်မှာ ပြီးခဲ့တဲ အောက်တိုဘာ ၅ ရက်ကစပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေခဲ့ကာ တိုက်ပွဲ ၁၀ရက်အတွင်း တပ်စခန်းတခု သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် စစ်တွေမြို့မြောက်ဘက် အမြင့်ကျွန်း ရွာဝန်းကျင်က ကာကင်းစခန်းနှစ်ခုကိုလည်း AAက အောက်တိုဘာ ၁၀ ရက်နဲ့ ၁၁ ရက်တို့မှာ ရက်ဆက်သိမ်းပိုက်ခဲ့ပြီး လက်ရှိမှာလည်း တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

Public Service Announcement
အလားတူပဲ ရွှေမင်းဂံရေတပ်စခန်းရဲ့ကာကင်းတွေဖြစ်တဲ့ ကံ့ကော်ကျွန်း၊ ဇော်မတက်၊ ရွှေမင်းဂံရွာဝန်းကျင်၊ ဒကစ စစ်တွေအနီးဝန်းကျင် တောကန်၊ နာရီကန်ဝန်းကျင်တို့မှာလည်း နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တွေမြို့ထဲကနေ ပစ်ခတ်သံတွေ ကျယ်ကျယ်လောင်လောင်ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲက မြို့နဲ့ တော်တော်နီးလာပြီလို့ စစ်တွေမြို့ခံတစ်ဦးက ပြောပါတယ်။
အဲဒီလို့ စစ်တွေမြို့ပတ်လည်က စစ်တပ်စခန်းတွေ တိုက်ခိုက်ခံရပြီး ဆက်တိုက်လက်လွှတ်နေရတဲ့ စစ်တပ်ဟာ စစ်တွေမြို့အရှေ့ဘက်ရှိ ပေါက်တောမြို့နယ် ငပြီကျွန်းပေါ်မှာလည်း တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တပ်ဟာ ငပြီကျွန်းပေါ်ကို ကမ်းတက်ဖို့ ကြည်း၊ ရေ၊ လေ ပစ်ကူသုံးခဲ့ပေမယ့် အထိနာနေတယ်လို့ သိရပါတယ်။
ငပြီကျွန်းပေါ်တိုက်ပွဲမှာ နှစ်ဖက်အထိအခိုက်ရှိနေပြီး စစ်တပ်ဘက်က အလောင်း ၄၀ နဲ့ အရှင်ဖမ်းမိတာ ၂၀ ဝန်းကျင် ရှိထားတယ်လို့ AA သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်တွေမှာတော့ ရခိုင်တိုက်ပွဲတွေမှာ စစ်တပ်က အသာရနေပြီး AA အထိနာနေတယ်လို့ ဝါဒဖြန့်နေတာတွေ့ရပါတယ်။
ဒါပေမဲ့ ရခိုင်မြေပြင်သတင်းရင်းမြစ်တွေကတော့ စစ်တပ်ဟာ စစ်ဆင်ရေးတလကျော်ကာလအတွင်း စစ်တွေမြို့နယ်အတွင်းက စစ်တပ် စခန်း ၁၂ ခု၊ ပေါက်တောမြို့နယ်က ၁ ခု၊ ကျောက်ဖြူမြို့နယ်က ၂ ခု၊ မင်းတုန်းမြို့နယ်က ၁ ခု စုစုပေါင်းစစ်တပ်စခန်း ၁၆ ခုထက်မနည်းကို လက်လွှတ်ခဲ့ရပြီး တိုက်ပွဲတွေအတွင်း စစ်တပ်က သေဆုံးသူ ရာနဲ့ချီနေပြီလို့ ပြောပါတယ်။
















































